ဆောင်းပါး

မြေယာပြဿနာတွေပြည့်နေတဲ့ မြန်မာပြည်ရဲ့စပါးကျီ

ပန်းတနော် – သေနတ်သံ၊ ဒေသခံတို့နှင့် ရဲတပ်ဖွဲ့ဝင်တို့ အပြန်အလှန် အော်ဟစ်ကြိမ်းမောင်းသံ၊ ကြောက်လန့်တကြား ကလေးငိုသံတို့က ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ တိတ်ဆိတ်ငြိမ်သက်နေသည့် မီးမှိန်မှိန် တံငါရွာလေးတစ်ခုတွင် ရုတ်တရက် ပေါ်ပေါက်လာသည်။

ရွာထိပ် လမ်းမကြီးတွင် လက်နက်ကိုင်ဆောင်ထားသော ရဲတပ်ဖွဲ့ဝင် အယောက် ၃ဝ ကျော် ရှိနေပြီး အရာရှိဟု ယူဆရသူ တစ်ဦးက သူ၏မျက်နှာချင်းဆိုင်တွင်ရှိနေသည့် ဒေသခံရွာသားများကို ရှေ့တိုးလာပါက ပစ်ခတ်မည်ဖြစ်ကြောင်း အော်ဟစ်သတိပေးနေသည်။

ပန်းတနော်မြို့နယ် ခနွဲကဘိုကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီ ၃ရက်နေ့ညက ဖြစ်ပွားခဲ့သော အထက်ပါ ပဋိပက္ခအတွင်း ဒဏ်ရာ အပြင်းအထန်ရသွားသူတစ်ဦးမှာ အသက် ၃ဝ အရွယ် ကိုဝင်းကျော် ဖြစ်သည်။

“ဘယ်ဘက်ချိုင်းအောက်မှာ ပူခနဲဖြစ်သွားတယ်၊ သွေးတွေစီးကျလာတော့မှ ကျွန်တော် ဓားနဲ့အထိုးခံလိုက်ရပြီဆိုတာ သိလိုက်ရတယ်” ဟု ကိုဝင်းကျော်က ပြောသည်။

လယ်သိမ်းခံရသူများနှင့် ကုမ္ပဏီတို့အကြား ထိပ်တိုက်ရင်ဆိုင်နေကြသည့်အမှုများအနက် စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ပံတောင်းတောင်ဒေသ ကြေးနီတူးဖော်မှုစီမံကိန်းနယ်မြေ ဝန်းကျင်တွင် ဖြစ်ပွားသည့် အမှုများက လူသိများသော်လည်း မြန်မာနိုင်ငံ၏စပါးကျီဖြစ်သော ဧရာဝတီတိုင်းဒေသကြီးအတွင်း မြေသိမ်းမှုနောက်ဆက်တွဲပဋိပက္ခများအကြောင်းကမူ အာရုံစိုက်ခံရမှု နည်းလှသည်။

နိုင်ငံအနှံ့ သိမ်းဆည်းမြေဧကပေါင်း သန်းနှင့်ချီ ရှိခဲ့ပြီး ပမာဏ အများအပြားကို ကုမ္ပဏီကြီးများက လုပ်ကိုင်လျက်ရှိရာ မူလပိုင်ရှင်တို့က ဝင်ရောက်လုပ်ကိုင်ရာမှ ဆက်တိုက်ပေါ်ပေါက် လာသော ပဋိပက္ခတို့မှာ သမ္မတဦးသိန်းစိန်အစိုးရ၏ နောက်ဆုံးရက်များအထိ ဖြစ်ပွားနေဆဲဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ ခနွဲကဘို၊ ကြက်ခတ္တော၊ ခတ္တိယ စသည့် ကျေးရွာများတွင် မှောင်စပျိုးလာသည်နှင့် ဒေသခံတို့က ရွာထိပ်တွင် ကင်းစောင့်နေကြသည်ကို တွေ့ရသည်။

