ဆောင်းပါးရုပ်ပုံလွှာ

ကချင်ခေါင်းဆောင်ဖခင်ရဲ့ခြေရာနင်းမဲ့သမီး

မြစ်ကြီးနား – ဒေါ်ဂျာဆိုင်းခေါန်ဟာ အသက် ၂ဝ အရွယ်အထိ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ နှစ်ဖက်ဘွားအေတွေရဲ့စောင့်ရှောက်မှုနဲ့ ကြီးပြင်းခဲ့ရသူပါ။ မိဘတွေ မွေးချင်းတွေ အနီးအနားမှာမရှိတော့တဲ့ သူဟာ စစ်ထောက်လှမ်းရေးတွေရဲ့ စောင့်ကြည့်မှုအောက်မှာ နေခဲ့ရပါတယ်။

သူ့အပြစ်ကတော့ အစိုးရကို တော်လှန်ခဲ့တဲ့ ကချင်မိသားစုက ပေါက်ဖွားသူတစ်ဦး ဖြစ်နေတာကြောင့်မို့လို့ပါပဲ။

ကချင်လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်ဟောင်းတစ်ဦးရဲ့သမီး အသက်ငါးဆယ်အရွယ် ဒေါ်ဂျာဆိုင်းခေါန်ဟာ ဖေဖော်ဝါရီလအစောပိုင်းမှာ စတင်မယ့် ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် တက်ရောက်ခွင့်ရတော့မှာပါ။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပြတ်အသတ်အနိုင်ရခဲ့တဲ့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ကချင်တိုင်းရင်းသားပါတီတွေထဲက ရွေးချယ်ခံခဲ့ရတဲ့ ကိုယ်စားလှယ် ငါးဦးအနက် တစ်ဦးဖြစ်ပါတယ်။

“တရားဝင်လမ်းကြောင်းကဝင်ပြီး လုပ်လို့ရတဲ့အတွက် ဝမ်းသာပါတယ်။ မျှော်လင့်သလောက် ဘယ်လိုလုပ်နိုင်မလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်းမသိသေးဘူးပေါ့။ ဒါပေမဲ့ တိုင်းရင်းသားတွေအပေါ် အခြေခံတဲ့၊ သူတို့လက်ခံနိုင်တဲ့၊ မျှတတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်အောင် လုပ်မယ်၊ အခွင့်အခါပေါ် မူတည်ပြီး လုပ်သွားမယ်” လို့ ဒေါ်ဂျာဆိုင်းခေါန်က ပြောပါတယ်။

ဖခင်ဖြစ်သူဟာ ဒေါ်ဂျာဆိုင်းခေါန် ခြောက်လသမီးအရွယ်ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထဲကို ဝင်သွားခဲ့ပါတယ်။ သူသုံးနှစ်သမီးအရွယ်မှာ မိခင်ဖြစ်သူဟာ သူ့အစ်ကိုနဲ့အတူ ခင်ပွန်းသည်ထံ လိုက်ပါတောခိုသွားပြီး အဲဒီမှာပဲ ကလေးငါးယောက်ကို ထပ်မွေးပါတယ်။

“အဖေဘက်က အဘွား၊ အမေဘက်က အဘွားအိမ်တွေမှာ ကျွန်မ လှည့်ပတ်ပြီး ကြီးလာတယ်။ ကျွန်မ ငယ်ငယ်ကတည်းက ကျွန်မမျက်စိထဲမှာ အဖေအမေဆိုတာ မမြင်ဖူးဘူး” လို့ မြစ်ကြီးနားမြို့မှာရှိတဲ့ မြစ်ကမ်းနံဘေးက သူ့ရဲ့အိမ်မှာ တွေ့ဆုံစဉ်မှာ ပြောပြပါတယ်။

“ကျွန်မတို့ ငယ်ငယ်တုန်းက ထောက်လှမ်းရေးတွေ မျက်စိအောက်မှာ နေခဲ့ရတာ။ မြို့နဲ့ ဆယ်မိုင်ပတ်ဝန်းကျင် (ကျော်ပြီး) ကျွန်မတို့သွားလို့မရဘူး။ သတင်းပို့ရတယ်။ အမြဲတမ်း အစစ်ခံရတာ။ ဒါပေမဲ့ မကြောက်တတ်ဘူးပေါ့နော်။ ကိုယ့်မှာ သိမ်ငယ်ရတယ်လို့လည်း စိတ်ထဲမှာ မခံစားမိဘူး” လို့ နိုင်ငံရေးခံစားချက်တွေပါတဲ့ လေသံနဲ့ သူက ပြောပါတယ်။

ဒေါ်ဂျာဆိုင်းခေါန်ဟာ သူ့မိသားစုနဲ့ တစ်ချိန်ချိန်မှာ ပြန်ဆုံရမယ်ဆိုတာ စိတ်ထဲက သိနေပြီး အသက် ၂ဝ အရွယ်မှာတော့ စာသင်တဲ့ အလုပ်ကိုစွန့်လွှတ်၊ ကချင်တိုင်းရင်းသားတွေရဲ့ လွတ်မြောက်ရေးအတွက် ဆောင်ရွက်ဖို့ KIO ထဲကို ဝင်လိုက်ပါတယ်။

