နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရသော Reuters သတင်းထောက် နှစ်ဦး၏ အမှု အယူခံအတွက် ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးတွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက် တင်သွင်းခဲ့ကြသည်။
၂၀၁၇ နှစ်ကုန်ပိုင်း ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်အတွင်း သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အဖမ်းခံရပြီး ၉ လအကြာတွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်သည်။
နာမည်ကျော် အင်းစိန်အကျဉ်းထောင်တွင် ရောက်ရှိနေသူ သတင်းထောက်နှစ်ဦး၏ အမှုအတွက် အောက်ရုံးများတွင် အယူခံ တင်သွင်းရာတွင် ပယ်ချခံခဲ့ရပြီးနောက် ယခင်လက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အမှုပြင်ဆင်ချက် တင်သွင်းခဲ့ခြင်းဖြစ်သည်။
၎င်းတို့၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က လျှောက်လဲချက်ကို မွန်းလွဲ၂နာရီတွင် တင်သွင်းခွင့်ရခဲ့ကြောင်း၊ တရားလိုဘက်ကလည်း ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ ခရီးစဉ် စာရွက်၊ စာတမ်းများ ရှိနေခြင်း ရခိုင်တပ်မတော် AA ခေါင်းဆောင်တို့၏ တယ်လီဖုန်းနံပါတ်များ ရှိနေခြင်းတို့ကို တင်သွင်းခဲ့ကြောင်း၊ ၎င်းတို့ဘက်ကထိုအချက်များကို ပြန်လည်ဖြေရှင်းခဲ့ကြောင်း ပြောသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ် အဆင့်ထိရောက်ရှိလာပြီဖြစ်ပြီး ယခုလျှောက်လဲချက်များကို ဥပဒေအကြံပေးဖြစ်သူ ရာဇဝတ်ညွှန်ကြားရေးမှူးနှင့် တရားသူကြီးတို့ ညှိနှိုင်းဆုံးဖြတ်သွားမည် ဖြစ်ပြီး ထိုဆုံးဖြတ်ချက်များအရ အမှုကို ပလပ်ခြင်း၊ ရုပ်သိမ်းခြင်းများ ပေါ်ပေါက်လာနိုင်သည်ဟု ၎င်းက ပြောသည်။
တရားလွှတ်တော်ချုပ် အင်တာနက်စာမျက်နှာရှိ အမှုခေါ်စာရင်းတွင် အမိန့်ချမည့်နေ့ကို ဖော်ပြ ကြေညာသွားမည်ဖြစ်ပြီး အချိန် ၂လနီးပါး ကြာမြင့်မည်ဟု ၎င်းကဆိုသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် လျှောက်လဲခြင်းသည် သတင်းထောက် နှစ်ဦးအတွက် နောက်ဆုံးအဆင့် မဟုတ်သေးဘဲ အထူးအယူခံ တင်သွင်းနိုင်သေးကြောင်း ၎င်းကပြောသည်။
“အထူးအယူခံဆိုပေမယ့်လည်း ကိုယ်တက်ချင်မှပါ။ ဒါက ကိုဝလုံးတို့ဆုံးဖြတ်ရမှာပါ” ဟု၎င်းကပြောသည်။
“အခွင့်အရေးကတော့ရှိတယ်။ ဒါပေမယ့် အဲဒီအခွင့်အရေးကို ယူချင်စိတ်ကုန်သွားတာမျိုးလည်း ရှိတတ်တယ်လေ။ တရားစီရင်ရေး စနစ်ကြီးကိုက အလကားပဲလို့ထင်သွားရင်လည်း၊ ထင်လည်း ထင်လောက်တယ်လေ၊ အဲဒီလို ထင်လို့ ကိုဝလုံးတို့က မတက်ဘူးဆိုလည်း မတတ်နိုင်ဘူးပေါ့” ဟု ၎င်းက ပြောသည်။
Reuters သတင်းထောက်များသည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် အရပ်သား ၁၀ ဦး အသတ်ခံရသည့် သတင်းများ အတည်ပြုနိုင်ရန်အတွက် အဆိုပါနေရာတွင် တာဝန် ထမ်းဆောင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ဆုံ အင်တာဗျူးနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
တရားလိုပြသက်သေတစ်ဦးဖြစ်သည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်က သတင်းထောက်များကို ရဲတပ်ဖွဲ့က ထောင်ခြောက်ဆင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တရားရုံးတွင် အသေးစိတ် ထွက်ဆိုခဲ့သည်။
ထိုသို့ထွက်ဆိုအပြီး မကြာခင် ဒုရဲမှူးဟောင်း မိုးရန်နိုင်သည် အခွင့်မရှိဘဲ သတင်းထောက်များကို လက်ခံစကားပြောသည့်အတွက် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် ထောင်ဒဏ် ၁ နှစ်အပြစ်ပေးခံရပြီး ၎င်း၏ မိသားစုသည် နေပြည်တော်ရှိ ရဲလိုင်းခန်းမှ ချက်ချင်း ဖယ်ရှားခံခဲ့ရသည်။
သတင်းထောက်များကို ကနဦးဖမ်းဆီးစဉ်က ရဲတပ်ဖွဲ့အင်အား၊ လက်နက်စာရင်းများ ပါဝင်သည့် လျှို့ဝှက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုကြောင့်ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် လက်ကိုင်ဖုန်းများအတွင်း လျှို့ဝှက်စာတမ်းများပါ တွေ့ရှိသည်ဟု ဆိုခဲ့သည်။
အဆိုပါ လက်ကိုင်ဖုန်းများအတွင်းရှိ စာရွက်စာတမ်းများသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်သည့် စာရွက်စာတမ်းအများစုဖြစ်ကြောင်း၊ သို့ရာတွင် ထိုစာရွက်များသည် လုံခြုံရေးအဆင့်သတ်မှတ်ထားသည့် စာရွက်များဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) အရ ပေးပို့ခြင်း၊ စုဆောင်းခြင်းဆိုသည့် စကားရပ်နှင့် အကျုံးဝင်ကြောင်း၊ ထို့အပြင် ကိုဝလုံး၏ မှတ်စုစာရွက်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA ၏ ဖုန်းနံပါတ်များကို တွေ့ကြောင်း တရားစွဲအဖွဲ့အစည်းက ထွက်ဆိုခဲ့သည်။
တရားလိုပြသက်သေအများစု၏ ထွက်ဆိုချက်များသည်လည်း သတင်းထောက်နှစ်ယောက်၊ ဒုရဲမှူးဟောင်း မိုးရန်နိုင်တို့၏ ထွက်ဆိုချက်တို့နှင့် များစွာကွဲလွဲနေခဲ့သည်။
တရားခွင်တွင် လေ့လာခဲ့ကြသည့် နိုင်ငံတကာသံတမန်များက သတင်းထောက်နှစ်ဦးကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
ကိုကျော်စိုးဦး၏ ဇနီးသည် မချစ်စုဝင်းက အမြင့်ဆုံးတရားရုံးသည် သတင်းထောက်နှစ်ဦးအတွက် မျှတသည့် ဆုံးဖြတ်ချက်ချမှတ်မည်ဟု မျှော်လင့်ကြောင်း Myanmar Now ကို ပြောသည်။