အမှုဖွင့်ခံထားရသူ လယ်သမား ခေါင်းဆောင်များကို ဝင်ရောက်ဖမ်းဆီးရန် လာရောက်သည့် ရဲတပ်ဖွဲ့ဝင်များ ရွာတွင်းဝင်လာလျှင် အချက်ပေးနိုင်ရန် အတွက် ထိုသို့ ကင်းပုန်းဝပ်ကြခြင်း ဖြစ်သည်ဟု ဒေသခံတို့က ရှင်းပြသည်။

ဒေသခံတို့၏ သည်းမခံနိုင်မှု

ယခင် စစ်ခေါင်းဆောင်တို့နှင့် ထိစပ်မှု ရှိခဲ့သည့် ကုမ္ပဏီများအနက် ဖိုးလမင်းကုမ္ပဏီသည် ၂ဝဝဝ ပြည့်နှစ် ဝန်းကျင်တွင် ပန်းတနော်မြို့နယ်၊ ခနွဲကဘိုကျေးရွာအုပ်စုအတွင်း လယ်ယာမြေ ဧက ရာထောင်ချီ လုပ်ပိုင်ခွင့် ရရှိခဲ့သည်။

ဖိုးလမင်းကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ ဦးကျင်ညိမ်းက ၎င်းပိုင်ဆိုင်သည့် လယ်ယာမြေများအနက် ဧက ၂၃ဝဝ ကျော်ကို ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း Myanmar Now ကို ပြောပြသည်။

ဖိုးလမင်းကုမ္ပဏီနှင့် ထိပ်တိုက်တွေ့နေသူများအနက် တစ်ဦးမှာ ကြက်ခတ္တောကျေးရွာမှ ၄၉နှစ်အရွယ် ဦးသန်းရှင် ဖြစ်သည်။ ကရင်အမျိုးသား၊ တိုင်းရင်းဆေးဆရာ ဦးသန်းရှင်သည် မြစ်ဝရေကြီးကွင်း ဒေသရှိ ကျေးရွာများအပေါ်တွင် သြဇာရှိသူတစ်ဦးဖြစ်ပြီး သူ့နေအိမ် စာကြည့်တိုက်တွင် သမ္မတဦးသိန်းစိန်ပုံနှင့် သူပြောကြားခဲ့သော လယ်ယာမြေပြန်လည်ပေးအပ်ရေး မိန့်ခွန်း ကောက်နုတ်ချက် ပါရှိသော ၆ပေခန့်မြင့်သည့် ပိုစတာတစ်ခု ချိတ်ဆွဲထားသည်။

၁၅ ဧက အသိမ်းခံရသည့် ဦးသန်းရှင်မိသားစုက လက်ကျန်မြေ ၈ ဧက ပေါ်တွင် စိုက်ပျိုးနိုင်သော်လည်း ဒေသတွင်း မိသားစု အများအများအပြားမှာ မြေယာမဲ့သွားပြီး အလုပ်အကိုင် ပြောင်းလဲသွားကြသည်။

“မြို့ပေါ်တက်ပြီး အိမ်အကူလုပ်ရတဲ့မိန်းမပျိုတွေနဲ့ အထည်ချုပ်စက်ရုံတွေမှာ သွားပြီး အလုပ် သွားလုပ်ကြတဲ့လူတွေနဲ့ တော်တော် ဒုက္ခရောက်ကြပါတယ်” ဟု သူက ပြောသည်။
ဦးသန်းရှင်နှင့် မြစ်ဝရေကြီးကွင်းဒေသခံ လယ်သမား ၂ဝ ခန့်မှာ ယခင်က ပိုင်ဆိုင်ခဲ့ကြသည့် လယ်ယာမြေများပေါ်တွင် ဝင်ရောက်ထွန်ယက်စိုက်ပျိုးရာမှ တရားစွဲဆို၊ ဖမ်းဝရမ်းထုတ်ခံထားရသည်။

