သတင်း

အဖမ်းခံထားရသည့် ရခိုင်ဒေသခံ ၉ ဦး သတ်ဖြတ်ခံရဟု AA ပြော

မင်းပြား၊ မြောက်ဦးမြို့တို့ကို စစ်ကောင်စီ မစွန့်လွှတ်မီ အကျဉ်းသားတချို့ကို သတ်ဖြတ်သွားကြောင်း AA က သတင်းထုတ်ပြန်လိုက်သည်၊ စစ်ကောင်စီက အကျဉ်းသားသတင်းများကို ဖုံးကွယ်ထားသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နှင့် မင်းပြားမြို့တို့တွင် ဖမ်းဆီးခံထားရသော အရပ်သား ၉ ဦးကို ဒေသတွင်း စစ်ရေးအရှိန်တက်လာသည့် ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည်ဟု ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ (ဖေဖော်ဝါရီ ၁၁) တွင် သတင်းထုတ်ပြန်ထားသည်။

သတ်ဖြတ်ခံရသူများထဲမှ အွန်လိုင်းတွင် လူသိများသူတစ်ဦး၊ သတင်းသမားတစ်ဦး၊ သုံးဘီးမောင်းသမားတစ်ဦး၊ ကားဝပ်ရှော့လုပ်ငန်း လုပ်ကိုင်သူတစ်ဦးတို့သည် ကာလရှည်ကြာ ဖမ်းဆီးချုပ်နှောင်ခံထားရစဉ် ထိုဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

မြောက်ဦးမြို့နယ်အတွင်း ဖမ်းဆီးထားသော အရပ်သား ၇ ဦးကို ဇန်နဝါရီ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မြောက်ဦးအခြေစိုက် အမှတ် ၃၇၈ ခြေမြန်တပ်ရင်း (ခမရ) တပ်ရင်းအချုပ်ခန်းအတွင်း ပစ်သတ်ခဲ့ကြပြီး အဆိုပါ တပ်ရင်း ဆေးရုံအနီး ဗုံးခိုကျင်းထဲ၌ မြှုပ်နှံခဲ့ကြသည်ဟု AA က ဆိုသည်။

သတ်ဖြတ်ခံရသူများမှာ ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို့၊ သတင်းသမား ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ၊ ကိုကျော်သိန်းလှိုင်၊ ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွန့်၊ ကိုဝင်းနိုင်၊ ကိုပြည့်စုံဝင်းတို့ ဖြစ်ကြသည်။

ယင်းမတိုင်မီ ဇန်နဝါရီ ၁၉ မွန်းလွဲ ၃ နာရီကျော်ခန့်တွင်လည်း မင်းပြားအခြေစိုက် ခမရ (၃၇၉) တပ်ရင်းအချုပ်ခန်းအတွင်း ချုပ်နှောင်ထားသော ရသေ့တောင်မြို့နယ်မှ ကိုညီညီအောင် (ခ) အောင်ဇော်ဝင်း၊ မင်းပြားမြို့နယ်မှ ဦးကျော်ညွန့်တို့ကို ပစ်သတ်ခဲ့သည်ဟု AA ၏  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာရက္ခပြည်သူ့အစိုးရအနေဖြင့် အဆိုပါ စစ်ရာဇဝတ်မှုကျူးလွန်သူများကို ၎င်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုနှင့်အညီ ပြစ်ဒဏ်ပေးသွားမည်၊ ကျူးလွန်ခံရသော ကာယကံရှင်နှင့် မိသားစုများအတွက် တရားမျှတမှုရရှိစေရန် ထိရောက်ပြတ်သားစွာ ဆောင်ရွက်သွားပါမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

AA ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည့် သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။ စစ်ကောင်စီက စစ်ရေးသတင်း၊ အကျဉ်းသားသတင်းများကို အမှောင်ချထားသည်။

၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ ရခိုင်ဒေသတွင် AA ၏ ပြင်းထန်သည့်ထိုးစစ် ပေါ်ပေါက်လာရာ စစ်တပ်က ရေလမ်း၊ ကုန်းလမ်း ပိတ်ဆို့ထားသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝနှင့် ပေါက်တော၊ မကြာသေးခင်က ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့တို့ကို AA က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ရာ ထိုကဲ့သို့သတ်ဖြတ်ခံထားရမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက စစ်တပ်ကြောင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်း ပျက်ယွင်းနေကြောင်း ပြောသည်။

