သတင်း

အာဏာသိမ်းပြီး​နောက် ရုရှားမှ ​ဒေါ်လာ ၁၅ သန်းတန် ​ရေဒါပစ္စည်းများ ဝယ်ယူခဲ့

အာဏာသိမ်းစစ်​ကောင်စီက ဖေဖော်ဝါရီလအတွင်း အမေရိကန်ဒေါ်လာ ၁၅ သန်းတန် ရုရှားထုတ်ရေဒါပစ္စည်းများ ဝယ်ယူတင်သွင်းခဲ့ကြောင်း The Moscow Times သတင်းဌာနက ဧပြီ ၂၀ ရက်တွင် ရေးသားဖော်ပြသည်။

ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ၏ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း နေပြည်တော်ခရီးစဉ်အတွင်း Pantsir-S1 ဒုံးလက်နက်၊ Orlan-10E စောင့်ကြည့်ဒရုန်းများနှင့် ရေဒါလက်နက်ကိရိယာများ ကူညီထောက်ပံ့ရန် သဘောတူခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး ဆယ်စုနှစ်တစ်ခုကြာ အရပ်သားအစိုးရအဆုံးသတ်စေခဲ့သည့် အတင်းအဓမ္မအာဏာသိမ်းယူမှုမတိုင်မီ တစ်ပတ်အလိုတွင် ရုရှားနိုင်ငံနှင့် အဆိုပါလက်နက်ပစ္စည်းများဝယ်ယူရေး စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ 

မြန်မာစစ်တပ်သည် ဖေဖော်ဝါရီတွင် ရေဒါလက်နက်ကိရိယာများအတွက် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇ သန်း ပေးချေခဲ့ကြောင်း ရုရှားအခွန်အကောက်ဌာန၏ ဧပြီ ၁၉ ရက် ထုတ်ပြန်ချက်၌ ပါရှိသည်ဟု The Moscow Times သတင်းစာက ဆိုသည်။

သို့သော် ဖေဖော်ဝါရီတွင် မြန်မာတင်သွင်းခဲ့သော ရုရှားရေဒါလက်နက်ကိရိယာများသည် ဇန်နဝါရီသဘောတူညီချက်၏ အစိတ်အပိုင်းဖြစ်မဖြစ်ကိုမူ ရှင်းလင်းစွာမသိရပေ။ ယင်းနှင့်ပတ်သက်၍ ရုရှားဖက်ဒရယ်အခွန်အကောက်ဌာန(FCS)က တစ်စုံတစ်ရာသဘောထားမှတ်ချက် မပြုပေ။

တစ်ဖက်တွင်လည်း ရုရှားသည် ခွဲခြားဆက်ဆံခံရမှု တိုးမြင့်ရင်ဆိုင်နေရသော မြန်မာစစ်တပ်ကို ဆက်လက်ကူညီလျက်ရှိကာ မတ်လကုန်တွင် နေပြည်တော်သို့ လာရောက်ခဲ့သော ရုရှားကာကွယ်ရေး ဒုတိယဝန်ကြီးက နှစ်နိုင်ငံအကြား စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေမည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ရုရှားကာကွယ်ရေး ဒုတိယဝန်ကြီး၏ ခရီးစဉ်သည် စစ်အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံသို့ လာရောက်သည့် ပထမဆုံး နိုင်ငံတကာအဆင့်မြင့်အရာရှိဖြစ်ပြီး၊ နေပြည်တော်၌ မတ် ၂၇ ရက်က ကျင်းပပြုလုပ်သည့် တပ်မတော်နေ့အခမ်းအနားကိုလည်း ၎င်းက တက်ရောက်ခဲ့သည်။

စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျု၏ ၂၀၁၉ အချက်အလက်များအရ မြန်မာ၏ ရုရှားလက်နက်များတင်သွင်းမှုသည် ဆယ်စုနှစ်အတွင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၈၀၇ သန်းရှိခဲ့သည်ဟု ဆိုသည်။ ယင်းတန်ကြေးသည် တရုတ်နိုင်ငံနောက်တွင် မြန်မာသို့ စစ်လက်နက် ဒုတိယအများဆုံးတင်ပို့သည့် ဒုတိယနေရာတွင် ရုရှားက ရပ်တည်နေခြင်းဖြစ်သည်။

ရုရှားနိုင်ငံထုတ် Pantsir-S1 စနစ်သည် လတ်တလောဖြစ်ပွားနေသည့် ဆီးရီးယားစစ်ပွဲတွင် ရုရှားတို့ အသုံးပြုနေသည့် ဒုံးကျည်နှင့် စက်အမြောက်နှစ်မျိုးသုံး တာတိုလေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုဖြစ်ပြီး မျိုးကွဲပေါင်းများစွာရှိသည်ဟု စစ်ပွဲများ၊ စစ်လက်နက်များကို လေ့လာသုံးသပ်နေသည့် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ‌ဒေါက်တာနိုင်ဆွေဦးက ဇန်နဝါရီလအတွင်း Myanmar Now ကို ပြောကြားထားသည်။

ရုရှားက ၂၀၀၈ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး အဆိုပါစနစ်တွင် အသုံးပြုထားသည့် ဒုံးကျည်မှာ အကွာအဝေး ၁၈ ကီလိုမီတာနှင့် အမြင့် ၁၅ ကီလိုမီတာအထိရောက်အောင် ပစ်ခတ်နိုင်ကာ အသံထက် သုံးဆခန့်မြန်သည်ဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှ ဧပြီလ ၂၀ ရက်နေ့အထိ စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားပြည်သူ ၇၃၈ ဦး သေဆုံးခဲ့ရပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button