ဆောင်းပါးအမွေအနှစ်

မြောက်ဦးမှာ ထိန်းသိမ်းရမယ့် ရှင်သန်ဆဲအမွေအနှစ်နဲ့ ပြိုပျက်နေတဲ့ ခံ့ညားထည်ဝါမှု

မြောက်ဦး၊ ရခိုင်- မြန်မာနိုင်ငံရဲ့ အရေးပါဆုံး ယဉ်ကျေးမှုအမွေအနှစ်များအနက်က နေရာတစ်ခုဖြစ်တဲ့ ရခိုင်ရှေးမင်းနေပြည်တော် မြောက်ဦးမြို့ရဲ့သမိုင်းကို မှတ်တမ်းတင်ထားတဲ့ ရှေးဟောင်းသုတေသနပြတိုက်ဟာ စာလုံးပျက်ဆိုင်းဘုတ်ဟောင်းတစ်ခုရှိတဲ့ ခပ်ရိုးရိုး ခပ်ကုပ်ကုပ် တစ်ထပ်အဆောက်အအုံတစ်ခုပါပဲ။

နန်းတော်ရာဟောင်းနေရာမှာ တည်ရှိတဲ့ ဒီပြတိုက်မှာ အဓိကခန်းမကြီးတစ်ခုရှိပြီး ဘေးဘက်အခန်းသုံးခုမှာတော့ လက်ရာမြောက် ကျောက်ဆစ်ရုပ်တွေအပြင် သပ္ပာယ်တင့်တယ်လှတဲ့ ကြေးဗုဒ္ဓဆင်းတုတော်တွေ၊ လှပခံ့ညားစွာရှိနေတဲ့ ကျောက်ပြားတွေကို တွေ့ရပါတယ်။ ဒီထဲက လက်မှုအနုပညာအချို့ဟာ ၈ ရာစုနှစ်လောက်ကဖြစ်ပြီး အများအပြားကတော့ မြောက်ဦးခေတ် အထွတ်အထိပ်ကာလဖြစ်တဲ့ ၁၅ ရာစု၊ ၁၆ ရာစု လက်ရာတွေပါ။

နိမ့်လွန်းတဲ့ မျက်နှာကြက်၊ အားနည်းတဲ့ အလင်းရောင်၊ ခရီးသွားဧည့်သည်လာရောက်မှု နည်းပါးခြင်း၊ အဖိုးတန်ပစ္စည်းတွေကို ဖြစ်သလို ခင်းကျင်းထားတဲ့ ပုံစံနဲ့ ပြတိုက်ဟာ အမေ့ခံထားရတဲ့ ရှေးဟောင်းမြို့တော် စောင့်ရှောက်ထိန်းသိမ်းဖို့ အမြန်လိုအပ်နေတဲ့အခြေအနေကို ဖော်ပြနေပါတယ်။

စေတီပုထိုး အများအပြားရှိတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့ နေထွက်ချိန်ရှုခင်း (ဓာတ်ပုံ – သင်းလဲ့ဝင်း/Myanmar Now)

ရခိုင်ပြည်နယ်ကို ကျွန်မရောက်လာခဲ့ရတာက မြောက်ဦးမြို့ကို လည်ပတ်ကြည့်ရှုဖို့ မဟုတ်ဘဲ တိုင်းရင်းသားမီဒီယာဆွေးနွေးပွဲတစ်ခုမှာ ကူညီဆောင်ရွက်ပေးဖို့ပါ။ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့အကြား ဒီဇင်ဘာလတိုက်ပွဲဒဏ်တွေခံခဲ့ရတဲ့ ဒေသခံများနဲ့ ခရီးစဉ်အတွင်း တွေ့ဆုံမေးမြန်းဖို့လည်း စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် နာမည်ကျော် ဗျူရိုကရေစီစနစ်ကြောင့် ခွင့်ပြုချက်အဆင့်ဆင့် တောင်းဖို့ လိုအပ်နေတဲ့အတွက် အဲဒီလိုတွေ့ဆုံမယ့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

စစ်ဘေးသင့်ဒေသတွေကို သွားဖို့အတွက် စစ်တွေမှာရှိတဲ့ ပြည်နယ်ပြန်ကြားရေးဝန်ကြီးဌာန ခွင့်ပြုချက်လိုမယ်လို့ ကျွန်မကိုပြောပါတယ်။ ဒါပေမဲ့ ဝန်ကြီးဌာနကိုလည်းရောက်ရော နယ်စပ်ရေးရာ၊ လူဝင်မှုကြီးကြပ်ရေးအပါအဝင် ဌာနလေးခုက ထောက်ခံချက်ထပ်လိုပါမယ်လို့ ကျွန်မကို ပြောပြန်ပါတယ်။ အဲဒါတွေလုပ်ဖို့အတွက် အချိန်မရှိပါဘူး။ ကျွန်မ စစ်တွေကို ပြန်သွားပြီး ခွင့်ပြုချက်တွေ တောင်းဖို့ မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရတဲ့အချိန်ကို ငဲ့ပြီးတော့ ကျွန်မဟိုးအရင်ကတည်းက ရောက်ဖို့ တောင့်တခဲ့တဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိရာ မြောက်ဦးကိုပဲ လာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သေးငယ်ပြီး ဖုန်တွေထူနေတဲ့ ဒီမြို့လေးဟာ တစ်ချိန်က ခံ့ညားထည်ဝါမှုတွေရှိပြီး အခုတော့ တဖြည်းဖြည်း ယိုယွင်းပျက်စီးနေပြီဖြစ်တဲ့ ၁၅ ရာစုနဲ့ ၁၆ ရာစု ဗုဒ္ဓဘာသာဘုရားကျောင်းတွေအကြားမှာ သက်ဝင်လှုပ်ရှားနေဆဲပါ။

မြောက်ဦးမြို့ စေတီပရိဝုဏ်တစ်ခု (ဓာတ်ပုံ – သင်းလဲ့ဝင်း/Myanmar Now)

ရှေးခေတ်ဟောင်းအငွေ့အသက်

မြောက်ဦးစေတီတွေဟာ ညိုညိုမှောင်မှောင် အရောင်အဆင်းနဲ့ပါ။ တည်ဆောက်ထားတဲ့ အုတ်တွေဟာလည်း ဒေသရဲ့ ပူပြင်းတဲ့ နွေရာသီတွေ၊ အားကောင်းတဲ့ မိုးရာသီတို့ကြောင့် ဖြစ်လာတဲ့ ရေညှိတွေ တက်နေပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ တွေ့မြင်နေကျ ရွှေပိန်းနေအောင်ချထားတဲ့ ဘုရားတွေလိုမဟုတ်ဘဲ အဆောင်အယောင်တွေ၊ အဆင်တန်ဆာတွေမရှိတဲ့ ရှေးခေတ်ဟောင်းရဲ့ အငွေ့အသက်ကို ပေးပါတယ်။ တချို့ဘုရားတွေမှာ အမိုးတွေမရှိတော့သလို ဆင်းတုတွေ၊ စေတီတွေရဲ့ နံဘေးမှာ သစ်ပင်ချုံနွယ်တွေပေါက်နေလို့ ဒီမြင်ကွင်းတွေက ရှေးခေတ်ကာလကို ပြန်ပြောင်းမှန်းဆမိစေပါတယ်။

အတွင်းပိုင်းမှာတော့ ခံ့ခံ့ညားညား ထည်ထည်ဝါဝါပါပဲ။ ရှည်လျားတဲ့ ကျောက်လမ်းတစ်လျှောက် ရုပ်ပုံအသေးလေးတွေ အနုစိတ်ထုဆစ်ထားပြီး ပုံစံမျိုးစုံ၊ အရွယ်မျိုးစုံ ဗုဒ္ဓဆင်းတုတော်တွေကလည်း ထောင်နဲ့ချီရှိနေပါတယ်။ မြောက်ဦးဟာ နိုင်ငံအလယ်ပိုင်း ရှေးဟောင်းမြို့တော်ပုဂံမှာလောက် ဘုရား၊ စေတီတွေ မများပါဘူး။ ပုဂံမှာကတော့ ခရီးသွားလုပ်ငန်းတွေ၊ အစိုးရနဲ့ အဆက်အသွယ်ကောင်းတဲ့ ကုမ္ပဏီတွေရဲ့ ဟိုတယ်လုပ်ငန်းတွေထူထောင်ဖို့ ရှေးဟောင်းအမွေအနှစ်ဇုန်ထဲမှာ နေထိုင်သူ ရွာသားတွေကို အာဏာပိုင်တွေက ဖယ်ရှားခဲ့ပါတယ်။