“တရားဥပဒေစိုးမိုးရေးအတွက် ရဲဌာနတို့ တရားရေးဌာနတို့က အလုပ်လုပ်ရမယ့်ဟာကို တရားရေးဌာန ရဲဌာနတို့က ရခိုင်မှာ စစ်ဖြစ်ကတည်းက စစ်တပ်က ကိုင်သွားပြီ။ စစ်တပ်က ဘယ်သူ့ကို ဘယ်လောက် ထောင်ချဆိုရင် ချရတယ်။ ဒီလူကို ဖမ်းဆိုရင် ရဲက ဖမ်းရတယ်။ အဲဒီပုံစံမျိုး စစ်အုပ်ချုပ်ရေးအနေနဲ့ ရခိုင်ပြည်ကို ကိုင်နေတာတော့ ကြာပြီ”

“အဲဒီပုံစံမျိုးပဲ ရခိုင်ပြည်တင်မက တစ်နိုင်ငံလုံးမှာ စစ်တပ်ရဲ့ဌာနဆိုင်ရာတွေအပေါ်မှာ အထူးသဖြင့် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအပေါ်မှာ သူတို့ အားလုံးကို ကိုင်ထားတယ်။ သူတို့ရဲ့ အာဏာစက်အောက်က တရားစီရင်ရေးက မလွတ်။ အဲဒါကြောင့် ဒီလိုအချုပ်ခန်းက ခေါ်ပြီးတော့ တရားလက်မဲ့ သတ်ဖြတ်တာတွေ၊ တရားဥပဒေအရ အရေးမယူဘဲနဲ့ လက်လွတ်စပယ်နဲ့ လူတွေကို တရားမဲ့ သတ်ဖြတ်တာတွေ လုပ်နေတာ ဖြစ်တယ်”

ဗျူဟာကုန်းများ၊ တပ်ရင်း၊ စခန်းကုန်းအပါအဝင် စခန်းပေါင်း ၂၀၀ ကျော်ကို AA က သိမ်းယူထားပြီး မြို့ ၅ မြို့ကို သိမ်းယူထားကာ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့ဝင် ရာချီလက်နက်ချခဲ့ကာ ဘင်္ဂလားဒေ့ရှ်ဘက်သို့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ နီးပါး ထွက်ပြေးခဲ့ကြသည်။

ယမန်နေ့ ညနေက ပလက်ဝမြို့ကို လေကြောင်းမှ ဗုံးကြဲခဲ့သလို လတ်တလောတွင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မင်းပြားတို့တွင်လည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။

AA ထိန်းချုပ်ထားသည့် မင်းပြားမြို့နှင့် ရေမိုင် ၅ ခန့်ဝေးသည့် ကျားရဲပြင်ရွာအနီးရှိ မြစ်တွင် ရောက်ရှိနေသော စစ်ရေယာဉ် သုံးစီးတိုက်ခိုက်ခံရ၍ ပိတ်မိနေရာ ထိုရေယာဉ်များပေါ်မှ စစ်သားများကို ကယ်ထုတ်ရန် ယမန်နေ့ ညက စစ်ရေယာဉ်နှစ်စီးထပ်ရောက်လာသောကြောင့်  AA နှင့် တိုက်ပွဲဖြစ်နေသည်ဟု မင်းပြားဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တာ တစ်ရက်နှစ်ရက် ရှိပြီ။ နေဗီသုံးစီးရှိတယ်။ နှစ်စီးကတော့ လုံးဝသွားလို့မရတော့ဘူး။ ပိတ်မိနေသလို ဖြစ်နေတယ်။ တစ်စီးကတော့ အလွတ်။ မနေ့က ညမှာ နှစ်စီးထပ်ရောက်တယ်။ စုစုပေါင်းတော့ ငါးစီးရှိပြီပေါ့။ တစ်စီးကတော့ လက်နက်ဂိုဒေါင်ထဲကို တည့်တည့်ကျဆိုလားမသိ။ တည့်တည့်ကျလို့ ဗွီဒီယိုဖိုင်တွေမှာလည်း မြင်တယ်။ ကျွန်တော့သူငယ်ချင်းတွေလည်း မြင်တယ်။ တစ်စီးကတော့ လုံးဝကျသွားပြီတဲ့” ဟု သူက ဆိုသည်။

