သတင်း

ကျောက်မဲမြို့တွင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် သာသနာ့ဘောင်ဝင်သည့် အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးသည် လူဝတ်လဲလိုက်သည့် ဧပြီ ၁၇ တွင် ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။ 

သေဆုံးသူသည် ကျောက်မဲမြို့ ရပ်ကွက် ၉ ၌ နေထိုင်သူ ကိုအောင်ကိုကိုဖြိုး (ခေါ် ) စတီးဖြစ်ပြီး ယမန်နေ့ (ဧပြီ ၁၇) ည  ၉ နာရီ ၁၈ မိနစ်တွင် အပစ်ခံရခြင်းဖြစ်သည်။ 

“ညမထွက်ရအမိန့် ထုတ်ထားတာတော့ မှန်ပါတယ်။ အခုဟာက သူက CDM  (အာဏာဖီဆန်ရေးလှုပ်ရှားမှု) လုပ်ထားတာ။ EPC မှာ လုပ်တယ်။  မနေ့ (ဧပြီ ၁၇) ကမှ သင်္ကြန်တွင်း ဘုန်းကြီးဝတ်ပြီးထွက်လာတာ အဖြစ်ဆိုးတာပေါ့“ ဟု  ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။ 

ကိုအောင်ကိုကိုဖြိုး ပစ်သတ်ခံရသည့်နေရာသည် ကျောက်မဲမြို့လယ်ဖြစ်သည့်အတွက် ဒေသခံအတော်များများက တွေ့မြင်လိုက်သည်ဟု ဆိုကြသည်။

ဆရာဝန်ဆေးစစ်ချက်အအရ ကျည်ထိဒဏ်ရာဖြင့် သေဆုံးကြောင်း အတည်ပြုပြီး  မနက်ဖြန် ဧပြီ ၁၉ တွင် မီးသင်္ဂြိုဟ်မည်ဖြစ်သည်။

ကျောက်မဲမြို့ဒေသခံများသည် အာဏာသိမ်းစစ်ကောင်စီကို အလိုမရှိကြောင်း ဆန္ဒပြသပိတ်စစ်ကြောင်း ချီတက်ကာ နေ့စဉ် နည်းမျိုးစုံဖြင့် ဆန္ဒဖော်ထုတ်နေကြသည်။

ယမန်နေ့က မန္တလေးတိုင်း၊ မိုးကုတ်မြို့၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကြိုဆိုသည့် အောင်ချမ်းသာရပ်ကွက်အတွင်း ပြောက်ကျားလှုပ်ရှားမှုတွင် စစ်ကောင်စီတပ်က အသက် ၂၀ ကျော်အရွယ် အမျိုးသားနှစ်ဦးကို ပစ်သတ်ခဲ့သည်။ ပစ်သတ်ခံရသူနှစ်ဦး၏ အလောင်းများကို စစ်ကောင်စီလက်နက်ကိုင်များက သယ်ယူသွားသည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဧပြီလ ၁၇ အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပြည်သူ ၇၃၀ ဦး အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည်။

သို့သော်လည်း ဧပြီလဆန်းပိုင်း CNN သတင်းဌာနနှင့် တွေ့ဆုံရာတွင် စစ်ကောင်စီပြောခွင့်အရာရှိက သေဆုံးမှုအရေအတွက်မှာ ရဲ ၁၀ ဦး၊ စစ်သား ၆ ဦး အပါအဝင် စုစုပေါင်း ၂၄၈ ဦးသာ ရှိသည်ဟု ပြောခဲ့သည်။

လမ်းပေါ်ထွက် ကန့်ကွက်ဆန့်ကျင်သူတို့၏ ရန်ပြုမှုကြောင့် ရဲတပ်ဖွဲ့က ပစ်ခတ်ရခြင်းဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက စစ်ကောင်စီ၏ ပထမအကြိမ်သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ထားသည်။ ဆန္ဒပြမှုများတွင် ရဲတပ်ဖွဲ့က စတင်ပစ်ခတ်ခြင်းမရှိဟု အာမခံကြောင်း သူက ဆက်ပြောသည်။

Show More

Related Articles

Back to top button