စစ်ကော်မရှင် ရုံးစိုက်ရာ နေပြည်တော်တွင် ငလျင်ဒဏ်ကြောင့် လူနေထိုင်ရန် မသင့်တော်သော ဝန်ထမ်း အိမ်ရာအချို့တွင် စစ်ကော်မရှင်ဝန်ထမ်းများပြန်လည်နေထိုင်နေရကြောင်း ကာယကံရှင်များနှင့် စည်ပင် သာယာရေးကော်မတီဝန်ထမ်းအချို့ထံက စုံစမ်းသိရသည်။
ဖြိုချရန်နှင့် အကြီးစားပြင်ဆင်ရန် အနီရောင်အဆင့် သတ်မှတ်ထားသော အဆောက်အအုံများကို ပြန် လည်ပြုပြင်၍ နေရာချထားပေးမည်ဖြစ်ရာ ပြန်လည်နေထိုင်ရသူများက ကြောက်လန့်နေကြကြောင်း သိရသည်။
စစ်ကော်မရှင်က ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများကို အနီရောင်၊ လိမ္မော်ရောင်၊ အပြာရောင် စသည်ဖြင့် အဆင့်များ သတ်မှတ်ထားသည်။ အနီရောင်အဆင့်သည် ဖြိုချရန်နှင့် အကြီးစားပြင်ဆင်ရန်ဖြစ်ပြီး လိမ္မော်ရောင်သည် အလတ်စားပြုပြင်ရန်ဖြစ်ကာ အကန့်အသတ်ဖြင့်သာ သုံးနိုင်ပြီး အပြာရောင်သည် အသေးစားပြုပြင်၍ အသုံးပြုနိုင်သည့် အိမ်ရာအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
အနီရောင်အဆင့်သတ်မှတ်ပြီး ပြန်လည်ပြုပြင်ထားသည့် အဆောက်အအုံများထဲတွင် ရေရှည်နေထိုင်ရန်မှာ စိတ်ပိုင်းဆိုင်ရာ အခက်ခဲများနှင့် မလုံခြုံမှုများ ရှိနိုင်ကြောင်း အသက် ၄၀ ကျော်အရွယ် ဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။
“အနီရောင်အဆင့်တွေက တိုင်တွေလည်ပြီး နံရံတွေ ပြိုကျအက်တာတွေချည်းပဲလေ၊ အဲဒါပြန်ပြင်၊ ပြန်နေ ဆိုရင်တော့ အသက်နဲ့ရင်းနေရမှာပေါ့။ ဖြစ်ချင်ရာဖြစ်ဆိုပြီး နေရမယ့် အခြေအနေကြီးလေ၊ အခု ငလျင် အသေးလေးလှုပ်ရင်တောင် ဆင်းပြေးရတာ” ဟု ၎င်းက ဆိုသည်။
ဇဗ္ဗူသီရိမြို့နယ် ဧကတစ်ထောင်ကျော်တွင် အနီရောင်အဆင့်သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာများကို ပြန်လည်ပြင်ဆင်မှုများရှိနေကြောင်း စစ်ကော်မရှင်က ပြန်နေထိုင်ရန် ညွှန်ကြားထားကြောင်း ဝန်ထမ်း အသိုင်းအဝိုင်းထံက သိရသည်။
အနီရောင်အဆင့်ဖြစ်သော်လည်း ဖြိုချရန် မလိုအပ်ဟု သတ်မှတ်သည့် အဆောက်အအုံများကို ပြန်လည် ရွေးထုတ်ကာ နည်းပညာအကူအညီဖြင့် ပြန်လည်ပြုပြင်ခြင်းဖြစ်သော်လည်း အချို့မှာ ဖြိုချရသည်အထိ အခြေအနေ ဆိုးကြောင်း နေပြည်တော်စည်ပင်မှ အင်ဂျင်နီယာတစ်ဦး က ပြောသည်။
