သတင်း

နိုင်ငံတကာရေနံကုမ္ပဏီကြီးများကို တရားစွဲနိုင်ရန် NUG ပြင်ဆင်နေ

အာဏာသိမ်းစစ်ကောင်စီ၏ အဓိကအခွန်ဘဏ္ဍာငွေအရင်းအမြစ်ဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီးများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတကာဥပဒေနှင့်အညီ ဖိအားပေးနိုင်ရန် ပြင်ဆင်နေသည်။ 

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီးများဖြစ်သည့် ပြင်သစ်အခြေစိုက် Total, အမေရိကန်အခြေစိုက် Chevron၊ တောင်ကိုရီးယားကုမ္ပဏီ Posco နှင့် မလေးရှားပိုင် Petronas ကုမ္ပဏီများမှာ ဆက်လက်လည်ပတ်နေပြီး ဘီလျံနှင့်ချီသည့် အခွန်ငွေများသည် အာဏာသိမ်းစစ်ကောင်စီထံသို့ စီးဆင်းနေသည်။ 

ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ စစ်ကောင်စီ၏ အဓိကဝင်ငွေရပေါက်ရလမ်းဖြစ်သည့်အတွက် စစ်ကောင်စီထံ အခွန်ငွေမပေးသွင်းရန် ထိုရေနံကုမ္ပဏီများကို စာပို့တောင်းဆိုထားပြီး လိုက်နာမှုမရှိပါက နိုင်ငံတကာဥပဒေနှင့်အညီ ဖိအားပေးမည်ဟု NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

“ကျွန်တော်တို့အနေနဲ့ လိုအပ်လာရင်တော့ ဥပဒေအကြောင်းအရပေါ့၊ TOTAL တို့ POSCO တို့ကို ဥပဒေကြောင်းအရလည်း ချဉ်းကပ်ဆောင်ရွက်ဖို့ ပြင်ဆင်နေတာတွေရှိပါတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ကတည်းက ရေနံနှင့် သဘာဝဓာတ်ငွေ့ရောင်းချငွေများအား အာဏာသိမ်းစစ်အုပ်စုထံသို့ မရောက်ရှိစေရန် တားမြစ်သည့်စာကို ကမ်းလွန်ရေနံတူးဖော်ရေးကုမ္ပဏီများထံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ပေးပို့ ညွှန်ကြားခဲ့ပြီး မတ် ၁၆ တွင် ထပ်မံပေးပို့ခဲ့သည်။ 

အာဏာသိမ်းပြီး ပြည်သူအများအပြားကို သတ်ဖြတ်နေသော စစ်အုပ်စု၏ အဓိကဘဏ္ဍာငွေရလမ်း ၃ ခုမှာ ပြည်သူ့အခွန်ငွေများ၊ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေများ၊ နိုင်ငံတကာချေးငွေများဖြစ်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသည် နိုင်ငံပိုင်စီးပွားရေးအရင်းအမြစ်များမှ ဝင်ငွေရရှိနေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ 

ထို့ကြောင့် စစ်အုပ်စု သက်ဆိုးမရှည်စေရေးအတွက် ၎င်း ဝင်ငွေရလမ်း ၃ ခုကို ဖြတ်တောက်ပိတ်ဆို့ရန် CRPH  က လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။ 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနမှာ စစ်ကောင်စီ၏ အခွန်ဘဏ္ဍာအရင်းအမြစ်များကို ဖြတ်တောက်ပိတ်ဆို့ရန်နှင့် ထိုအရေးယူပိတ်ဆို့မှုများကြောင့် ဖြစ်ပေါ်လာမည့် ပြည်သူလူထု၏ လူမှုစီးပွား၊ ဘဝများကို ကူညီထောက်ပံ့နိုင်ရန်တို့သည် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာန၏ အဓိက မူဝါဒ ၂ ချက် ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီမှ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများမှ တစ်နှစ်လျှင် ဘီလျံ ၂,၄၀၀ ကျော် ရရှိနေသည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ပြုစုထားသည့်စာရင်းများအရ သိရသည်။

ထို့ကြောင့် ပြည်သူက ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် NUG အစိုးရက ထိုအခွန်ဘဏ္ဍာငွေများ စစ်ကောင်စီထံ မစီးဆင်းသွားနိုင်ရန် အပြင်းအထန်ကြိုးစားနေခြင်းဖြစ်သည်။

ထိုနိုင်ငံတကာရေနံကုမ္ပဏီများဘက်ကမူ စစ်ကောင်စီကို အခွန်ငွေပေးခြင်းမဟုတ်ဘဲ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကိုသာ အခွန်ငွေပေးသွင်းရခြင်းဖြစ်သည်ဟု တုံ့ပြန်ခဲ့ပြီး MOGE ကို အရေးယူပိတ်ဆို့နိုင်ရန်အတွက်လည်း US State Department မှတစ်ဆင့် ကြိုးပမ်းဆောင်ရွက်နေသည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံရေးဝန်ကြီး ဦးတင်ထွန်းနိုင်က ဆက်ပြောသည်။

