အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နမ္မတီးမြို့တွင် စစ်တပ်ကပစ်၍ အမျိုးသားတစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ပေါ်၌ ယမန်နေ့(မေ ၁၀)က ညမထွက်ရအမိန့်ကျော်လွန်ချိန်နောက်ပိုင်း သွားလာနေသည့် ပြည်သူအချို့ကို စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သဖြင့် အမျိုးသား ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိထားကြောင်း မြို့ခံများက ပြောသည်။

ည ၉နာရီ ခွဲခန့်က နမ္မတီးမြို့ အထကကျောင်းလမ်းနှင့် သီတာဦးလမ်းထောင့်၌ လူနှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်တစ်စီးကို စစ်တပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဦးခေါင်းကျည်ထိမှန်ဒဏ်ရာရ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဒေသအခြေစိုက် ပရဟိတအဖွဲ့တစ်ခုကလည်း အတည်ပြုသည်။

“အဲဒီနားမှာ နေတဲ့သူတွေကတော့ ဆိုင်ကယ်ကို အော်ပြီးရပ်ခိုင်းနေတယ်တဲ့။ နောက်တော့ မရပ်တော့ ပစ်လိုက်တယ်လို့ ပြောတယ်။ မနေ့က သူ့ကို နမ္မတီးတိုက်နယ်ဆေးရုံ ပို့ထားတယ်။ စစ်တပ်က အဲဒီဆေးရုံမှာ တပ်စွဲထားတယ်”ဟု ပရဟိတသမားတစ်ဦးက ပြောသည်။

ဆေးရုံ၌ စစ်တပ်က တပ်စွဲထားသောကြောင့် သေဆုံးသူအမျိုးသားမှာ မိုးကောင်းမြို့နယ် နယန်းရွာသားတစ်ဦးဖြစ်ကြောင်းသာ အတည်ပြုနိုင်သေးပြီး မည်သူမည်ဝါကိုမူ အတိအကျမသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သေဆုံးခဲ့သူမှာ ဆိုင်ကယ်နောက်မှ စီးနင်းလိုက်ပါလာသူဖြစ်ပြီး မောင်းနှင်လာသူမှာမူ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့များ ရန်ရှာနိုင်ခြေရှိ၍ ထွက်ပြေးပုန်းအောင်းနေရသဖြင့် ဒဏ်ရာအခြေအနေအသေးစိတ်ကို မသိရသေးဟု မြို့ခံတစ်ဦးက ပြောသည်။

“ဆိုင်ကယ်မောင်းတဲ့သူက ရှောင်နေတယ်။ သူတို့ကို လက်နက်တွေနဲ့ဆိုပြီး စွပ်စွဲထားတယ်လို့ ပြောတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါဖြစ်စဉ်မတိုင်ခင် ည ၉နာရီဝန်းကျင်ကလည်း ငါးဖမ်းပြန်လာသူ လူငယ် ၅ ဦးကို နမ္မတီးမြို့ မြို့သာရပ်ကွက်တွင် ပစ်ခတ်ရာ အသက် ၂၃ နှစ်ဝန်းကျင် လူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ခြေထောက်ကျည်ထိမှန်သူ အမျိုးသားကို စစ်တပ်က ခေါ်ဆောင်သွားပြီး ဘယ်ဘက် လက်မောင်းကျည်ထိမှန်သူတစ်ဦးမှာမူ ထွက်ပြေးတိမ်းရှောင်နေရ၍ ဒဏ်ရာအခြေအနေအသေးစိတ်ကို မသိရသေးဟု မြို့ခံများက ပြောသည်။

နမ္မတီးမြို့၌ စစ်တပ်က ထိုသို့ပစ်ခတ်နေခြင်းမှာ လွန်ခဲ့သောနှစ်ရက်(မေ၈)ညက စစ်ကောင်စီတပ်ဖွဲ့ကို သတင်းပေးနေသည်ဟု ယူဆရသူ (ဒလန်) တစ်ဦး၏ နေအိမ်နှင့် စစ်တပ်က တပ်စွဲထားသည့် အ.ထကကျောင်းရှေ့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သောကြောင့်ဖြစ်သည်ဟု မြို့ခံအချို့က ယူဆထားကြသည်။

“အဲဒီနောက်ပိုင်း မြို့နယ်ထွေအုပ်ရုံးမှာ အလုံးအရင်းနဲ့ တပ်ပြောင်းစွဲတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

နမ္မတီးမြို့တွင် ည ၈နာရီမှ မနက် ၄နာရီအထိ ညမထွက်ရအမိန့် စစ်ကောင်စီက ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရဲနှင့် စစ်သားတို့၏ လက်ချက်ကြောင့် မေ ၁၀ရက်အထိ သေဆုံး သူ ၇၈၁ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

စစ်ကောင်စီကမူ AAPP ၏စာရင်းမှားယွင်းနေကြောင်း ၎င်း၏ ဝါဒဖြန့်သတင်းစာများမှတစ်ဆင့် ဧပြီ ၃၀နှင့် မေ ၂ ရက်နေ့များက ငြင်းဆိုထားသည်။ စစ်ကောင်စီပြောခွင့်ရသူက ဧပြီလဆန်းပိုင်း CNN သတင်းဌာနနှင့် တွေ့ဆုံမှုတွင် ရဲ ၁၀ဦး၊ စစ်သား ၆ဦးအပါအဝင် သေဆုံးသူ စုစုပေါင်း ၂၄၈ဦးသာရှိကြောင်း ပြောထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button