ဒီမှာတော့ ဒီလိုမဟုတ်ပါဘူး။ သမိုင်းထဲက မြို့တော်ဟာ တိုင်းရင်းသားရခိုင်လူမျိုးတို့ရဲ့ နေ့စဉ်ဘဝနဲ့ တစ်သားတည်းရှိနေတာမို့ ဆက်လက်ရှင်သန်နေဆဲ သမိုင်းတစ်ခုကို ဘယ်မှာနဲ့မှ မတူအောင် ဖန်တီးပေးထားပါတယ်။ မြောက်ဦးဟာ ရခိုင်တို့ရဲ့ မင်းနေပြည်တော်ဖြစ်ပြီး ၁၇၈၄ ခုနှစ်မှာ ကုန်းဘောင်မင်းဆက်အောက်ကို ကျရောက်ပါတယ်။ ဘုန်းတန်ခိုးအာဏာ တောက်ပခဲ့စဉ်က ရခိုင်ဘုရင်တွေဟာ အရှေ့ဘင်္ဂေါ ပြည်နယ်မြေအချို့၊ လက်ရှိ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအောက်ပိုင်း အနောက်ဘက်ဒေသအချို့အထိ အုပ်ချုပ်ခဲ့ပါတယ်။

မြောက်ဦးမြို့ ကိုးသောင်းဘုရားမှ လျှောက်လမ်းများ (ဓာတ်ပုံ – သင်းလဲ့ဝင်း/Myanmar Now)

သွားလာရခက်ခဲတာကြောင့် ပုဂံနဲ့ နှိုင်းယှဉ်ရင် လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသွားအရေအတွက် နည်းပါတယ်။ လေယာဉ်တိုက်ရိုက်ပျံသန်းမှုမရှိပါဘူး။ ပြည်နယ်မြို့တော် စစ်တွေကနေ လာမယ်ဆိုရင် မြောက်ဦးမြစ်ရိုးတစ်လျှောက် သုံးနာရီလောက် သင်္ဘောစီးရင်စီး၊ ဒါမှမဟုတ် ကားလမ်းခရီးကို အကြာကြီးစီးရမှာဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမတိုင်မီ မသေချာမရေရာမှုတွေကြောင့် ၂ဝ၁၅ မှာ ဧည့်သည်လာရောက်မှု နည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွန်ခဲ့တဲ့ ၆ လ တုန်းကလည်း မြောက်ဦးမှာ နှစ် ၅ဝ အတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်ပွားခဲ့လို့ ဒေသတွင်းက စီးပွားရေးလုပ်ငန်းတွေထိခိုက်၊ ပျက်ပြီးသားလမ်းတွေ ပိုပျက်စီးလို့ ဖုန်လည်း ပိုထူလာတယ်လို့ ဆိုကြတယ်။

ဧည့်သည်မလာကြတဲ့အကြောင်းတစ်ခုကတော့ ဒေသခံတွေ မပြောချင်တဲ့ အကြောင်းအရာပါပဲ။ ၂ဝ၁၂ ခုနှစ်က မြောက်ဦးအပါအဝင် အခြားရခိုင်မြောက်ပိုင်းမြို့တွေမှာ လူမျိုးရေးအဓိကရုဏ်းတွေကြောင့် မွတ်စလင်တွေရော၊ ဗုဒ္ဓဘာသာ ရခိုင်တွေပါ ထိခိုက်နစ်နာခဲ့ရပြီး နိုင်ငံတကာက အာရုံစိုက်လာတဲ့ အကြောင်းအရာတစ်ခုဖြစ်ခဲ့ပါတယ်။

ထိန်းသိမ်းစောင့်ရှောက်မှုသာလိုအပ်ပြီး ပြုပြင်မွမ်းမံရန်မဟုတ်

အထင်ရှားအကျော်ကြားဆုံးဖြစ်တဲ့ သျှစ်သောင်းပုထိုးတော်ကြီးကို ၁၅၃၅ ခုနှစ်က တည်ထားခဲ့တာဖြစ်ပြီး စင်္ကြံလျှောက်လမ်း ငါးခုမှာတော့ ဗုဒ္ဓစေတီ၊ ဆင်းတုနဲ့ ကျောက်ထွင်းရုပ်ပွားတော်ပေါင်း ၈ဝ,ဝဝဝ ကို ဖူးတွေ့ရမှာဖြစ်ပါတယ်။

