စစ်အာဏာသိမ်းထားမှုကို ဆန့်ကျင်ကြသည့်အနေဖြင့် ထီထိုးခြင်းမပြုဘဲ သပိတ်မှောက်နေကြသောကြောင့် အောင်ဘာလေထီရောင်းချရမှု ကျဆင်းသွားသလို စစ်ကောင်စီကို ငွေကြေးအထောက်အပံ့ဖြစ်စေမည့် ထီအခွန်ရငွေလည်း အကြီးအကျယ်ကျဆင်းနေသည်။
ထီလက်မှတ်ရောင်းရငွေစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကို အခွန်ဘဏ္ဍာအဖြစ် သိမ်းယူပြီး ၆၀ ရာခိုင်နှုန်းကို ဆုငွေချီးမြှင့်သည့် အောင်ဘာလေထီကို ယခင်က အမြင့်ဆုံးဆု ကျပ်သိန်း ၁၅,၀၀၀ ချီးမြှင့်ခဲ့သော်လည်း ယခုလတွင် အမြင့်ဆုံးဆုကို ကျပ်သိန်း ၅,၀၀၀ သာပေးတော့မည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက ကြေညာထားသည်။
မနက်ဖြန် (မေ ၁) တွင် ဖွင့်မည့် ၂၆ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီစာအုပ်ပေါင်း ၂၀၅,၃၄၈ အုပ် ရောင်းချခဲ့ရပြီး ထီလက်မှတ်ရောင်းချရငွေ ကျပ်သန်း ၂၀၅၃ ကျော်သာ ရရှိသည်ဟု အဆိုပါကြေညာချက်တွင် တွေ့ရသည်။
အထူးဆုကြီး၊ ဆုတစ်ဆုချင်း၊ ဝေဝေဆာဆာပဒေသာ ဆုအမျိုးအစားများမှ ထီဆုအရေအတွက်မှာလည်း လျော့နည်းသွားသည်။
စစ်အာဏာသိမ်းယူပြီးနောက် ထီရောင်းချရမှု အနိမ့်ဆုံးအထိ ကျဆင်းခဲ့သဖြင့် ထီဖွင့်မည့်ရက်ကို အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရပြီး ထီလက်မှတ်ဝယ်ယူသူမရှိသဖြင့် ထီဆိုင်များက ဖုန်းဆက်ရောင်းချနေကြကြောင်း ထီကံစမ်းသူတချို့ထံမှ သိရသည်။
ဖေဖော်ဝါရီ ၁ တွင် စစ်အာဏာသိမ်းပြီးနောက် မတ် ၁၅ တွင်မှ ထီတစ်ကြိမ်ဖွင့်ပွဲသာ လုပ်နိုင်ခဲ့သည်။
“ထီကံစမ်းသူများ၊ ထီလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းသူများ၏ အခက်အခဲများ ပြေလည်စေရန်” ဟု ဆိုကာ အဆိုပါ ၂၆ ကြိမ်မြောက် ထီဖွင့်ရက်ကို ဧပြီ ၁ အစား မေ ၁ တွင်သာ ဖွင့်လှစ်မည်ဖြစ်ကြောင်း စစ်ကောင်စီက မတ် ၂၂ တွင် ကြေညာခဲ့သည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သပိတ်မှောက်သည့်အနေဖြင့် စစ်ကောင်စီကို အထောက်အပံ့ဖြစ်စေမည့် အခွန်ရလမ်းကို လူထုက ရှောင်ရှားလာကြပြီး ထီမထိုးသည့်အပြင် ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်နှင့် မီတာခွန် စသည့်တို့ မပေးဆောင်ရန် ဆော်ဩနေကြသည်။
စစ်အုပ်စု၏ အဓိကဘဏ္ဍာငွေရလမ်း ၃ ခုသည် ပြည်သူ့အခွန်ငွေများ၊ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေများ၊ နိုင်ငံတကာချေးငွေများဖြစ်ပြီး စစ်အုပ်စု သက်ဆိုးမရှည်စေရေးအတွက် ၎င်း ဝင်ငွေရလမ်း ၃ ခုကို ဖြတ်တောက်ပိတ်ဆို့ရန် အမျိုးသားညီညွတ်ရေးအစိုးရကလည်း ကြိုးပမ်းနေသည်။
လက်ရှိတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီးများထံမှ အခွန်ငွေများ စစ်အုပ်စုထံ မစီးဆင်းစေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတကာဥပဒေနှင့်အညီ ဖိအားပေးနိုင်ရန် ပြင်ဆင်နေသည်။



