ရန်ကုန် — ကလေးသူငယ်အခွင့်အရေးချိုးဖောက်မှုရှိသည်ဟု စွပ်စွဲခံခဲ့ရသည့် တောင်ကြီးမြို့နယ်ရှိ ဘုန်းတော်ကြီးသင် ပရဟိတဂေဟာတစ်ခုကို ပြီးခဲ့သည့်သီတင်းပတ်က ဝင်ရောက်စစ်ဆေးပြီးနောက်တွင် ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်မှု မတွေ့ခဲ့ကြောင်း မြေပြင်ကွင်းဆင်းခဲ့သည့် သက်ဆိုင်ရာ အာဏာပိုင်များက Myanmar Now ကိုပြောသည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်၊ အေးသာယာ (ထုံးဖို) ရှိ ‘ရန်တိုင်းအောင် ဘုန်းတော်ကြီးသင် မူလတန်းလွန် ပညာရေးကျောင်း (လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ)’ ရှိ မိဘမဲ့နှင့်ဆင်းရဲနွမ်းပါး ကလေးငယ် ၂၀၀ ကျော်တို့ အပေါ် ကျောင်းရှိဘုန်းတော်ကြီးနှင့် ဆရာဆရာမအချို့က ကလေးငယ်အခွင့်အရေးချိုးဖောက်ခဲ့သည်ဟု လူမှု ကွန်ရက်သုံးစွဲသူတစ်ဦးက စွပ်စွဲလိုက်ပြီးနောက် ချက်ချင်း ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
အသက် ၃ နှစ်မှ ၁၄ နှစ်အထိ အရွယ်ကလေးပေါင်း ၂၀၀ ကျော်ကို လက်ခံကာ ပညာသင်ကြားပေးနေသည့် အဆိုပါ ကျောင်း၏ ဘုန်းတော်ကြီးများအနေဖြင့် ကလေးများ စည်းကမ်းဖောက်ဖျက်ပါက ရိုက်နှက်ဆူပူ ဆုံးမတတ်သည်များရှိခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစားအသောက် မလုံလောက်ခြင်းများ တွေ့ရှိရသော်လည်း ဆိုးရွားသည့် အကြမ်းဖက်မှု၊ အခွင့်အရေးချိုးဖောက်မှုကို မတွေ့ရှိကြောင်း ယင်းဖြစ်စဉ်ကို ကြီးကြပ်စိစစ်နေသည့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က Myanmar Now ကို ယနေ့ပြောသည်။
“ကျွန်တော်ကိုယ်တိုင်ကလေးတွေနဲ့သေချာစကားပြောတယ်။ စည်းကမ်းမလိုက်နာလို့ ရိုက်နှက်၊ ဆဲဆိုခံရတဲ့ ကလေးတွေရှိပေမယ့် ဆိုးဆိုးရွားရွားအခွင့်အရေးချိုးဖောက်ခံရတာ မတွေ့ရဘူး။ လိင်ပိုင်းဆိုင်ရာ စော်ကား အကြမ်းဖက်မှု လုံးဝမတွေ့ပါဘူး”ဟု ဝန်ကြီးကပြောသည်။
လူမှုကွန်ရက် Facebook ပေါ်တွင် Sai Lukhay အမည်ဖြင့်သုံးစွဲသူတစ်ဦးက “တောင်ကြီးမြို့မှတာဝန်ရှိသံဃာ့ အကြီး အကဲများ နှင့်သက်ဆိုင်ရာ ရပ်မိ ရပ်ဖများ သိနိုင်ရန်” ဟု အစချီကာ ရန်တိုင်းအောင် ပရဟိတကျောင်းမှ ကလေးသူငယ် အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေများကို အချက် ၁ဝ ချက်ဖြင့် ရေးသားထားပြီး၊ ကလေးငယ်များ၏ ရင်တွင်းခံစားချက်များနှင့် ဓာတ်ပုံများကို ယခုလ ၁၃ ရက်က တင်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံများနှင့်တကွ ၎င်းကရေးသားရာတွင် ယင်းပရဟိတစာသင်ကျောင်း၌ ကလေးသူငယ် အခွင့်အရေးများ ဆုံးရှုံးနေခြင်း၊ အကြမ်းဖက်ခြင်း၊ မိုက်ရိုင်းစွာဆဲဆိုခြင်း၊ အာဟာရများ ချို့တဲ့စွာ ကျွေးမွေးခြင်း၊ ကျန်းမာရေး အသည်းအသန် ဖြစ်ပေါ် နေ သော ကလေးများအား ကုသမပေးဘဲ နေရပ်သို့ အဓမ္မ ပြန်လွှတ်ခြင်း၊ ပညာရေးကို ဦးစားမပေးခြင်း၊ ကလေး သူငယ်များအား ခွဲခြားဆက်ဆံခြင်း၊ တာဝန်ယူမှုတာဝန်ခံမှု မရှိသော စကားများ ပြောဆိုခြင်း၊ လှူဒါန်းသည့်ပစ္စည်းများကို ကလေး များအတွက်ဟု ခံယူ၍ ကလေးများဆီ မရောက်ဘဲ ပျောက်ပျောက်သွားခြင်းများကို ခြောက်လအကြာလေ့လာပြီးနောက် တွေ့ရှိခဲ့ရသည်ဟု ပါရှိသည်။
သို့ရာတွင် ထိုကိစ္စကို စစ်ဆေးသည့်အခါ ၎င်းတင်ထားသည့် ဓာတ်ပုံများသည် လွန်ခဲ့သည့် ခုနစ်လ (မေလခန့်) က ဓာတ်ပုံများဖြစ်နေခြင်း၊ စွပ်စွဲချက်တွင်ပါသလို ကလေးသူများတွင် ဝဲရောဂါဆိုးရွားစွာ ခံစားနေရမှု ယခု မရှိခြင်း၊ ငွေကြေးအလွဲသုံးစွဲမှုများ မတွေ့ရှိရခြင်းနှင့် စွပ်စွဲခဲ့သည့် ၁၀ ချက်တွင် သုံးချက်သာ ငြိစွန်းသည်ကို တွေ့ရှိခဲ့ရသည်ဟု ရှမ်းပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဦးက Myanmar Nowကို ပြောသည်။
“ကလေးသူငယ်အခွင့်အရေးချိုးဖောက်မှုက သူရေးထားသလို အဲဒီလောက်ကြီးလည်း မဟုတ်ပါဘူး။ ကျွန်တော် တို့ လူမှုဝန်ထမ်းကတော့ ကလေးသူငယ်ရဲ့အကျိုးစီးပွားကိုပဲ အလေးထားတယ်။ အကောင်းဆုံး လုပ်ပေးနေ တယ်။ သူတို့စာမေးပွဲတွေလည်း နီးနေပြီ။ အဲဒီအခြေအနေမှာ ပညာရေး၊ ကျန်းမာရေး (ကြည့်ပေးနေတယ်)။ စားသောက်ရေးမှာ ဝိုင်းချက်ပြုတ်နေတာမျိုးတွေ လုပ်ပေးနေတယ်။ ကလေးတွေ ကောင်းကောင်းမွန်မွန် စားရသောက်ရ၊ ကျန်းကျန်းမာမာနဲ့ ပညာသင်နိုင်ဖို့ကို ဆက်လုပ်မယ်”ဟု ၎င်းကဆိုသည်။
လက်ရှိအချိန်တွင် ယင်းပရဟိတဂေဟာရှိ ကလေးများအား ရှမ်းပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေး သူငယ်အခွင့်အရေးကာကွယ်ပေးရေးအဖွဲ့မှ ဆရာဆရာမ ၁၀ ဦးနှင့် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူနှစ်ဦးက ကျောင်းရှိ ဘုန်းတော်ကြီး၊ ဆရာဆရာမများ နှင့်အတူပူးပေါင်းစောင့်ရှောက်ပေးလျက်ရှိသည်။
ကလေးများ စာမေးပွဲပြီးဆုံးသည့် ဖေဖော်ဝါရီလကုန်အထိ ဆက်လက် စောင့်ရှောက်သွားမည်ဖြစ်ပြီး၊ နောက်ပိုင်းတွင်လည်း ကလေးများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ စောင့်ရှောက် မေးမြန်း စိစစ်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ဝန်ကြီးဒေါက်တာအောင်သန်းမောင်က ပြောသည်။
