သတင်း

ငလျင်ကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ပျက်စီးခဲ့၍ ယာယီတရားရုံးဖွင့်စစ်ဆေးနေရ

ဖမ်းဆီးချုပ်နှောင်ထားသည့် ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်များ၏အမှုများအပါအဝင် အထူးစစ်ဆေး မှုများပြုလုပ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသည် ငလျင်ကြောင့် ပျက်စီးခဲ့သည့်အတွက် ခရိုင်တရားရုံးတစ်ခုသို့ ပြောင်းရွှေ့စစ်ဆေးနေရသည်။

တရားစီရင်ရေးမဏ္ဍိုင်၏အမြင့်ဆုံးတရားရုံးဖြစ်သောပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ငလျင်ဒဏ် သင့်ခဲ့သဖြင့် တရားခွင်များကို  ယနေ့ (ဧပြီ ၂၃) မှစ၍ ဇေယျာသီရိခရိုင်တရားရုံးတွင် ပြောင်းရွှေ့စစ်ဆေး နေပြီဖြစ်သည်ဟု တရားရေးအသိုင်းအဝိုင်းထံက သိရသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသည် မတ် ၂၈ ရက်နေ့က အင်အားပြင်းငလျင်ကြောင့် ပျက်စီးမှု များပြားခဲ့သဖြင့် ပြင်ဆင်မှုများ လုပ်ဆောင်နေစဉ် ဇေယျာသီရိခရိုင်တရားရုံးသို့ ယာယီပြောင်းရွှေ့ ခဲ့သည်ဟု စစ်ကောင်စီက ဧပြီ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အများပြည်သူ၏ဥပဒေပါအခွင့်အရေးများ မဆုံးရှုံးစေရန်နှင့် အမှုကြားနာခြင်းကို ပုံမှန်ဆောင်ရွက်နိုင် ရန်ဟု စစ်ကောင်စီဘက်က ဆိုသည်။

မတ် ၂၉ ၊ ၃၁ ၊ ဧပြီ ၁ ရက်နေ့တို့တွင် ကြားနာရမည့်အမှုများကို  ယနေ့မှစ၍ ဧပြီ ၂၅ ရက်အထိ ပြန်လည် ကြားနာသွားမည်ဟု သိရသည်။ 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် စုံညီခုံရုံး၊ အထူးအယူခံခုံရုံး၊ အထူးခုံရုံး၊ ရာဇဝတ်ဆိုင်ရာနှင့် တရားမဆိုင်ရာ အထူးအယူခံ ပြင်ဆင်မှုများကို ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကြံဖန်စွဲချက်တင်ခံထားရသည့် တချို့အမှုများကို အထူးအယူခံ ကြားနာခဲ့သည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌလည်းဖြစ်၊ အစိုးရအဖွဲ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာဏာ သိမ်းသည့်နေ့ကတည်းက ဖမ်းခဲ့ပြီး အမှု ၁၉ မှု ဆင်ကာ ထောင် ၃၃ နှစ် အမိန့်ချထားသည်။

“အဲမှာက တရားခွင်တွေဖွင့်ပြီး ကြားနာတာနဲ့ အမိန့်ချမှတ်တာတွေ ရုံးထိုင်ပြီး စီမံမယ်လို့တော့သိရတယ်၊ ယာယီရုံးထိုင်ဆိုပေမယ့်၊ လနဲ့ချီပြီးတော့ ကြာမယ်လို့တော့သိရတယ်”ဟု  ဇေယျာသီရိခရိုင်တရားရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့်အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှုးအဆင့် အပါအဝင်အရာရှိ များနှင့် တရားရေးအမှုထမ်းများ ဇေယျာသီရိခရိုင်တရားရုံးတွင် ရုံးထိုင်မည်ဖြစ်ပြီး တရားသူကြီးများ အတွက် နားနေခန်းများရှိကြောင်း ရှေ့နေတစ်ဦးက ပြောသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသည် သီရိမဏ္ဍိုင်လမ်း၊ ဥတ္တရသီရိမြို့နယ်တွင် တည်ရှိကာ ဇေယျာသီရိခရိုင်တရားရုံးသည် ဗုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ချင်းတွင်းလမ်းတွင် တည်ရှိပြီး  မြို့နယ်ရုံးသည် စစ်ဦးစီးချုပ်ရုံးနှင့်နီးစပ်သည့် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် တွင် ရှိသည်။