“အခု ပြင်တယ်ဆိုတာကလည်း ပြင်ရမလားလုပ်ကြည့်တဲ့သဘောပါ၊ ကျွန်တော် သိသလောက်တော့ အနီရောင် အဆင့်သတ်မှတ်ပြီး မဖြိုဖျက်ဘဲ ပြင်နေရင်း မရတော့လို့ ဖြိုလိုက်ရတဲ့ အိမ်ရာတွေလည်း ရှိတယ်”ဟု ၎င်းက ဆိုသည်။
နေပြည်တော်တွင် အနီရောင်အဆင့်သတ်မှတ်ထားသော်လည်း မဖြိုဖျက်ဘဲ ပြန်လည်ပြုပြင်နေသော အဆောက်အအုံ ရာနှင့်ချီရှိနေပြီး လက်ရှိတွင် ၎င်းတို့ပြင်နေသည့် အဆောက်အအုံအချို့ ပြုပြင်ရန် အဆင်မပြေ၍ ဖြိုဖျက်လိုက်ရကြောင်း ဆက်ပြောသည်။
လိမ္မော်ရောင်အဆင့်သတ်မှတ်ပြီး အလတ်စားပြန်လည်ပြုပြင်ရမည့် ဝန်ထမ်းအိမ်ရာအဆောက်အအုံများတွင် ဩဂုတ်လလယ်မှစ၍ ကွဲအက်နေသည့်ပျက်စီးမှုများကို ပြင်ဆင်နေကြောင်း ဇဗ္ဗူသီရိမြို့နယ် ဧက သုံးထောင်ဘက်တွင် နေထိုင်သူ ဝန်ထမ်းအမျိုးသားတစ်ဦးက ပြောသည်။
“ပြင်တော့ သွားကြည့်သေးတယ်၊ ကွဲကြောင်းထိုးနေတာ တစ်ခန်းတည်းမဟုတ်ဘဲ အကုန်လိုက်ထိုးနေတာ၊ အက်ကြောင်းရှိတဲ့နေရာကို ကွဲကြောင်းထိုးတာပေါ့။ ကွဲပြီး ကော်နဲ့ ဘိလပ်မြေနဲ့ ပြန်သိပ်မှာပေါ့၊ ပြန်သိပ်ပြီး ပတ်တီးပြန်ကိုင်၊ ဆေးပြန်သုတ်ပြီး ပြန်အပ်၊ပြီးရင် မီးလိုင်း၊ ရေလိုင်းပြန်စစ်ပြီးရင် ပြန်အပ်တာပေါ့” ဟု ဆောက်လုပ်ရေးအကြောင်း အတန်အသင့်နားလည်သည့် ယင်းအမျိုးသားက ဆိုသည်။
လိမ္မော်ရောင်အဆင့် အကန့်သတ်ဖြင့်သာ အသုံးပြုနိုင်သည့် အိမ်ရာတစ်ခုဖြစ်သော ကံ့ကော်အိမ်ရာမှ ဝန်ထမ်းအမျိုးသားတစ်ဦးက ပြန်မပြုပြင်ခင်ကတည်းက စိုးရိမ်မှုဖြင့် နေထိုင်နေခဲ့ရကြောင်း ပြောသည်။
“မပြင်ဘဲ တက်နေတုန်းကတော့ ကိုယ့်မိသားစုနဲ့ကိုယ်ပဲ၊ ညဘက်လုံခြုံရေးယူပြီး ကိုယ်ဘာသာ လုပ်ရတာပေါ့။ ရွက်ဖျင်တဲထက်စာရင် မိုးဒဏ်လေဒဏ်ကာတယ်၊ အပြင်မှာနေလည်း သူခိုးရန်ထက် တော်သေးတယ်ဆိုပြီး တက်နေတာ၊ ရေမီးလည်းအဆင်ပြေတယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်ကော်မရှင်သည် ငလျင်ဒဏ်သင့် ၎င်း၏ဝန်ထမ်းများ နေထိုင်နိုင်ရန် ရွက်ဖျင်တဲများ၊ ကွန်တိန်နာများ ၊ ယာယီတဲအိမ်များကိုသာ ဆောက်လုပ်ထားပေးခြင်းဖြစ်ပြီး ရေ၊ မီး၊ ရာသီဥတုအပူဒဏ်ကြောင့် နေထိုင်မှု အဆင်မပြေသည့်အတွက် အချို့မှာငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများပေါ် ပြန်နေကြရသလို ငွေကြေး တတ်နိုင်သူများက ပြင်ပတွင် အိမ်ငှားရမ်းနေထိုင်ကြသည်။