“ဆိုတော့ နှစ်စီးကျန်သေးတယ်။ အဲဒီနှစ်စီးကို ကယ်ထုတ်ဖို့ ကြိုးစားနေတဲ့သဘော။ မင်းပြားကို တိုက်ဖို့၊ ကျိန်းတောင် (စစ်တပ်တပ်ရင်း ရှိသည့်နေရာ) ကို တိုက်ဖို့လို့ မဟုတ် ထင်တယ်။ ကျားရဲပြင်ထက်ကိုလည်း မကျော်ရဲတဲ့။ ကျားရဲပြင်မှာပဲ အောင်းနေတာပဲ…ပိတ်မိနေတဲ့သဘော။ နေဗီကလည်း ပစ်တယ်။ လေယာဉ်နဲ့လည်း သိပ်ပစ်နေတယ်။ အဲ့နားတစ်ဝိုက်မှာ တိုက်ပွဲဖြစ်နေတယ်။ လေယာဉ်နဲ့လည်း တစ်ညလုံး ပစ်တယ်။ တိုက်လေယာဉ်လည်း လာတယ်”

ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး တိုက်ခိုက်ခဲ့သော စစ်သင်္ဘောတစ်စီးပေါ်တွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-AA Info Desk)

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ နှင့် ၈ ရက်တွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး စစ်သင်္ဘော ၂ စီးနှင့် ဇက်သင်္ဘော ၁ စီး တို့ကို AA က တိုက်ခိုက်ခဲ့ပြီး ရေကူးလွတ်မြောက်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ကယ်တင်ထားကြောင်း၊  နိုင်ငံတကာဥပဒေအတိုင်း စောင့်ရှောက်ထားကြောင်း AA ဘက်က ထုတ်ပြန်ထားသည်။

စစ်သင်္ဘောပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အလံဖြူထောင်ရန်၊ လက်နက်ချအညံ့ခံရန် အသံချဲ့စက်ဖြင့် ၃ ကြိမ် ပြောသော်လည်း လေတပ်က ဒရော့ဗုံးများဖြင့် အပြင်းအထန် ပြန်လည် တိုက်ခိုက်သည်ဟု ဆိုသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ချရန် နောက်ဆုံးအကြိမ်အဖြစ် အချိန်နာရီဝက် ထပ်ပေးသည့် အချိန်တွင်လည်း လေတပ်က တိုက်ခိုက်သောကြောင့် AA တပ်ဖွဲ့ဝင် ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူ အချို့ရှိသည်ဟု ဖော်ပြထားသည်။

စစ်သင်္ဘောပေါ်များတွင် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်၊ သေဆုံးထိခိုက်ဒဏ်ရာရရှိသည့် အရေအတွက်နှင့် AA ကယ်တင်ထားသည့်အရေအတွက် စသည့် အသေးစိတ်အချက်အလက်များ ထုတ်ပြန်ချက်တွင် ဖော်ပြခြင်းမရှိပေ။

ကိုကျော်ဇံဝေ (ခ) ကိုရင်ဆို့

သတ်ဖြတ်ခံရသူတစ်ဦးဖြစ်သည့် အသက် ၃၀ ကျော်အရွယ် ကိုကျော်ဇံဝေ (ခ) ကိုရင်ဆို့သည် မြောက်ဦးမြို့၊ တောင်ရပ် ရပ်ကွက်နေအိမ်တွင် အဖမ်းခံရခြင်း ဖြစ်သည်။

၂၀၂၂ စက်တင်ဘာ ၄ ရက် နံနက် ၈ နာရီခန့်တွင် စစ်သားနှင့် ရဲ အင်အား ၂၀ ခန့်က မေးမြန်းစရာရှိသည်ဟု ဆိုကာ ဖမ်းသွားခြင်း ဖြစ်သည်။

၎င်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဆက်စပ်၍ ဖမ်းဆီးထားကြောင်း စက်တင်ဘာ ၆ ရက်ထုတ် စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့သည်။