ရဲတပ်ဖွဲ့၏ ကဏ္ဍ

ပန်းတနော်မြို့နယ် မြစ်ဝရေကြီးကွင်းဒေသအတွင်း လယ်ယာမြေပြဿနာကြောင့် တရားစွဲဆိုခြင်းခံခဲ့ရသူ အရေအတွက်မှာ ပြီးခဲ့သည့်အနှစ် ၂ဝ အတွင်း အယောက် ၉ဝဝ ကျော် ရှိပြီး ထက်ဝက်ခန့်မှာ ထောင်ဒဏ် ချမှတ်ခံရပြီးကြောင်း မှတ်တမ်း ပြုစုထားသည်ဟု ဒေသခံတို့က ဆိုသည်။

ခနွဲကဘိုကျေးရွာမှ အသက် ၄ဝအရွယ် ဦးကြည်စိုးက လယ်ယာမြေ သိမ်းဆည်းထားသည့် ကုမ္ပဏီဘက်တွင် ရဲတပ်ဖွဲ့ဝင်တို့ ရပ်တည်သည်ဟု ယူဆနေသည်။

“အာဏာပိုင်အဖွဲ့အစည်းကို ဒေသခံရွာသားတွေက တွန်းလှန်ဖို့ဆိုတာ အာဏာပိုင်အဖွဲ့အစည်းက တော်တော်ကြီးကို မဟုတ်မမှန်လုပ်နေလွန်းလို့သာ လုပ်ရဲကြတာပါ” ဟု သူကပြောသည်။

ခနွဲကဘိုကျေးရွာအုပ်စုတွင် ၁ဝနှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သူ စခန်းမှူး ရဲအုပ်ဆန်းယုနိုင်က မြစ်ဝရေကြီးကွင်းဒေသတွင် ဖိုးလမင်းကုမ္ပဏီနှင့်ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားနေသည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သည် ဟုဆိုသည်။

ဒေသခံများ နစ်နာမှုရှိသည် မရှိသည် ဆိုသည်မှာ အုပ်ချုပ်သူများနှင့်သာ သက်ဆိုင်ကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်တို့ကမူ ဖြစ်ပေါ်နေသော ပဋိပက္ခကို ဥပဒေအရ ဝင်ရောက် ဆောင်ရွက်မည် ဖြစ်ကြောင်း ရဲအရာရှိက ပြောသည်။

“မြေယာတွေက မတရားသိမ်းဆည်းခံခဲ့ရသလား ဆိုတာကတော့ တစ်ပိုင်းပေါ့ဗျ။ ကုမ္ပဏီကတော့ ဥပဒေအရ လုပ်ပိုင်ခွင့်ရထားတာဖြစ်ပါတယ်” ဟု ခနွဲကဘိုကျေးရွာအုပ်စုရှိ သူတာဝန်ကျရာ ရဲစခန်းတွင် တွေ့ဆုံစဉ်က ပြောပြသည်။

ဖေဖော်ဝါရီလဆန်းပိုင်း ပန်းတနော်၊ ခနွဲကဘိုတွင် ဒေသခံတို့နှင့် ထိပ်တိုက်တွေ့စဉ် အရပ်သားတစ်ဦး ထိုးသွင်းဒဏ်ရာ ရရှိသွားခြင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တို့၏လက်ချက် မဟုတ်ကြောင်း၊ လူစုလူဝေးနှင့် ရင်ဆိုင်ရစဉ်က ဓားအသုံးပြုခြင်းမရှိကြောင်း ထိုဒေသတွင် တာဝန်ကျသော ရဲအရာရှိတို့က ဆိုသည်။