“စုံစမ်းစစ်ဆေးမှုကမပြီးသေးပါဘူး၊ ဆက်လုပ်မှာပါ။ ရန်တိုင်အောင်ကျောင်းတင်မကဘူး ဘက ကျောင်း အားလုံး ကို မှန်ကန်စွာထိန်းကျောင်းသွားနိုင်ဖို့ ရေရှည်ဆောင်ရွက်မှာပါ။ ဘာကြောင့်လဲဆိုတော့ လာလှူတဲ့သူတွေက ဘုန်းတော်ကြီးသင်ကျောင်းတွေကိုမယုံကြည်တော့ရင် ဒီကျောင်းတွေကို တကယ်မှီခိုနေရတဲ့ ကလေးတွေ ဒုက္ခဖြစ်မှာ အရမ်းစိုးရိမ်လို့ပါ”ဟု ဝန်ကြီးကဆိုသည်။
ယင်းကိစ္စရပ်ကို လူမှုကွန်ရက်ပေါ်တင်ခဲ့သည့် Sai Lukhay အကောင့်ပိုင်ရှင် အသက် ၂၃ နှစ်အရွယ် စိုင်းလူခေးက ၎င်းသည် မိမိတင်ခဲ့ သည့် အချက်အလက်များနှင့် ပတ်သက်၍ တာဝန်ယူမှုတာဝန်ခံမှုအပြည့်နှင့် အာမခံကြောင်းနှင့် လက်ရှိအချိန် တွင် ပြည်နယ် အစိုးရ တာဝန်ရှိသူများ၏ အချိန်နှင့် တစ်ပြေးညီ ကြီးကြပ်ဆောင်ရွက်စစ်ဆေးမှုကို ကျေနပ်ကြောင်းပြောသည်။
“ဘယ်သူ နဲ့မှ ရန်ငြိုးမရှိပါဘူး။ အမှန်တရားတစ်ခုပေါ်စေချင်တယ်။ ခြောက်လကြာတွေ့ကြုံခဲ့တဲ့ ကလေးတွေနဲ့ ဘုန်းကြီးကြားကအဆင်မပြေတာကို လူမုန်းခံပြီးရင်ဖွင့်တာပါ။ ကျွန်တော့်ကို မကျေနပ်လို့ တရားစွဲရင်တောင်မှ ကလေးတွေအဆင်ပြေရင် ကျွန်တော်ကျေနပ်တယ်”ဟု ၎င်းက ပြောသည်။
ပင်းတယမြို့နယ်ဇာတိ ကိုစိုင်းလူခေးသည် ပြီးခဲ့သည့်နှစ်အတွင်းက စနေတနင်္ဂနွေနေ့များ၌ သူငယ်ချင်းများနှင့်အတူ ရန်တိုင်းအောင်ကျောင်းရှိ ကလေးငယ်များအား ခြောက်လတိုင် လုပ်အားပေး စာသွားသင်ကြားပေးခဲ့သည်ဟု ၎င်း၏ရေးသားချက်များတွင် ပါရှိသည်။
ဆက်လက်ထောက်ပံ့မည်
ယင်းပရဟိတဘုန်းကြီးကျောင်းကို ၂၀၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ ၂၀၀၈ ခုနှစ်တွင် လူမှုဝန်ထမ်း ဦးစီး ဌာန၏ တရားဝင်အသိအမှတ်ပြုထောက်ပံ့မှုရရှိခဲ့သည့် ဘုန်းတော်ကြီးသင်ပညာရေးပရဟိတဂေဟာ တစ်ခု ဖြစ်လာခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအရ ကလေးသူငယ်အခွင့်အရေးချိုးဖောက်မှု၊ ငွေကြေးအလွဲသုံးစားမှုများ မတွေ့ရှိရပါက ရင်ခွင်မဲ့ ကလေးများအဆင်ပြေစေရန် အထောက်အပံ့ကို ရပ်မည်မဟုတ်ဟု တာဝန်ရှိသူများကဆိုသည်။
လက်ရှိအချိန်တွင် တစ်နှစ်လျှင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် သာသနာရေးဦးစီးဌာန၏ ထောက်ပံ့ငွေ ကျပ်သိန်း ၁၆၀ ကျော် လက်ခံရရှိကြောင်း ကျောင်းရှိ ဆရာတော်များက Myanmar Now ကို မိန့်သည်။ ၂ ဒသမ ၅ ဧက ကျယ်ဝန်း သည့် ယင်းဘုန်းကြီးကျောင်း၌ ရှမ်းပြည်တစ်ဝန်းရှိ မိဘစောင့် ရှောက်မှု လိုအပ်နေသည့် အသက် သုံးနှစ်ခွဲမှ ၁၄ နှစ်အရွယ် ကလေးငယ်ပေါင်း ၂၄၉ ဦးတို့အား အစိုးရနှင့် အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် စာသင်ကြားပေးကာ ပြုစုစောင့်ရှောက်နေကြောင်း သိရသည်။