 သီရိမဏ္ဍိုင်လမ်း၊ ဥတ္တရသီရိမြို့နယ်တွင် တည်ရှိသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး။

အဆိုပါမြေငလျင်ဒဏ်ကြောင့် ဇေယျာသီရိခရိုင်တရားရုံးနှင့် ပုဗ္ဗသီရိမြို့နယ်တရားရုံးများတွင် အနည်း ငယ် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ထားသည်ဟု စစ်ကောင်စီထုတ်ပြန်ချက်များကတဆင့် သိရသည်။ 

လက်ရှိတွင် ဇေယျာသီရိခရိုင်တရားရုံး၌  လုံခြုံရေးအထူးတင်းကျပ်ထားခြင်းမရှိဘဲ တရားရေးဝန်ထမ်း များက မှတ်ပုံတင်ဖြင့် ဝင်ခွင့်ထွက်ခွင့် ပြုလုပ်ရကြောင်း တရားရေးဝန်ထမ်းတချို့က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်များ၏ အမှုများကို စီမံဆုံးဖြတ်နေ သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးအဆောက်အဦပျက်စီးထိခိုက်မှုအခြေအနေ အသေးစိတ် မသိရပေ။ 

ပြီးခဲ့သည့် မတ် ၂၈ ရက်နေ့က စစ်ကိုင်းမြို့နှင့်မန္တလေးမြို့ကို ဗဟိုပြုပြီး ၇ ဒသမ ၇ အဆင့်ရှိ ငလျင် လှုပ်သွားခဲ့ရာ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်တို့ ထိခိုက်ပျက်စီးမှု များပြားခဲ့သည်။

အထူးသဖြင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် လွှတ်တော်၊ ဝန်ကြီးဌာနများ၏ အဆောက်အဦ များ၊ ဝန်ထမ်းအိမ်ရာများ ပြိုကျပျက်စီးသွားရာ စစ်ကောင်စီသည် အုပ်ချုပ်ရေးယန္တရား ပြိုလဲလုနီးပါး ဖြစ်ခဲ့သည်။ 

စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားကို မောင်းနှင်ပေးမည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံး၊ ကာကွယ်ရေး ပြန်ကြားရေး၊ စက်မှု၊ စွမ်းအင်၊ အလုပ်သမား စသော ဝန်ကြီးဌာနတို့၏ အဆောက်အအုံများ ပျက်စီးသွားသည်။ 

ထို့ပြင် ဆိုက်ဘာဌာန၊ စစ်ရုံးချုပ်၊ ပြည်ထဲရေး၊ မြန်မာ့မီးရထား၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနနှင့် ဗဟိုဘဏ်အဆောက်အဦးများမှာလည်း ထိခိုက်ပျက်စီးမှုများရှိကြောင်း စစ်ကောင်စီက ထုတ်ပြန် သည့် သတင်းများတွင် ဖော်ပြထားသည်။ 

စစ်ကောင်စီက ၎င်း၏ယန္တရား အမြန်ဆုံးပြန်လည်ပတ်နိုင်ရန် အလျင်အမြန်ကြိုးပမ်းနေပြီး ယခုလကုန် တွင် နေပြည်တော်ရှိ ဝန်ကြီးဌာနများ ပုံမှန်လည်ပတ်နိုင်ရန် စီစဉ်နေကြောင်း ထုတ်ဖော်ပြောဆိုထားသလို နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် ဌာနအချို့ကိုလည်း ရန်ကုန်သို့ ယာယီပြောင်းရွှေ့ရန် စီစဉ်နေသည်။

ယနေ့ ဧပြီ ၂၃ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာများတွင် ဥပဒေရေးရာ၊ စွမ်းအင်၊ စက်မှု၊ အလုပ်သမား၊ ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းအများစုသည် ရုံးလုပ်ငန်း ပုံမှန်ဆောင်ရွက်နေကြသည်ဟုဆိုကာ  ဖော်ပြထားသည်။

ငလျင်နှင့် နောက်ဆက်တွဲ ငလျင်များကြောင့် ဧပြီ ၂၀ ရက်နေ့ထိ သေဆုံးသူ ၃၇၃၅ဦး၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၅၁၀၈ ဦးနှင့် ပျောက်ဆုံးသူ ၁၂၀ဦး ရှိသည်ဟု စ်စကောင်စီက ထုတ်ပြန်ထားသည်။

Related Articles

Back to top button