သတင်း

မန္တလေးတွင် တရုတ်နွယ်ဖွားနှစ်ဦး ပစ်ခတ်ခံရမှု မတော်တဆဟု စစ်ကောင်စီထုတ်ပြန် 

မန္တလေးမြို့တွင် ယမန်နေ့ (မေ ၅) က တရုတ်နွယ်ဖွားနှစ်ဦး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးခဲ့သည်ကို မတော်တဆ ထိခိုက်သေဆုံးခြင်းဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသားဖြစ်သူ အဆိုပါ တရုတ်နွယ်ဖွားနှစ်ဦးမှာ မန္တလေးမြို့ အလုပ်သမားဆေးရုံတွင် ကိုဗစ်နိုင်တင်း (Covid-19) ကိုဗစ်ကာကွယ်ဆေးထိုးပြီး ပြန်အထွက်တွင် စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်ခြင်းခံခဲ့ရသူဖြစ်သည်။

အောင်မြေသာစံမြို့နယ်တွင် ဆိုင်ကယ်မောင်းလာသည့် အမျိုးသားတစ်ဦးက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီးရာ အလုပ်သမားဆေးရုံရှေ့တွင် ရပ်ထားသည့် ကားပေါ်မှ လူနှစ်ဦးကို မတော်တဆထိမှန်ခဲ့ကြောင်း ယနေ့ (မေ ၆) ထုတ် စစ်ကောင်စီသတင်းစာများတွင် ဖော်ပြထားသည်။ 

ထိုသို့ ထိမှန်မှုကြောင့် အသက် ၂၄ နှစ်အရွယ် ကိုသိန်းသန်းထွန်းမှာ ဝဲဘက်ပါးရှပ်ထိဒဏ်ရာတစ်ချက်၊ အသက် ၃၀ အရွယ် မနီနီဝင်း(ခ) အားဝေမှာ ဝဲမျက်လုံးတွင် မတော်တဆ ဒဏ်ရာရရှိခဲ့ပြီး အထွေထွေရောဂါကုဆေးရုံကြီးသို့ အချိန်မီပို့ဆောင်ခဲ့သော်လည်း မနီနီဝင်းမှာ ရရှိဒဏ်ရာဖြင့် သေဆုံးသွားကြောင်းလည်း ဖော်ပြထားသည်။

ထို့ပြင် မတော်တဆထိခိုက်သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။ 

လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေးသဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးရာမှ မတော်တဆထိမှန်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက လိမ်လည်ထုတ်ပြန်ထားသော်လည်း လိုက်လံဖမ်းဆီးခံရသူများမှာ မုန့်ပိုသည့်လူငယ်များဖြစ်ကြောင်း မန္တလေးမြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

“လက်လုပ်မိုင်းပစ်တာ မဟုတ်ဘူး။ ဝေဖာ(မုန့်)ပို့တဲ့ကောင်လေးတွေ အဲ့ကောင်လေးနှစ်ယောက်က။ ပစ်တာ သူတို့ကို မမှန်ဘူး၊ ကိုဗစ်ကာကွယ်ဆေးလာထိုးတဲ့သူကို မှန်သွားတာ” ဟု ၎င်းက ဆိုသည်။

ကားနောက်ခန်းတွင် ထိုင်နေသည့် မနီနီဝင်း(ခ)အားဝေမှာ မျက်ခုံးမှ ကျည်ဖောက်ထွက်ဒဏ်ရာရရှိခဲ့ရာ ဆေးရုံပို့စဉ် သေဆုံးခဲ့ပြီး ပါးရှပ်ထိပြီး ဒဏ်ရာရခဲ့သည့် ကားရှေ့ခန်းမှ ကိုသိန်းသန်းထွန်းမှာ မင်္ဂလာဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်းလည်း အထက်ပါမြို့ခံက ပြောသည်။

စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့ရသူများကို မတော်တဆသေဆုံးခဲ့ရလေဟန် စစ်ကောင်စီက သတင်းထုတ်ပြန်လျက်ရှိရာ မေ ၃ ရက်နေ့ထုတ် သတင်းစာတွင်လည်း စစ်ကောင်စီလက်နက်ကိုင်များကြောင့် သေဆုံးခဲ့ရသူအချို့နှင့် ပတ်သက်၍ လိမ်လည်သတင်းထုတ်ပြန်ထားသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်နေစဉ် စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်လိုက်သည့် ကျည်ဆန်ထိမှန်ကာ သေဆုံးခဲ့ရသူ နေပြည်တော်မှ မမြသွဲ့သွဲ့ခိုင်နှင့် မန္တလေးမှ မကြယ်စင်တို့မှာ ဆန္ဒပြသူအချင်းချင်း ပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့ရသူများနှင့် ပတ်သက်၍ ဓာတ်ပုံနှင့် ရုပ်သံအထောက်အထားများ ရှိနေသည့်အပြင် နိုင်ငံတကာကပါ လက်ခံထားပြီးဖြစ်သော်လည်း စစ်ကောင်စီက ၎င်း၏ ဝါဒဖြန့်သတင်းစာများမှတဆင့် မကြာခဏ လိမ်လည်ထုတ်ပြန်လျက်ရှိသည်။ 

Related Articles

Back to top button