သတင်း

စစ်ကြောရေးရောက် မြောက်ဦးဒေသခံ ရန်ကုန်တွင် ဆေးကုသနေရ

ဇွန်လက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ စစ်တပ်က ဖမ်းဆီးခဲ့သည့် အမျိုးသားတစ်ဦး ဒဏ်ရာရထားသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသရန် လွှဲပြောင်းခံထားရကြောင်း မိသားစုဝင်များက ရဲစခန်းမှတစ်ဆင့် သိရှိခဲ့ရသည်။

ကျောက်ရာဇ်ကေရပ်ကွက်မှ အသက် ၃၂ နှစ်အရွယ် ကိုကျော်ဝင်းလှိုင်သည် ဇွန် ၂၂ နံနက်က သုံးဘီးမောင်းရန် နေအိမ်မှ မြို့ထဲသို့သွားစဉ် သူရိယရောင်ခြည်ဘုန်းကြီးကျောင်းအနီး စစ်တပ်၏ ဖမ်းဆီးခြင်း ခံရသည်။

ထိုနေ့က မြို့ထဲတွင် ကိုကျော်ဝင်းလှိုင်နည်းတူ ဖမ်းဆီးခံရသူ ၃၀ ထက်မနည်း ရှိခဲ့သည်။ ဇွန် ၂၁ တွင် ရက္ခိုင့်တပ်တော် (AA) က စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ၃ ဦးကို မြောက်ဦးမြို့ပေါ်တွင် ဖမ်းခေါ်သွားပြီးနောက်တစ်နေ့ (ဇွန် ၂၂) ၌ စစ်ကောင်စီတပ်က ကားများဖြင့် မြို့ထဲသို့ ဝင်ရောက်လာပြီး အရပ်သားများကို ထိုသို့ ဖမ်းဆီးခြင်းဖြစ်သည်။

ကိုကျော်ဝင်းလှိုင်ကို မြောက်ဦးအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၅၄၀ တွင် ချုပ်နှောင် စစ်ဆေးမေးမြန်းခံရသည်ဟု သိရသည်။

စစ်တပ်အချုပ်ခန်းတွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် ရန်ကုန်သို့ ပို့ဆောင်ဆေးကုသရမည်ဖြစ်ကြောင်း မြောက်ဦးရဲစခန်းက ဇူလိုင် ၃ တွင် အသိပေးခဲ့သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ 

“စစ်ကြောရေးမှာ ပြင်းထန်တဲ့ စစ်ဆေးမှုတွေလုပ်ပြီးတော့ အခု ရန်ကုန်ဆေးရုံမှာ ဆေးကုသနေရတယ်။ ၃ ရက်မှာ သတင်းပို့ပြီး စစ်တွေက ဆေးရုံကနေ ရန်ကုန်ကို ၄ ရက်နေ့က လေယာဉ်နဲ့ ယူသွားတာ။ မိသားစုတွေက မြောက်ဦးကနေ ကားနဲ့လိုက်သွားကြတာပါ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ကိုကျော်ဝင်းလှိုင်တွင် ဇနီးနှင့် သမီးတစ်ဦးရှိကြောင်း သိရသည်။

ညှဉ်းပန်းနှိပ်စက်ခံထားရသည့် ကိုကျော်ဝင်းလှိုင်တွင် ပေါင်သားအရေခွံကျွတ်ဒဏ်ရာ၊ ခြေထောက်၊ ဒူး၊ ခြေသလုံးနှင့် လိင်အင်္ဂါတို့တွင် အညိုအမည်းစွဲနေသည့် ဒဏ်ရာများရရှိထားသည်ကို Myanmar Now က ရရှိထားသည့် ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည်။

ဒဏ်ရာပြင်းထန်စွာရထားသည့် ကိုကျော်ဝင်းလှိုင် မြောက်ဦး၊ စစ်တွေတို့တွင် မည်သည့်ကုသမှု ရရှိခဲ့သည်ကို မသိရသေးကြောင်း အထက်ပါမိသားစုဝင်က ဆိုသည်။

“စစ်တွေဆေးရုံမှာ ဘယ်လောက်ကြာခဲ့တယ်ဆိုတာကိုတော့ မသိရဘူး။ သူတို့က လုံးဝနေမကောင်း၊ ကျန်းမာရေး လုံးဝအခြေအနေမကောင်းဆိုပြီးမှ မိသားစုကို သတင်းပေးတာပါ” ဟု သူက ဆိုသည်။