ငလျင်ဒဏ် ထိခိုက်မှုနည်းပြီး အပြာရောင်အဆင့် သတ်မှတ်ထားသည့်အိမ်ရာများတွင် ယခုနှစ် မေလ ဆန်းမှစတင်၍ ဝန်ထမ်းများ ပြန်လည်နေထိုင်နေကြသည်။
စစ်ကော်မရှင်အနေဖြင့် ငလျင်ဒဏ်သင့် ပြန်လည်ထူထောင်ရေးအတွက် ဘတ်ဂျက်ငွေကြေး လိုအပ်ချက် ရှိနေပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၊ အင်ဂျင်နီယာအသင်းချုပ် စသည့် အကူအညီများဖြင့် ဝန်ထမ်းအဆောက်အအုံများနှင့် အိမ်ရာများကို အကြီးစား၊ အလတ်စား၊ အသေးစား ပြုပြင်မှုများကို ဆောင်ရွက်နေကြောင်း အထက်ပါနေပြည်တော်စည်ပင်မှ အင်ဂျင်နီယာတစ်ဦးက ပြောသည်။
ငလျင်ဒဏ်သင့် ခြောက်လပြည့်ချိန်တွင် ဝန်ထမ်းအိမ်ရာများ စတင်တည်ဆောက်ချိန်က တာဝန်ယူထားသည့် ကုမ္ပဏီများ ကို ပြန်လည်ဆောက်လုပ်ရန် တာဝန်ပေးထားသော်လည်း ယခုအချိန်အထိပင် အန္တရာယ်ရှိ အဆောက်အုံ များကို ဖြိုဖျက်ရှင်းလင်းရေး အပြီးမသတ်နိုင်သေးပေ။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ က ပြင်းအား ၇ ဒသမ ၇ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် လူပေါင်း ၃၇၀၀ ကျော်သေဆုံး၍၊ အိမ်ခြေ ၆,၇၀၀၀ ကျော် ပြိုကျပျက်စီး၊ ကျောင်းပေါင်း ၆၄၀၀ကျော်၊ ဆေးရုံ ဆေးခန်း ၃၅၀ခန့် ပျက်စီးခဲ့သည်ဟု စစ်တပ်က ဆိုသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော်ရှိမည်ဟု ကမ္ဘာဘဏ်၏ မေလ ၇ ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပျက်စီးမှုပမာဏမှာ တိုင်းပြည်ကုန်ထုတ်လုပ်မှု တန်ဖိုး၏ ၁၄ ရာခိုင်နှုန်း ဖြစ်သည်ဟု ခန့်မှန်းတွက်ချက်ထားသည်။
နောက်ဆက်တွဲ ငလျင်ငယ် လှုပ်မှုများရှိနေပြီး ငလျင်ဒဏ်သင့်ခဲ့သော နိုင်ငံအလယ်ပိုင်းဒေသများတွင် ယနေ့အထိ ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေးပေ။
သို့ရာတွင် စစ်တပ်သည် တစ်နိုင်ငံလုံးတန်ပြန်ထိုးစစ်ဆင်ရန်သာ လုံးပမ်းနေပြီး နိုင်ငံအလယ်ပိုင်း၊ ကရင်၊ ကရင်နီ၊ ရှမ်းမြောက်၊ ကချင်ပြည်နယ်တို့တွင် မြေပြင်ထိုးစစ်များ ပြုလုပ်နေသည်။
ငွေကြေးအမြောက်အမြား သုံးစွဲကာ လေကြောင်းဗုံးကြဲမှုများကိုပြုလုပ်နေ၍ ကလေးသူငယ်၊ သံဃာ၊ သက်ကြီးရွယ်အို၊ အရပ်သားများနှင့် ကာကွယ်ရေးအဖွဲ့များပါ သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်နေသည်။



