အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အဖမ်းခံရသည့် MMA ချန်ပီယံ ဖိုးသော်ဘက်မှ ဘဝတူကစားသမားများ ရပ်တည်

ထိန်းသိမ်းခံနေရသော MMA ချန်ပီယံ ဖိုးသော်သည် ဗုံးပေါက်ကွဲမှုဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိထားသော်လည်း ကြုံတွေ့နေရသည့် အခြေအနေများကို ကြံ့ကြံ့ခံရင်ဆိုင်မည်ဟု ယုံကြည်ကြောင်း ကယန်းအမျိုးသမီး MMA ကစားသမား အန်တိုနီယာက ပြောသည်။ 

“စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ကြားတယ်။ သူ အသက်အန္တရာယ် မစိုးရိမ်ရဘူးဆိုတာ ဝမ်းသာစရာပေါ့။ ဝေဒနာတွေ အမြန်ဆုံး သက်သာပျောက်ကင်းဖို့ ဆုတောင်းပေးရမယ်။ ကိုဖိုးသော်က စိတ်ဓာတ်ကြံ့ခိုင်ပြီးသားပါ” ဟု ကိုယ်ခံပညာအားကစားသမားတစ်ဦးဖြစ်သော ဘိုဇဟီနာအန်တိုနီယာ (Bozhena Antoniyar) က ပြောသည်။

မေ ၅ ညပိုင်းက ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ Team PT သင်တန်းခန်းမအတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး ဖိုးသော် ဒဏ်ရာရသွားသောကြောင့် ဆေးရုံတစ်ရုံတွင် ခွဲစိတ်ကုသရန် ပြင်ဆင်နေစဉ် စစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ 

Mixed Martial Arts ခေါ် ကိုယ်ခံပညာသိုင်းပေါင်းစုံကစားနည်းကို ရန်ကုန်တွင် သင်တန်းဖွင့်လှစ်သင်ကြားနေသော ဖိုးသော်သည် MMA One Championship ပြိုင်ပွဲဝင် အားကစားသမားလည်းဖြစ်သည်။

ဖိုးသော်သည် လက်လုပ်မိုင်းပြုလုပ်ရန် ကြိုးစားရင်း ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းစာ၌ ဖော်ပြခဲ့ပြီး အကြမ်းဖက်မှုများတွင် အသုံးပြုရန် လက်လုပ်မိုင်းလုပ်သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။ ၎င်းကို ဆေးရုံလိုက်ပို့သော လူငယ်သုံးဦးကိုပါ စစ်ကောင်စီက ဖမ်းဆီးထားသည်။

“ကိုဖိုးသော် ဒီလိုဖြစ်သွားတာ စိတ်မကောင်းဘူး။ ထင်လည်းထင်မထားဘူး။ တကယ့်ကို ရင်ကျိုးရပါတယ်။ ရင်နာရတယ်။ လိုအပ်တဲ့အချိန်မှာ သူ့အနား ရှိမနေနိုင်တဲ့အတွက် ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး။ အားလုံး သူ့အတွက် ဆုတောင်းပေးကြပါ။ ကိုဖိုးသော်လည်း Stay Strong ပါလို့။ အရေးတော်ပုံပြီးရင် ပြန်တွေ့ကြမယ်” ဟု အန်တိုနီယာက ဆိုသည်။

MMA ချန်ပီယံ အောင်လအင်ဆန်ကလည်း ဖိုးသော် ပြန်လည်သက်သာလာရေးအတွက် ဆုတောင်းကြောင်း မေ ၆ ရက်နေ့က သူ၏ facebook စာမျက်နှာတွင် ရေးသားထားသည်။ 

“ကျနော် သိသလောက်တော့ သူက လူကောင်းတစ်ယောက် ဖြစ်တယ်။ သွေး ပုံမှန်လှူတယ်။ သူ့ပတ်ဝန်းကျင်မှာရှိသူတွေအတွက် စိတ်ရောလူပါ ကူညီတတ်တယ်” ဟု အောင်လအင်ဆန်က ရေးထားသည်။

ရန်ကုန်ဇာတိ ဖိုးသော်သည် ဒဂုံတက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်ပြီး ပရဟိတလုပ်ငန်းများ လုပ်ကိုင်တတ်သူ၊ သွေးလှူဒါန်းသူတစ်ဦးဖြစ်သည်ဟု One Championship အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။ 

ဖိုးသော်သည် စစ်ကောင်စီအား ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုထားကာ ဆန္ဒပြနေသော လူငယ်များကိုလည်း ၎င်းတို့အဖွဲ့က လိုက်လံစောင့်ရှောက်ပေးခဲ့သည်။

လက်ရှိတွင် အားကစားများအပါအဝင် အနုပညာရှင်များ၊ ထင်ရှားကျော်ကြားသူများကို စစ်ကောင်စီက ဖမ်းဆီးရန် ကြိုးပမ်းနေသောကြောင့် အများစုမှာ တိမ်းရှောင်နေရသည်။ 

လူသိများထင်ရှားသူများသည် စစ်ကောင်စီက မတရားအသင်းကြေညာထားသော NUG နှင့် ပူးပေါင်းကာ ပြည်သူများအကြား အကြောက်တရားဖြစ်ပေါ်အောင် သွေးထိုးလှုံ့ဆော် အကြမ်းဖက်နေသောကြောင့် ၎င်းတို့ကို အရေးယူသွားမည်ဟု ဝါဒဖြန့်မီဒီယာ မြဝတီသတင်းစာမှတစ်ဆင့် စစ်တပ်က ကြေညာထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button