“စစ်တွေဆေးရုံမှာ ဆေးကုသနေတာ ပစ္စည်းတွေ စုံစုံလင်လင်မရှိလို့ ရန်ကုန်ကို ပို့ရမယ်။ ရန်ကုန်ကို ပို့ရဖို့အတွက် မိသားစုက တစ်ယောက်နှစ်ယောက်လောက် လူနာစောင့်အနေနဲ့ လိုက်ပေးလို့ရတယ်ဆိုပြီးတော့ မြောက်ဦးခရိုင်ရဲမှူးက ပြောလာတယ်”

စစ်ကြောရေးကာလအတွင်း လက်တွင် ရရှိထားသော အညိုအမည်း ဒဏ်ရာဒဏ်ချက်များ (ဓာတ်ပုံ -ပေးပို့)

ယင်းအပြင် တုတ်တုတ် ခေါ် သုံးဘီးယာဉ်မောင်းသော ကိုကျော်ဝင်းလှိုင်ကို စစ်ကောင်စီတပ်က နိုင်ငံတော်ဆူပူအောင်လှုံဆော်မှုပုဒ်မ ၅၀၅ (က) နှင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း ပြောသည်။

“သူက မိသားစုစားဝတ်နေရေးအတွက် တုတ်တုတ်ချေ မောင်းတယ်။ နိုင်ငံရေးလုပ်တာလည်းမရှိ၊ ကိုယ့်ဟာနဲ့ကိုယ် လုပ်စားနေတဲ့ လူတစ်ယောက်ကို ဗမာစစ်တပ်က အခုလိုပုံစံမျိုးနဲ့ ဖမ်းခေါ်ပြီး မဟုတ်မမှန်လုပ်ကြံပြီး ပုဒ်မတွေ တပ်၊ နှိပ်စက်။ ကျွန်တော်တို့ ပြည်သူလူထုအတွက် နစ်နာတယ်” ဟု ၎င်းမိသားစုဝင်က ဆိုသည်။

“ပြည်သူလူထုကလည်း သွားရေးလာရေး အဆင်မပြေ၊ မဖြောင့်၊ ကြောက်ကြောက်လန့်လန့်နဲ့ သွားလာနေရတဲ့ အနေအထားရှိတယ်။ ဒီဟာက မဖြစ်သင့် မလုပ်သင့်ဘူးလို့ ကျွန်တော်တို့အနေနဲ့ ပြောချင်တယ်။ နောက်တစ်ခုက ကျော်ဝင်းလှိုင်ကို ၅၀၅ (က) နဲ့ အမှုဖွင့်ထားရင်လည်း ကျန်းမာရေးမကောင်းတဲ့အတွက် အာမခံချက်ပေးပြီး အိမ်ကနေ တရားရင်ဆိုင်ခွင့် ရချင်တယ်” 

ကိုကျော်ဝင်းလှိုင် ဆေးရုံတက် ကုသမှုခံယူရသည်အထိ နှိပ်စက်ခံရမှု၊ အခြားထိန်းသိမ်းခံထားရသူတို့၏ အခြေအနေများနှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးစားသော်လည်း မြောက်ဦးမြို့မရဲစခန်းနှင့် ဖုန်းအဆက်အသွယ် မရသေးပေ။

စစ်ကောင်စီက ၎င်းတို့၏ ထောက်လှမ်းရေး ၃ ဦးကို AA ခေါ်သွားမှု၊ ကိုကျော်ဝင်းလှိုင် အပါအဝင် မြောက်ဦးမှ အရပ်သား ၃၀ ကို ဖမ်းဆီးမှုတို့နှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသည်။

ရခိုင်မြောက်ပိုင်းတွင် နှစ်နှစ်ကျော်အကြာ တိုက်ပွဲပြင်းထန်ခဲ့စဉ်က AA တပ်ဖွဲ့ဝင် သံသယဖြင့် စစ်ကောင်စီတပ်၏ ဖမ်းဆီးခံခဲ့ရသူ အများအပြားရှိခဲ့ပြီး စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်ခံရကာ အသက်ဆုံးရှုံးခဲ့သူများလည်း ရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၉ ဇူလိုင်အတွင်း မြောက်ဦးမြို့နယ်၊ ရွှေထွန်းဖြူရွာသား အသက် ၂၈ နှစ်အရွယ် ကိုဇော်ဝင်းလှိုင်သည်လည်း AA တပ်ဖွဲ့ဝင် သံသယဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ကြောရေးတွင် နှိပ်စက်ခံရသည့် ဒဏ်ရာများဖြင့် စစ်တွေဆေးရုံကြီး၌ သေဆုံးခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button