Facebook စာမျက်နှာများတွင် ဟာသဗွီဒီယိုများကို တင်ဆက်နေသူတစ်ဦးဖြစ်သော ကိုကျော်ဇံဝေ (ခ) ကိုရင်ဆို့သည် ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံလိုက်ရသည်။

သူ၏မိသားစုကို Myanmar Now က မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ဒေသတွင်း နိရဥ္ဇရာသတင်းဌာနက ၂၀၂၃ ဇူလိုင်တတိယပတ်အတွင်း ဖော်ပြခဲ့သော သတင်းတစ်ပုဒ်တွင် ကိုကျော်ဇံဝေကို ဇူလိုင်လ ၁၈ ရက်က နောက်ဆုံးရုံးထုတ်ခဲ့ပြီးနောက် အပြီးသတ်အမိန့်ချမှတ်ရန်သာ ကျန်ရှိတော့သည်ဟု မိသားစုဝင်များကို ကိုးကား၍ ဖော်ပြထားသည်။

သတင်းသမား ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ

အသတ်ခံရသည့် အသက် ၃၈ နှစ်အရွယ် သတင်းထောက်ဟောင်း ကိုမြတ်သူထွန်းကို စစ်ကောင်စီက ၂၀၂၂ စက်တင်ဘာ ၂၀ ရက် နေ့လယ်တွင် မြောက်ဦးမြို့၊ လက်ကောက်ဈေးရပ်ကွက်ရှိ နေအိမ်မှ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ရခိုင်အခြေစိုက်သတင်းများကို ရေးသားပြီး ဒေသတွင်းသတင်းဌာနများနှင့် ပြည်တွင်းသတင်းဌာနများတွင် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး စစ်တပ် အာဏာမသိမ်းခင်ကတည်းက သတင်းအလုပ်များ ရပ်နားခဲ့ကာ စီးပွားရေးလုပ်ကိုင်နေသူဖြစ်သည်။

ထို့နောက် စစ်ကောင်စီက အောက်တိုဘာ ၇ တွင် ၎င်းကို မြောက်ဦးမြို့နယ်တရားရုံးတွင် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် စွဲချက်တင်ခဲ့သည်။

တုတ်တုတ် ခေါ် သုံးဘီးကားမောင်းသမား ကိုကျော်ဝင်းလှိုင်

သတ်ဖြတ်အလောင်းဖျောက်ဖျက်ခံရသူများထဲတွင် ပါဝင်သော အသက် ၃၂ နှစ်အရွယ် ကိုကျော်ဝင်းလှိုင်သည် ၂၀၂၂ ဇွန်လ ၂၂ ရက်က တုတ်တုတ် ခေါ် သုံးဘီးကားမောင်းသမားတစ်ဦးဖြစ်ပြီး သုံးဘီးမောင်းရန် နေအိမ်မှ မြို့ထဲသို့ သွားစဉ် သူရိယရောင်ခြည်ဘုန်းကြီးကျောင်းအနီး စစ်တပ်၏ ဖမ်းဆီးခြင်း ခံရသည်။

ခမရ (၅၄၀) တွင် ချုပ်နှောင်စစ်ဆေးမေးမြန်းခံရပြီးနောက် စစ်ကောင်စီတပ်က ကျောက်ရာဇ်ကေရပ်ကွက်မှ ကိုကျော်ဝင်းလှိုင်ကို နိုင်ငံတော်ဆူပူအောင်လှုံဆော်မှုပုဒ်မ ၅၀၅ (က) နှင့် အမှုဖွင့်ခံရသည်ကို Myanmar Now တွင် သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

စစ်တပ်အချုပ်ခန်းတွင် ညှဉ်းပန်းနှိပ်စက်ခံထားရသည့် ကိုကျော်ဝင်းလှိုင်တွင် ပေါင်သားအရေခွံကျွတ် ဒဏ်ရာ၊ ခြေထောက်၊ ဒူး၊ ခြေသလုံးနှင့် လိင်အင်္ဂါတို့တွင် အညိုအမည်းစွဲနေသည့် ဒဏ်ရာများကြောင့် ရန်ကုန်မြို့သို့ ပို့ဆောင်ဆေးကုသရမည်ဖြစ်ကြောင်း မြောက်ဦးရဲစခန်းက ဇူလိုင် ၃ တွင် မိသားစုကို အသိပေးခဲ့သည်။

