
အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်မည်ဆိုသော အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံအပြင်ရောက်သည်နှင့် နိုင်ငံတကာတရားစီရင်ပိုင်ခွင့်နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်ထားသော ရာဇဝတ်မှုများအတွက် ဖမ်းဆီးသင့်ကြောင်း ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ (GCR2P) အမှုဆောင်ညွှန်ကြားရေးမှူး ဆိုင်မွန်အဒမ်စ်က တိုက်တွန်းလိုက်သည်။
ကမ္ဘာလုံးဆိုင်ရာ GCR2P သည် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး R2P ကျင့်သုံးရန် စောင့်ကြည့်ကာ ဥပဒေအရ ထောက်ခံအားပေးသောအဖွဲ့ဖြစ်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်အစား ဧပြီ ၁၆ ရက်က ရွေးကောက်ခံအမတ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ဖွဲ့ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အာဆီယံအစည်းအဝေး ဖိတ်ကြားသင့်ကြောင်းလည်း ဆိုင်မွန်အဒမ်စ်က ၎င်း၏ Twitter တွင် ရေးသားထားသည်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ လာမည်ဧပြီ ၂၄ ရက်တွင် ကျင်းပရန်ရှိသည့် မြန်မာ့အရေးဆိုင်ရာအာဆီယံထိပ်သီးအစည်းအဝေးကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်မည်ဟု ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူက ယမန်နေ့ (ဧပြီ ၁၇) က ပြောကြားကြောင်း နိုင်ငံတကာသတင်းဌာနများက ရေးသားထားသည်။
မြန်မာအရေးတွင် အာဏာသိမ်းစစ်ကောင်စီနှင့် ဖမ်းဆီးဖိနှိပ်ခံထားရသော အရပ်သားအစိုးရတို့ တွေ့ဆုံဆွေးနွေးပြီး ပြဿနာပြေလည်အောင် အဖြေရှာနိုင်ရန် အာဆီယံခေါင်းဆောင်များက မျှော်လင့်နေသည်။
ကနဦးတွင် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးနိုင်ရန် ညှိနှိုင်းပြီး ထို့နောက် ပြဿနာကို နှစ်ဖက်ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်ရန် သံတမန်ရေးရာအရ ကြိုးစားလိုခြင်းဖြစ်ကြောင်း သံတမန်များအားကိုးကားလျက် နိုင်ငံတကာသတင်းဌာနများက ရေးသားဖော်ပြကြသည်။
အာဆီယံအနေဖြင့် လူသတ်သမားခေါင်းဆောင်ကို ဖိတ်ကြားပါက မြန်မာ့နွေဦးတွင် ရဲရင့်လှသော ပြည်သူများကို ကြီးမားစွာစော်ကားသကဲ့သို့ ဖြစ်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများရပ်တန့်စေရန်နှင့် ဒီမိုကရေစီပြန်လည် အသက်သွင်းနိုင်ရန် အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့်သာ ဆွေးနွေးသင့်ကြောင်း NUG ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဝန်ကြီး ဒေါက်တာဆာဆာက ရိုက်တာသတင်းဌာနကို ဧပြီ ၁၆ တွင် ပြောကြားထားသည်။
ထို့ပြင် စစ်ကောင်စီလက်ထက်တွင် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးပါကလည်း ပြည်သူထံမရောက်ဘဲ စစ်တပ်ကသာ ခိုးယူသွားလိမ့်မည်ဟု ဒေါက်တာဆာဆာက ဆိုသည်။
သို့သော် ဧပြီ ၁၇ တွင် ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူက အာဏာသိမ်းခေါင်းဆောင် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်မည်ဖြစ်ကြောင်း ဖြေကြားပြီးနောက် ရိုက်တာက အမျိုးသားညီညွတ်ရေးအစိုးရထံ မှတ်ချက်တောင်းရန် ထပ်မံဆက်သွယ်ရာ ဆက်သွယ်မရဟု ရိုက်တာက ဖော်ပြသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များက သတ်ဖြတ်၍ ဧပြီ ၁၇ ရက် ညနေ ၆ နာရီအထိ ကျဆုံးသူ အနည်းဆုံး ၇၃၀ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း( AAPP) က ထုတ်ပြန်ထားသည်။ ထို့ပြင် ဖမ်းဆီးခံထားရသူပေါင်း ၃၁၅၂ ဦးရှိပြီး ဖမ်းဝရမ်းထုတ်ခံရသူပေါင်း ၈၇၁ ဦးရှိကြောင်းလည်း AAPP က ဆိုသည်။