သိမ်းဆည်းခံရသည့်မြေပေါ်တွင် ဝင်ရောက်လုပ်ကိုင်ရာမှ ပိုင်နက်ကျူးလွန်မှု၊ခိုးယူမှု၊ အကျိုးစီးပွား ဖျက်ဆီးမှုတို့ဖြင့် ၂ဝ၁၃ခုနှစ်က ထောင်တစ်နှစ်ကျသွားသူ အသက် ၆ဝအရွယ် ဒေါ်လှဦး (ဓာတ်ပုံ -ဖြိုးသီဟချို/Myanmar Now)
သိမ်းဆည်းခံရသည့်မြေပေါ်တွင် ဝင်ရောက်လုပ်ကိုင်ရာမှ ပိုင်နက်ကျူးလွန်မှု၊ ခိုးယူမှု၊ အကျိုးစီးပွား ဖျက်ဆီးမှုတို့ဖြင့် ၂ဝ၁၃ခုနှစ်က ထောင်တစ်နှစ်ကျသွားသူမှာ အသက် ၆ဝအရွယ် ဒေါ်လှဦး ဖြစ်သည်။

“ဒီအတိုင်းသာဆက်ဖြစ်နေမယ်ဆိုရင်တော့ ကျွန်မတို့ရွာမှာ သွေးချောင်းစီးမှာပဲ။ မခံနိုင်တဲ့အဆုံးတော့ ကျွန်မတို့က ပြန်ခုခံရမှာပါပဲ” ဟု ဒေါ်လှဦးက မခံမရပ်နိုင်ဖြစ်နေသည့် လေသံဖြင့် ပြောသည်။

တရားစွဲခံရသူများထဲတွင် အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးပင် ပါဝင်သည်ဟု ဒေါ်လှဦးက ခနွဲကဘိုကျေးရွာရှိ သူ၏ အလွန်ကျဉ်းမြောင်းသည့် နေအိမ်အတွင်း ပြောပြသည်။

ရဲအုပ်ဆန်းယုနိုင်ကမူ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဒေသခံတို့က အေးအေးချမ်းချမ်းတောင်း ဆိုသင့်သည်ဟု ဆိုသည်။

“မတရားမှုကိုတိုက်ဖျက်မယ်ဆိုပြီး လူစု၊ လူဝေးနဲ့ အတင်းကျူးကျော်ဝင်ရောက်တဲ့အတွက် အမှုတွေဖြစ်ရတာပါ” ဟု ရဲအုပ်ဆန်းယုနိုင်က ပြောသည်။

ဤအတောအတွင်း အစိုးရ၏ မြေအသုံးချ စီမံခန့်ခွဲရေး ဗဟိုကော်မတီက သတင်းထုတ်ပြန်ရာ ဧရာဝတီတိုင်းအတွင်း ပြန်လည် စွန့်လွှတ်မည့် မြေဧရိယာ ဧကပေါင်း ကိုးသောင်းကျော်ရှိနေသည်ဟု ဆိုသည်။

အစိုးရသက်တမ်းကုန်ဆုံးရန် ဆယ်ရက်ခန့်အလိုတွင် ထွက်ပေါ်လာသော ထိုသတင်းထုတ်ပြန်ချက်အရ တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် ဧရာဝတီတွင် စွန့်လွှတ်မြေ အများဆုံးဖြစ်ကြောင်း တွေ့ရသည်။

စစ်အစိုးရများလက်ထက် ပေါ်ပေါက်ခဲ့သော မြေသိမ်းယာသိမ်းအမှုများ၏ နောက်ဆက်တွဲ ပြဿနာတို့ကို ဦးသိန်းစိန်အစိုးရ၏ ငါးနှစ်သက်တမ်းအတွင်း ရာခိုင်နှုန်းအနည်းငယ် ဖြေရှင်းပေးနိုင်ခဲ့သည်။ ကျန်နေသည့် ပြဿနာတို့ကို လူထုအများစု မဲပေးရွေးချယ်လိုက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဧပြီ ၁ ရက်နေ့ အစိုးရဖွဲ့စည်းပြီးနောက်ပိုင်း ဆက်လက် ကိုင်တွယ် ဖြေရှင်းရတော့မည် ဖြစ်သည်။ ။

Show More

Related Articles

Back to top button