
ရန်ကုန် — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံရာတွင် နောက်ကွယ်က ခိုင်းစေသူဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခံထားရသည့် ဇေယျာဖြိုး၏ ရာဇဝတ်အထွေထွေ စာချွန်တော်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယနေ့ ပယ်ချလိုက်သည်။
ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး၊ အထူးခုံရုံးက လူသတ်ရန် ပူးပေါင်းကြံစည်သည့် ပုဒ်မ ၃၀၂(၁)(ခ)/၁၀၉ ဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့က စွဲချက်တင်ထားသော အမိန့်ကိုပြင်ဆင်ပေးရန် စာချွန်တော် တက်ခြင်းကို နိုင်ငံ၏အမြင့်ဆုံးတရားရုံးက ပယ်ချလိုက်ခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ် စီရင်ထုံးတွင် စာချွန်တော်ဆိုသည်မှာ ပြည်ထောင်စုတရားရုံးချုပ်၏ လက်အောက်ခံတရားရုံး သို့မဟုတ် အလားတူနေရာသို့သာ သွားရကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တစ်ပါးထိုင်ရုံးက (အကျဉ်းနည်းဖြင့်) ပလပ် ထားပြီးသား အမှုကို စာချွန်တော် ထပ်တက်ခြင်းဖြစ်သဖြင့် စီရင်ထုံးပါမူနှင့် စာချွန်တော်ဥပဒေဆိုင်ရာ တည်ဆဲ ဥပဒေ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်သောကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပလပ်ခြင်းဖြစ်သည်ဟု ဦးကိုနီ မိသားစု ဘက်မှ အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က Myanmar Now ကို ပြောသည်။
“ဇေယျာဖြိုးအပေါ်မှာ ပြစ်မှုပြစ်ဒဏ်နဲ့ ပတ်သက်လို့ သုံးသပ်ဆုံးဖြတ်မယ်ဆိုရင် အခုစွဲချက်တင်ထားတဲ့ ပုဒ်မအရ တရားရုံးက လွတ်လွတ်လပ် ဆုံးဖြတ်လို့ ရသွားပြီ။ တစ်စုံတစ်ရာအတွက် ပြင်ဆင်၊ ပယ်ဖျက်၊ ကန့်သတ်ထားတာ မရှိ ဘူးဆိုတာ ပေါ်လွင်သွားတဲ့အတွက် ရသွားပြီ” ဟု ၎င်းကဆက်ပြောသည်။
ဇေယျာဖြိုးအနေဖြင့် ပြင်ဆင်မှုကို အဆင့်ဆင့်တင်သွင်းခဲ့ရာတွင် မြန်မာနိုင်ငံ၏ အမြင့်ဆုံးတရားရုံးချုပ်က ပယ်ချခြင်း ကြောင့် တရားဥပဒေဆိုင်ရာ လမ်းဆုံးသွားပြီဟု ဦးကိုနီအမှုတွင် တရားလိုရှေ့နေတစ်ဦးဖြစ်သည့် တရားလွှတ်တော် ရှေ့နေ ဦးနေလက ပြောသည်။
ဇေယျာဖြိုးသည် စစ်ဗိုလ်ဟောင်းတစ်ဦးဖြစ်ပြီး၊ ဦးကိုနီလုပ်ကြံမှုတွင် ထွက်ပြေးလွတ်မြောက်နေသူ ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်နှင့် စီးပွားရေးအတူ လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သည်။ ၎င်းကို ဦးကိုနီလုပ်ကြံမှုဖြစ်ပွားပြီး ရက်ပိုင်းအကြာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၃ ရက် နေ့တွင် ရန်ကင်းမြို့နယ်၊ ကျောက် ကုန်းပရိယတ္တိစာသင်တိုက် တွင် ရဟန်းဝတ်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဇေယျာဖြိုးမှာ ဦးကိုနီလုပ်ကြံမှုဖြင့် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံခဲ့ရပြီး လူသတ်ရန် ပူးပေါင်းကြံစည်သည့် ပုဒ်မ ၃၀၂ (၁) (ခ)/၁၀၉ ဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက စွဲချက်တင်ခဲ့သည်။ ပြစ်မှုထင်ရှားပါက အနိမ့်ဆုံး ထောင်ဒဏ် ခုနစ်နှစ်မှ အမြင့်ဆုံးသေဒဏ်အထိ ပြစ်ဒဏ်စီရင်နိုင်သည်။
နှစ်နှစ်ကျော်ကြာအောင်စစ်ဆေးခဲ့ရသည့် ယင်းအမှုတွင် မြောက်ပိုင်းခရိုင်၊ အထူးခုံရုံး၌ သက်သေ အားလုံးကို စစ်ဆေးခဲ့ပြီးနောက် အပြီးသတ်လျှောက်လဲချက်ပေးရန် ၁၀၃ ကြိမ်မြောက် ရုံးချိန်းအဖြစ် လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့သို့ ချိန်းဆိုထားသည်။