ဖက်ဒရယ်တပ်မတော် တည်ထောင်နိုင်ရန် တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး ရှေ့ပြေးအဖြစ် ပြည်သူ့တပ်မတော် (People Defence Froce) ကို ကာကွယ်ရေးဆိုင်ရာမူဝါဒနှင့်အညီ ဖွဲ့စည်းလိုက်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ (မေ ၅) တွင် ထုတ်ပြန်လိုက်သည်။
အကြမ်းဖက်စစ်ကောင်စီသည် တရားဝင်ပြည်သူ့အစိုးရထံမှ နိုင်ငံတော်အာဏာကို အဓမ္မလုယက်ပြီး အစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားပြီး ပြည်သူများကို နှိပ်စက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း စသည့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးကိုလည်း အဟန့်အတားပြုလုပ်လျက်ရှိကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
နှစ်ပေါင်း ၇၀ ကျော်ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရန်၊ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန်နှင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းနိုင်ရန် တာဝန်ရှိလာကြောင်း ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
သို့သော် ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် မည်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်မည်၊ မည်သည့်ဒေသတွင် အခြေစိုက်မည်ဆိုသည့်အချက်များကိုမူ NUG ၏ ထုတ်ပြန်ချက်တွင် မပါဝင်ပေ။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ဧပြီ ၁၆ တွင် ဖွဲ့စည်းခဲ့ပြီး ဝန်ကြီးဌာနဝန်ကြီးများ၏ အမည်များကို ထုတ်ပြန်ကြေညာခဲ့ရာ အစိုးရသစ်၏ ကာကွယ်ရေးဝန်ကြီးအဖြစ် NLD ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်(ခ) မောင်တင်သစ်ကို ခန့်အပ်ခဲ့သည်။
ကဗျာဆရာတစ်ဦးဖြစ်သူ ဦးရည်မွန်(ခ) မောင်တင်သစ်မှာ ပုဗ္ဘသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် တပ်မတော်ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ ဗိုလ်ချုပ်ဟောင်းဝေလွင်ကို ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ၂ ကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့သူဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (People Defence Force) တွင် ဖက်ဒရယ်ဒီမိုကရေစီလိုလားသူလူငယ်များ ပါဝင်သွားမည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်များနှင့်လည်း မဟာမိတ်ဖွဲ့ပြီး ပြည်သူကို ကာကွယ်စောင့်ရှောက်သွားရန် ရည်ရွယ်သည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဧပြီ ၁၆ သတင်းစာရှင်းလင်းပွဲတွင် Myanmar Now ကို ပြောကြားခဲ့သည်။
“ဖက်ဒရယ်အာမီ မတိုင်မီမှာ Federal Alliance ဆိုတဲ့ စုဖွဲ့မှုမျိုးလည်း ရှိလာနိုင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေအရ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ လေးလေးနက်နက်လည်း ရှိနေပါတယ်” ဟု ၎င်းက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုများစုစည်းပြီး တပ်ပေါင်းစုဖွဲ့စည်းနိုင်ရေးကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ဧပြီ ၂၇ တွင် ဆုံးဖြတ်ခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုဖွဲ့နိုင်ရေး NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့တွင် အရေးပါသူ ပုဂ္ဂိုလ် ၇ ဦးခန့်ပါဝင်ကြောင်း အပစ်ရပ် ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းငင်းက Myanmar Now ကို ပြောသည်။
NCA စာချုပ်တွင် လက်မှတ်မထိုးရသေးသည့် ကချင် (KIA)၊ ဝ (UWSA)၊ ရှမ်း (SSPP)၊ တအာင်း (TNLA)၊ ကိုးကန့် (MNDAA)၊ ရခိုင်(AA)၊ ကရင်နီ (KNPP) စသည့် တိုင်းရင်းသားလက်နက်ကိုင်များအားလုံးနှင့် ဆွေးနွေးနိုင်ရန် ရည်မှန်းထားကြောင်းလည်း ၎င်းက ပြောသည်။