ယင်းမတိုင်မီ ဇွန် ၂၁ တွင် AA က စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ၃ ဦးကို မြောက်ဦး မြို့ပေါ်တွင် ဖမ်းခေါ်သွားပြီးနောက်တစ်နေ့ (ဇွန် ၂၂) ၌ စစ်တပ်က ကားများဖြင့် မြို့ထဲသို့ ဝင်ရောက်လာပြီး အရပ်သားများ ၃၀ ခန့်ကို ဝင်ရောက်ဖမ်းဆီးရာတွင် ကိုကျော်ဝင်းလှိုင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။

ကိုကျော်ဝင်းလှိုင်ကို ရန်ကုန်ဆေးရုံကြီးတွင် ၂၀၂၂ ဇူလိုင်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ဦးကျော်ညွန့်

မင်းပြားဒေသခံ အသက် ၄၀ အရွယ် ဦးကျော်ညွန့်သည် လွန်ခဲ့သည့် ၈ လခန့်က ဒေသတွင်း စစ်ကောင်စီစစ်ကြောင်းနှင့် တိုးကာ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း မင်းပြားဒေသခံတစ်ဦးက ပြောသည်။

“ကိုကျော်ညွန့်က အသက် ၄၀ လောက်ရှိမယ်။ ဖမ်းထားတာ ကြာပြီ။ ရှစ်လလောက်ရှိမလားမသိဘူး။ စစ်ကြောင်းထွက်လာတုန်း ဖမ်းသွားတာ။ သူက​တော့ အရင် ကားမောင်းတယ်၊ ဝပ်ရှော့လုပ်တယ်” ဟု အထက်ပါဒေသခံ အမျိုးသားက အဆိုပါအချုပ်ခန်းမှ လွတ်မြောက်လာသူတစ်ဦးကို ကိုးကား၍ ပြောသည်။

“လွတ်မြောက်လာသူတွေ ပြောတာတော့ ရမ်းပြီးတော့သတ်တာလို့ ပြောတယ်။ ဆွဲထုတ်ပြီးတော့ ပစ်သတ်သွားတာတဲ့”

ရသေ့တောင်မြို့နယ်မှ ကိုညီညီအောင် ဆိုသူလည်း အလားတူ ပစ်သတ်ခံရသည်ဟု ဆိုသည်။

သတ်ဖြတ်ခံရသူ ၅ ဦးဖြစ်သော ကိုကျော်သိန်းလှိုင်၊ ကိုကိုညွန့်၊ ကိုဝင်းနိုင်၊ ကိုပြည့်စုံဝင်းနှင့် ကိုညီညီအောင်တို့ အကြောင်း Myanmar Now က အသေးစိတ်စုံစမ်းနေဆဲဖြစ်သည်။

AA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က နိုဝင်ဘာ ၁၃ မှ ဇန်နဝါရီ ၁၃ အထိ ရခိုင်ပြည်နယ်အတွင်း အရပ်သား ၈၁ ဦး သေဆုံးကာ ၂၇၇ ဦး ဖမ်းဆီးခံရပြီး ဒဏ်ရာရသူ၂၆၀ ဦးရှိသည်ဟု ထုတ်ပြန်ထားသည်။ 

ရခိုင်မြောက်ပိုင်းတွင် ၂၀၁၈ ခုနှစ်ကုန်ပိုင်းမှစ၍ ၂၀၂၀ နိုဝင်ဘာလဆန်းအထိ နှစ်နှစ်ကျော်အကြာ တိုက်ပွဲပြင်းထန်ခဲ့စဉ် AA နှင့် ဆက်စပ်မှု သံသယဖြင့် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသူ အများအပြားရှိခဲ့ပြီး စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်ခံရကာ အသက်ဆုံးရှုံးခဲ့သူများလည်း ရှိခဲ့သည်ဟု သိရသည်။

သေဆုံးဒဏ်ရာရ၊ ဖမ်းဆီးခံရသူစာရင်း။ (ဓာတ်ပုံ-HDCO)

Show More

Related Articles

Back to top button