နဂိုလှပမှု ရှိနေပြီးဖြစ်သော်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာက သက်ဆိုင်ရာအာဏာပိုင်များရဲ့ စနစ်မကျတဲ့ ပြုပြင်မွမ်းမံမှုကြောင့် သမိုင်းလက်ရာတန်ဖိုးများ ပျက်စီးသွားမယ်ဆိုတဲ့ သတိပေးမှုများ ထွက်ပေါ်လာခဲ့ပါတယ်။

မြောက်ဦးမြို့ စေတီပရိဝုဏ်တစ်ခု (ဓာတ်ပုံ – သင်းလဲ့ဝင်း/Myanmar Now)

ရှစ်သောင်းပုထိုးတော်ကြီးမှာ အပေါ်ပိုင်းကို ကွန်ကရစ်နဲ့ ပြန်လည်တည်ဆောက်ခဲ့တဲ့အတွက် တခြားပစ္စည်းတွေနဲ့ဆောက်ထားတဲ့ ကျန်အစိတ်အပိုင်းတွေနဲ့ မလိုက်မဖက် ဖြစ်သွားရပါတယ်။ ပုထိုးတော်ကြီးဟာ သစ်လွင်တဲ့ပုံသဏ္ဌာန်ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီမှာ တွေ့နေရတာက ရွေးရခက်တဲ့အနေအထားတစ်ခုပါ။ မြောက်ဦးရဲ့ ယိုယွင်းပျက်စီးနေပြီဖြစ်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရန်ပုံငွေတွေ လိုအပ်နေပါပြီ။ ဒါပေမဲ့ ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတဲ့အခါမှာလည်း သိပ်ကိုပြုပြင်ချင်နေတဲ့ အာဏာပိုင်တွေ ပုဂံက ဘုရားတွေကို နဂိုပုံစံ ပျောက်သွားပြီး အသစ်တွေလိုဖြစ်သွားအောင် ပြုပြင်မွမ်းမံသလို မဖြစ်စေဖို့၊ မူလလက်ရာမပျက်အောင် ထိန်းသိမ်းဖို့ လိုပါတယ်၊ ပြုပြင်တည်ဆောက်ဖို့ မဟုတ်ပါဘူး။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်များစာရင်းမှာ ထည့်ဖို့ ယူနက်စကိုက မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ ၂ဝ၁၄ ခုနှစ်မှာ စတင်ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ စစ်အစိုးရလက်ထက်က ဒစ္စနေပုံစံစိတ်ကူးယဉ်ကမ္ဘာတစ်ခုလို့ ကုလသမဂ္ဂအရာရှိတွေ မှတ်ချက်ပြုခဲ့တဲ့ စေတီ၊ ပုထိုးတွေကို ပြုပြင်မွမ်းမံမှုတွေ၊ ဟိုတယ်ဇုန်တိုးချဲ့မှုတွေ၊ ရွာတွေကို ရွှေ့ပြောင်းလိုက်မှုတွေကြောင့် လုပ်ငန်းစဉ်တွေ အခက်အခဲဖြစ်ခဲ့ရပါတယ်။

ထွဋ္ဋ်ခန့်သိန်း ဘုရားပရိဝုဏ်အတွင်းမှ နတ်သမီးပုံ ကျောက်ထွင်းရုပ်တု (ဓာတ်ပုံ – သင်းလဲ့ဝင်း/Myanmar Now)

မြောက်ဦးမြို့ကို ထိန်းသိမ်းမှုလုပ်မယ်ဆိုရင်တော့ ဦးဆောင်သင့်တာကတော့ ရှေးဟောင်းသုတေသနပညာရှင်တွေနဲ့ ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေး ကျွမ်းကျင်သူတွေပါပဲ။ ဗျူရိုကရက်တွေနဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေက ဦးဆောင်မှု မလုပ်သင့်ပါဘူး။

“ရှေးဟောင်းအဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေမှာ အခက်အခဲ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ မြောက်ဦးမြို့တော်ဟာ အရှေ့တောင်အာရှရဲ့ တစ်ချိန်က အကြီးဆုံးခံတပ်မြို့ကြီးတစ်ခုလည်းဖြစ်ပါတယ်” လို့ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်သန်းက မြစ်မခသတင်းဌာနကို မကြာသေးမီက ပြောကြားခဲ့ပါတယ်။

