သတင်း

ကိုပါကြီးအမှုကို တရားလွှတ်တော်ချုပ် ပလပ်

ရန်ကုန် – တပ်မတော်စခန်းတစ်ခုတွင် ထိန်းသိမ်းခံရစဉ် သေဆုံးသွားသူ အလွတ်တန်း သတင်းသမား ကိုပါကြီး သတ်ဖြတ်၊ အလောင်းဖျောက်ခံရမှုကို ရဲစခန်းက အမှုပိတ်သိမ်းခြင်းနှင့် ပတ်သက်ပြီး ဥပဒေအရ ဆက်လက် အရေးယူပေးရန် တိုင်ကြားချက်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဧပြီလတွင် ပလပ်လိုက်သည်ဟု ဇနီးဖြစ်သူ ဒေါ်သန္တာက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောပြသည်။

အမှု ဆက်လက် စစ်ဆေးရေးနှင့် ပတ်သက်သည့် အာဏာပေးစာချွန်တော်အမိန့်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်သွင်းပြီး ၈ လ အကြာတွင် ပလပ်ခံရခြင်း ဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက ပြောသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆိုရင်လည်း နိုင်ငံသားများရဲ့ မူလအခွင့်အရေး ဆုံးရူံးခဲ့ပါတယ်။ ကျွန်မယောက်ျားက ဥပဒေရဲ့ အကာအကွယ်ကိုလည်း မရခဲ့ပါဘူး” ဟု ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ မူလအခွင့်အရေး ကော်မတီဝင် ဒေါ်သန္တာက ပြောသည်။

ဥပဒေအငြင်းပွားမှု

ဦးအောင်ကျော်နိုင် ခေါ် ကိုပါကြီးသည် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ၂ဝ၁၄ ခုနှစ် စက်တင်ဘာလက စတင် ပျောက်ဆုံးသွားခြင်းဖြစ်သည်။ နောက်ပိုင်းတွင် တပ်မတော်က သတင်းထုတ်ပြန်ရာ စခန်းတစ်ခုတွင် ထိန်းသိမ်းထားစဉ် သေနတ်လုသောကြောင့် ပစ်ခတ်မိခြင်း ဖြစ်ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလောင်းဖော်ယူ စစ်ဆေးသည့် ကျိုက်မရော ရဲစခန်းက ထိုအမှုကို “မှားယွင်းမှု”ဟု ဆိုပြီး ပိတ်သိမ်းလိုက်သည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်။

ကိုပါကြီးအမှု လိုက်ပါဆောင်ရွက်နေသူ ရှေ့နေ ဦးရောဘတ်စန်းအောင်က အမှု ပိတ်သိမ်းခံရခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှု ဖြစ်လာသည်ဟု ဆိုသည်။

“တပ်မတော် အက်ဥပဒေအရဆိုရင် အရပ်ဘက် တရားရုံးမှာ စစ်ရမယ်။ သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် တပ်မတော်ကပဲ ဒါကိုစစ်ဆေးမယ်။ အဲဒါက မကိုက်ညီဘူး ဖြစ်နေတယ်” ဟု ရှေ့နေက ပြောသည်။

တပ်မတော်သားက အရပ်သားကို သတ်ဖြတ်မှုသည် စစ်ပွဲဖြစ်ပွားနေချိန်၊ မြန်မာနိုင်ငံပြင်ပ၊ သမ္မတက အမိန့်ကြော်ငြာစာထုတ်၍ သီးခြားဖော်ပြထားသည့်စစ်စခန်း စသည့် အချိန် နေရာတို့တွင် ကျူးလွန်ခြင်း မဟုတ်ပါက ထိုပြစ်မှုကို အရပ်ဘက်တရားရုံးကသာ ကိုင်တွယ် စစ်ဆေးစေရမည်ဟု တပ်မတော်အက်ဥပဒေ ပုဒ်မ ၇၂ တွင် ပြဋ္ဌာန်းထားသည်။

ကိုပါကြီး ထိန်းသိမ်းခံရသည့်နယ်မြေသည် စစ်ဆင်ရေးနယ်မြေ ဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထိုအမှုဖြစ်ပြီး မကြာမီ VOA အသံလွှင့်ဌာနကို ပြောသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း ထိုအမှုကို တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှု ရှိစေရန် အတွက် နယ်ဘက် တရားရုံးတွင် စစ်ဆေးသင့်သည်ဟု အကြံပြုထားသည်။

မှားယွင်းမှုအဖြစ် ပိတ်သိမ်းခဲ့ခြင်းမှာ ပြည်ထောင်စု ရှေ့နေချုပ်၊ မွန်ပြည်နယ် ဥပဒေရုံးတို့၏ အကြံပြုချက်အတိုင်းဖြစ်သောကြောင့် လျှောက်ထားချက်ကို ပလပ်လိုက်ခြင်းဖြစ်သည်ဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဆိုသည်။

တရားမျှတမှု ရရှိရေး

မြန်မာနိုင်ငံတရားစီရင်ရေးတွင် အမြင့်ဆုံးဖြစ်သည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပလပ်လိုက်ခြင်း ဖြစ်သည့်အတွက် ဤအမှုသည် တရားစီရင်ရေး နယ်ပယ်တွင် အမှုလမ်းဆုံးနေပြီဟု ဒေါ်သန္တာက ပြောသည်။

“တပ်မတော်အက်ဥပဒေနဲ့ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားများ မူလအခွင့်အရေးက ရထားတဲ့ အချက်တွေကို ပြန်ယှဉ်ပြီးတော့ လေ့လာနေပါတယ်။ ကွာခြားချက်ရှိနေတယ်ဆိုရင်လည်း အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တင်ပြပြီး ပြင်ဆင်နိုင်ဖို့ကိုလည်း ကြိုးစားနေပါတယ်” ဟု ဒေါ်သန္တာက ပြောသည်။

ရှေ့နေ ဦးရောဘတ်စန်းအောင်က အမှုသည် မိသားစု၏ ဆန္ဒအတိုင်း ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောသည်။

“နိုင်ငံတကာ ရာဇဝတ်တရားရုံးကို ပို့ဖို့ပဲ ရှိတော့တယ်။ အဲဒါက မိသားစုနဲ့ တိုင်ပင်နေတယ်။ သဘောတူညီချက်ရမှ ဒါကိုလုပ်ရမှာ။ အထောက်အထားတွေကတော့ တရားရုံးမှတ်တမ်းတွေပဲပေါ့” ဟု သူက ပြောသည်။

Show More

Related Articles

Back to top button