သတင်း

စစ်ကောင်စီကို ရင်ဆိုင်တိုက်ရန် CDM ဗိုလ်မှူးဦးစီးသည့် စစ်သင်တန်းဖွင့်

အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင် ရင်ဆိုင်တိုက်ခိုက်ရန် စစ်ပညာသင်တန်းတစ်ခုကို မြန်မာပြည်နယ်စပ်တစ်ခုတွင် ယနေ့ (မေ ၈) နံနက်ပိုင်းက စတင်ဖွင့်လှစ်လိုက်သည်။

စစ်သင်တန်းကို ဦးဆောင်သင်ကြားသူမှာ မန္တလေးတိုင်း၊ မိတ္ထီလာအခြေစိုက် တပ်မ ၉၉ တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ကောင်စီကို အာဏာဖီဆန်ခဲ့သူ ဗိုလ်မှူးဟိန်းသော်ဦးဖြစ်သည်။

တရားသောစစ်ကို ဆင်နွှဲရန်အတွက် လက်နက်ကိုင်ရန် မဖြစ်မနေလိုအပ်နေကြောင်း၊ တရားသည့်ဘက်တွင် ရပ်တည်သည်ဟု ယုံကြည်ပါက ပြင်းပြင်းထန်ထန်ကြိုးစားရန်လိုအပ်ပြီး စစ်ကောင်စီနှင့် ရင်ဆိုင်တိုက်ပွဲများမှာ အချိန်မရွေးပေါ်ပေါက်လာနိုင်သည်ဟု ဗိုလ်မှူးဟိန်းသော်ဦးက သင်တန်းသားများကို ပြောသည်။

“တိုက်ပွဲဆိုတာက ဘာမှမျှော်လင့်ထားလို့မရဘူး။ သူတို့က ကိုယ့်ဆီလာတာ ဖြစ်နိုင်သလို ကိုယ်ကလည်း သူတို့ဆီသွားတာ ဖြစ်နိုင်တယ်။ တိုက်ပွဲတွေဖြစ်လာနိုင်တာ ဒီနေ့လည်း ဖြစ်နိုင်သလို မနက်ဖြန်လည်း ဖြစ်နိုင်တယ်” ဟု ၎င်းက ပြောသည်။

အခြေခံစစ်သင်တန်းတွင် စစ်ပညာအပြင် ကျန်းမာရေး၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာနှင့် လက်မှုပညာများလည်း သင်ကြားပေးသွားမည်ဖြစ်သည်ဟု ဗိုလ်မှူးဟိန်းသော်ဦးက Myanmar Now ကို ပြောသည်။

“ပြည်သူကို အကျိုးမဲ့၊ အကြောင်းမဲ့ သတ်နေတာမျိုးတွေကတော့ ကျုပ်တို့အနေနဲ့ လက်မခံနိုင်ဘူး။ ပြည်သူကလည်း လက်မခံဘူး။ ခင်ဗျားတို့ ဘယ်လောက်တောင့်ခံနိုင်နိုင် တပ်မတော်သည်လည်း လက်ရှိတပ်မတော်ထဲမှာ နေနေတဲ့ မိစ္ဆာတပ်ထဲကလူတွေလည်း အချိန်တန်ရင် သေကြမှာပဲ” ဟု ၎င်းက ပြောသည်။

ထိုစစ်သင်တန်းတွင် မြန်မာပြည်အနှံ့အပြားမှ အသက် ၂၀ နှင့် ၃၅ နှစ်ကြား လူငယ်အများအပြား တက်ရောက်နေကြပြီး စစ်ကောင်စီ၏ ရက်စက်စွာ နှိမ်နင်းမှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရသည်ဟု သင်တန်းသားအများစုက တညီတညွတ်တည်းပြောသည်။

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို နိုင်ငံအနှံ့ ရက်စက်စွာအကြမ်းဖက်မှုဖြစ်စဉ်များစွာ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်များအနက် ဧပြီ ၉ တွင် စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းသုံး၍ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ရပြီးနောက် အပြစ်မဲ့ ပြည်သူအများအပြား သေဆုံးခဲ့ရသည်ဟု ဒေသအခြေစိုက် ပရဟိတအဖွဲ့များက အတည်ပြုသည့် ပဲခူးမြို့ဖြစ်ရပ်မှာ ထင်ရှားသည်။

ဗိုလ်မှူးဟိန်းသော်ဦး ဦးစီး၍ ယနေ့(မေ၈)တွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ စတင်ဖွင့်လှစ်သော စစ်သင်တန်းတွင် ပဲခူးမြို့ဖြစ်စဉ်ကို ကိုယ်တိုင်ကိုယ်ကျကြုံတွေ့ခဲ့ရသူ လူငယ်တစ်ဦးလည်း တက်ရောက်နေသည်။

ထိုစဉ်က စစ်ကောင်စီ၏ တပ်များသည် ပဲခူးမြို့အရှေ့ခြမ်းရှိ ပုဏ္ဏားစု၊ မှော်ကန်၊ ဆိုရှယ်လစ် စသည့် ရပ်ကွက်များတွင် နေရာယူထားပြီး တွေ့သမျှ လူငယ်၊လူရွယ်များကို လိုက်လံ ဖမ်းဆီးနှိပ်စက်နေသည့်အတွက် မြို့မှ ထွက်ခွာလာခဲ့ပြီး လက်နက်ကိုင်တိုက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

စစ်အာဏာသိမ်းချိန်မှစ၍ မေ ၇ ထိ စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၇၇၃ ဦး သေဆုံးခဲ့၍ပြီး အတိအကျအရေအတွက်မှာ ထို့ထက်ပိုမိုနိုင်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့ (မေ ၇) က ထုတ်ပြန်ထားသည်။    

အဆိုပါအခြေအနေ၌ လက်နက်အားကိုးဖြင့် ပြည်သူလူထုကို အနိုင်ကျင့်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်တပ်ကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ဗိုလ်မှူးဟိန်းသော်ဦးက အခိုင်အမာပြောသည်။

“အနိုင်ကျင့်ရဲတယ်ဆိုတဲ့ကောင်တွေ၊ ကိုယ်ကိုယ်တိုင် သူများကို သတ်ရဲတဲ့ကောင်တွေ၊ ကိုယ်တိုင်သေရဲဖို့တော့ စဉ်းစားထားပေါ့” ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်နိုင်ရန် နိုင်ငံ့အကျိုးဆောင်ရွက်မည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲရန်ရှိသလို အချို့သောအဖွဲ့အစည်းများနှင့် ဆက်ဆံရေးထူထောင်ထားပြီးဖြစ်သည်ဟု ဗိုလ်မှူးဟိန်းသော်ဦးက ဆက်ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (​NUG) ကလည်း အနာဂတ်တွင် ဖက်ဒရယ်တပ်မတော်တည်ထောင်နိုင်ရန် တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး ရှေ့ပြေးအဖြစ် ပြည်သူ့တပ်မတော် (People Defence Force) ကို ကာကွယ်ရေးဆိုင်ရာမူဝါဒများနှင့်အညီ ဖွဲ့စည်းလိုက်ကြောင်း မေ ၅ က ထုတ်ပြန်ထားပြီးဖြစ်သည်။

Show More

Related Articles

Back to top button