“မြောက်ဦးဒေသဝန်းကျင် ထိန်းသိမ်းရေးအတွက် တင်ဒါတွေခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအလုပ်တွေကို လုပ်သူတွေဟာ ရှေးဟောင်းသုတေသနပညာရှင်တွေက ဦးဆောင်ပြီး လုပ်တာမဟုတ်တဲ့အတွက် အရမ်းကို တန်ဖိုးထားစရာကောင်းတဲ့ ဘုရားတွေ၊ အုတ်နံရံတွေမှာရှိတဲ့ ရခိုင်ယဉ်ကျေးမှု လက်မှုအနုပညာလက်ရာတွေ အမြောက်အမြားပျက်စီးခဲ့ရပါတယ်” လို့ သူက ဆိုပါတယ်။

ငွေကြေးလိုအပ်ချက်ဟာလည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါသေးတယ်။ စောစောက သတင်းထဲမှာ ဖော်ပြထားချက်အရ ရာပေါင်းများစွာသော ဘုရားတွေနဲ့ အခြားရှေးဟောင်းအဆောက်အအုံတွေရှိတဲ့ နယ်မြေအပိုင်းအခြားကို ပြုပြင်ထိန်းသိမ်းဖို့ ရခိုင်ပြည်နယ်အစိုးရက ၂ဝ၁၅-၂ဝ၁၆ ခုနှစ်မှာ အသုံးစရိတ် ကျပ်သန်း ၆ဝဝ ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ဦးနန်းတော်ဟောင်းနေရာမှာ မကြာမီက ပြန်လည်တူးဖော်ထားတဲ့ ရကန်အနီးမှ ဘီလူးရုပ် (ဓာတ်ပုံ – သင်းလဲ့ဝင်း/Myanmar Now)

ရှေးဟောင်းယဉ်ကျေးမှုသုတေသနပြတိုက်နဲ့ နန်းတော်ရာနေရာကနေ ကျွန်မတို့ ပြန်လာချိန်မှာတော့ ကန်တစ်ကန်ကို အမျိုးသားတစ်စု စည်းရိုးခတ်နေတာ တွေ့ရပါတယ်။

နန်းသားကန် ခေါ် နန်းတွင်းသားများအတွက်ရေကန်ကို ပြည်နယ်အစိုးရက ရရှိတဲ့ငွေနဲ့ သူတို့ မကြာသေးမီက ပြန်လည်တူးဖော်ခဲ့ပါတယ်။ အဲဒီကန်နဲ့ ပတ်သက်တဲ့ ကျောက်စာတိုင်၊ ကျောက်တုံးပေါ်မှာ ထွင်းထားတဲ့ နတ်သားပုံနဲ့ ဘီလူးရုပ်၊ ကန်ထဲကို တစ်ဆင့်ချင်း နိမ့်ဆင်းသွားတဲ့ ရှေးဟောင်းအုတ်တွေကို တွေ့ခဲ့ရပါတယ်။ သာမန်ရေကန်တစ်ခုအနေနဲ့ ရှိခဲ့ရာကနေ အခုအခါမှာတော့ လှပပြီး သမိုင်းဝင်တဲ့ နေရာတစ်ခုဖြစ်နေပါပြီ။

ကန်ထိန်းသိမ်းရေးလုပ်ငန်းကို ကြီးကြပ်နေသူတစ်ဦးကတော့ ကန်ကို အပြီးအစီးအထိ တူးဖော်ဖို့ သဲတွေ နောက်ထပ် ၁ဝ ပေထက်မနည်း ထုတ်ပစ်ဖို့ လိုဦးမယ်လို့ ပြောပါတယ်။ အဲဒါ ဘယ်တော့လောက်လုပ်မလဲလို့ ကျွန်မက မေးတဲ့အခါမှာတော့ ‘အဲဒီအတွက် ရန်ပုံငွေရမှာလား၊ ဘယ်တော့ထပ်ရမလဲ မသိတော့ ဘယ်တော့မှ လုပ်ဖြစ်မယ်ဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး’ လို့ တစ်ယောက်က ပြန်ပြောပါတယ်။ ။

Show More

Related Articles

Back to top button