ယနေ့ (မေ ၃) ညနေပိုင်းတွင် ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့နယ်ရှိ ကမ္ဘီလာရွာ၌ ဗုံးပေါက်ကွဲခဲ့ပြီး NLD ပါတီဝင် လွှတ်တော်အမတ်တစ်ဦးနှင့် CDM ရဲသုံးဦးအပါအဝင် စုစုပေါင်း ငါးဦးသေဆုံးခဲ့ကြောင်း ဒေသခံများက Myanmar Now ကို ပြောသည်။
ယနေ့ ညနေ ငါးနာရီခန့်တွင် ပြည်မြို့နယ် ဇီးအုပ်ကျေးရွာအုပ်စု ကမ္ဘီလာရွာ၌ ဗုံးသုံးလုံးဆက်တိုက် ပေါက်ကွဲခဲ့ရာ ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ရဲသုံးဦးနှင့် ခြံပိုင်ရှင်ရွာသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
အထက်ပါငါးဦး သေဆုံးခဲ့သည့်အပြင် အခြား CDM ရဲတစ်ဦးမှာလည်း လက်နှစ်ဖက်လုံး ဖြတ်တောက်လိုက်ရပြီး လက်ရှိတွင် ပြည်မြို့ ခုတင် ၅၀၀ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း အထက်ပါ ဒေသခံက ပြောသည်။
“ဗုံးက တော်တော်ပြင်းပါတယ် ကျွန်တော်တို့ သိရသလောက်တော့ ပါဆယ်ဘူးဖောက်ရာက ဗုံးပေါက်တာတဲ့ခင်ဗျ” ဟု ၎င်းက ဆက်ပြောသည်။
ဦးသက်ဝင်းလှိုင်အပါအဝင် CDM ရဲများသည် ကမ္ဘီလာရွာ၌ လာရောက်တိမ်းရှောင်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဗုံးပေါက်ပြီးမကြာမီ ရဲကားနှင့် စစ်ကား ၁၀ စီးခန့် ရောက်ရှိလာကြောင်း ပြည်မြို့ခံ တစ်ဦးကလည်း ပြောသည်။
သေဆုံးသူငါးဦး၏ ရုပ်အလောင်းကို ပြည်မြို့ ခုတင် ၅၀၀ ဆေးရုံရင်ခွဲရုံတွင် ထားရှိကြောင်းလည်း ၎င်းက ပြောသည်။
ပြည်မြို့နယ် ဇီးအုပ်ကျေးရွာအုပ်စု ကမ္ဘီလာရွာ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အခြေအနေကို Myanmar Now က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။