“ကျွန်တော်တို့ရဲ့ တိုက်တွန်းတောင်းဆိုချက်တွေ အရာထင်လာခဲ့မယ်ဆိုရင် ရေနံနဲ့ သဘာဝဓာတ်ငွေ့က ဝင်ငွေတွေသည် ကျွန်တော်တို့ မျှော်လင့်သလိုပဲ စစ်အုပ်စုဆီကို မရောက်ဘဲနဲ့ နောင်တစ်ချိန်မှာ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေတွေဖြစ်လာမယ်လို့တော့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ ချုပ်ကိုင်ထားသော MOGE ထံ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများမှ ဝင်ငွေများ စီးဆင်းမှုမရှိစေရန်နှင့် စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများ ထပ်တိုးရန် အမေရိကန်အထက်လွှတ်တော်အမတ်များက ပြီးခဲ့သည့်အင်္ဂါနေ့က တောင်းဆိုထားသည်။

ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းတွင် အမေရိကန်စွမ်းအင်ကုမ္ပဏီ CHEVRON က ၂၈ ဒသမ ၃ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားပြီး ပြင်သစ်ကုမ္ပဏီ TOTAL က ၃၁ ဒသမ ၂၄ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။

ရေနံကုမ္ပဏီကြီးများထံမှ ရရှိသည့် အခွန်ငွေများဖြင့် အာဏာသိမ်းစစ်ကောင်စီသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေကြောင်း၊ လက်နက်အင်အားသုံးပြီး တိုင်းရင်းသားဒေသများတွင်လည်း ပစ်ခတ်သတ်ဖြတ်နေကြောင်း လူ့အခွင့်အရေး လေ့လာပညာပေးနေသော အဖွဲ့တစ်ခုဖြစ်သည့် Equality Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက သုံးသပ်သည်။

“ဒီပိုက်ဆံတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ အခုဆိုရင်တော့ နိုင်ငံတကာရာဇဝတ်မှုချိုးဖောက်ဖို့အတွက် အားပေးနေတဲ့ သဘောမျိုးဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

“ဒီလိုမျိုး လူတွေကို သတ်ဖြတ်နေမှုက Crime Against Humanity လို့ ခေါ်တဲ့ လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေတဲ့ တရားမမှုဖြစ်သွားပါပြီ။ အဲဒါမျိုးဆိုရင်တော့ ခုနက ပြောသလို ငွေကြေးနဲ့တင် မကတော့ဘူး။ ဒီထက်ပိုပြီးတော့ ပြင်းထန်တဲ့ ဥပဒေပိုင်းဆိုင်ရာ ရာဇဝတ်မှုနဲ့ သက်ဆိုင်သော ဥပဒေမူ လမ်းကြောင်းအတိုင်း ဆက်လက်သွားဖို့အတွက် လိုပါတယ်” 

ထို့ကြောင့် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီကြီးများအနေဖြင့် လုပ်ငန်းများရပ်ဆိုင်းပြီး အမြန်ဆုံးထွက်ခွာမသွားပါက နိုင်ငံတကာဥပဒေများနှင့်အညီ တရားစွဲဆိုသွားရန် ၎င်းက တိုက်တွန်းသည်။ 

မြန်မာ့ပင်လယ်ပြင်ရှိ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းတွင် လုပ်ကိုင်လျက်ရှိသည့် ပြင်သစ်ရေနံကုမ္ပဏီ TOTAL သည် လုပ်ငန်းများ ရပ်ဆိုင်းခြင်းမရှိသေးသည့်အပြင် သဘာဝဓာတ်ငွေ့ရောင်းချငွေများကို စစ်ကောင်စီထံသို့ ပုံမှန်အတိုင်းလွှဲပြောင်းပေးနေသည်ဟု TOTAL ကုမ္ပဏီမှ လုပ်သက် ၁၄ နှစ်ရှိ အင်ဂျင်နီယာတစ်ဦးက ဧပြီ ဒုတိယအပတ်တွင် Myanmar Now ကို ပြောသည်။

မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် အဓိကရင်းနှီးမြှုပ်နှံခွင့်ရထားသည့် ပြင်သစ်ကုမ္ပဏီ TOTAL နှင့် ပတ်သက်ပြီး ပြင်သစ်သံအမတ်ကြီးနှင့် တွေ့ဆုံဆွေးနွေးထားပြီး ပြင်သစ်နိုင်ငံရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများနှင့် ပူးပေါင်းပြီး ဖိအားပေးဆောင်ရွက်နိုင်ရန် ကြိုးပမ်းနေသည်ဟု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။    

၁၉၉၂ ခုနှစ်က ရင်းနှီးမြှုပ်နှံခွင့်ရရှိခဲ့သည့် ပြင်သစ်ရေနံကုမ္ပဏီ TOTAL သည် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းတွင် လုပ်ကိုင်လျက်ရှိပြီး ရခိုင်ကမ်းလွန်ရှိ A-6 လုပ်ကွက်၊ မုတ္တမပင်လယ်ပြင်ရှိ ကမ်းလွန်ရေနံလုပ်ကွက်များကိုလည်း လုပ်ကိုင်ခွင့်ရရှိထားသည်။

Show More

Related Articles

Back to top button