သူ့ဖခင် ဦးမရန်ဘရန်ဆန် ၁၉၇၆ ခုနှစ်မှာ KIO ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီးနောက်မှာ ကချင်ပြည်နယ်လွတ်လပ်ရေးဆိုတဲ့ မျှော်လင့်ချက်ကနေ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ဦးတည်ခဲ့ပါတယ်။ ဂျာဆန်ခေါင်ဟာ ၁၉၈၆ ခုနှစ်က စတင်လို့ တော်လှန်ရေးသမားတွေအကြားမှာ နေထိုင်ခဲ့ပြီး ဖခင်နဲ့ အနီးကပ် အလုပ်လုပ်နေရင်း အပြောင်းအလဲတွေ ပေါ်ပေါက်လာမယ့် အချိန်ကို စောင့်ဆိုင်းခဲ့ပါတယ်။

မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပြီးနောက်မှာ ပါဂျောင်ဌာနချုပ်အပါအဝင် KIA ရဲ့ ခြေကုပ်စခန်းအများအပြား ဆုံးရှုံးသွားပါတယ်။ ဒါပေမဲ့ KIO အနေနဲ့ အနောက်နိုင်ငံတွေရဲ့ စာနာထောက်ထားမှုကို ရရှိခဲ့ပါတယ်။

“ဘရန်ဆန်ဟာ မျှတတဲ့အတွေးအခေါ်အယူအဆရှိပြီး ပြည်ပနိုင်ငံတွေအထိ ပေါက်ရောက်မှုရှိတဲ့ ပထမဆုံး ကချင်ခေါင်းဆောင်တစ်ဦးပါ” လို့ မြန်မာပြည် လက်နက်ကိုင်တပ်ဖွဲ့များအကြောင်း စာအုပ်များ ရေးသားတဲ့ ဆွီဒင် စာနယ်ဇင်းသမားတစ်ဦးဖြစ်သူ ဘာတေးလစ်တနာက Myanmar Now ကို ပြောပါတယ်။

တော်လှန်ရေးသမားဘဝမှ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်လာ

ဦးဘရန်ဆန်ဟာ ၁၉၉၃ ခုနှစ် အောက်တိုဘာလမှာ လေသင်တုန်းဖြတ်သွားချိန် သူ့လက်ထောက်က မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးပြီး လအနည်းငယ်အကြာ ၁၉၉၄ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီစာချုပ်ဟာ ၁၇ နှစ်ကြာ အသက်ဝင်ခဲ့ပါတယ်။

ဒေါ်ဂျာဆိုင်းခေါန်ဟာ KIO မှာ နောက်ထပ် ၁၆ နှစ် ထပ်နေပြီး ရွေးကောက်ပွဲဝင်ဖို့ ၂ဝ၁ဝ ပြည့်နှစ်မှာ မြစ်ကြီးနားကို ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ KIO ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာမနမ်တူးဂျာ တည်ထောင်ချင်တဲ့ ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) ကို ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခွင့်မပြုခဲ့ပါဘူး။

“ကျွန်မ စစချင်းရောက်လာတော့ အရမ်းအံ့သြတယ်။ အားလုံးက အကြောက်တရားတွေနဲ့ပဲ အုပ်စိုးနေတယ်ဆိုတော့ အချင်းချင်း စကားတောင်မပြောရဲကြဘူး။ ကျွန်မတို့က ဟိုမှာနေလာတဲ့အခါကျတော့ ဥက္ကဋ္ဌကစလို့ စစ်ဦးစီးချုပ် အကုန်လုံးက ကျွန်မတို့မှာ ဘယ်သူ့မှကြောက်စရာ မလိုဘူး၊ ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်၊ အကြံပေးလို့ရတယ်ပေါ့နော်။ ဒီကလူတွေကျတော့ ကျွန်မပြန်လာတော့ အဲလိုမျိုး ဟုတ်မနေဘူး” လို့ ဒေါ်ဂျာဆိုင်းခေါန်က ပြောပါတယ်။

သူက ကချင်တိုင်းရင်းသားတို့ရဲ့ အခွင့်အရေးအတွက် အခြားအမျိုးသမီးတွေကိုပါ တွဲခေါ်ခဲ့ပြီး မြန်မာ့နိုင်ငံရေးလောကကို စတင်ဝင်ရောက်ခဲ့ပါတယ်။

“ဒီမှာလည်း စစ်ကလည်း ပြန်ဖြစ်လာ၊ ခုနကပြောတဲ့ ပါတီကလည်း ထွက်မလာတဲ့အခါကျတော့ အမျိုးသမီးတွေကို ခေါ်ပြီးတော့ awareness (အကြားအမြင်) လေးတွေ လုပ်ရအောင်ဆိုပြီးတော့ နည်းနည်း influence (သြဇာလွှမ်းမှု) ဖြစ်နိုင်မယ့် ရပ်ကွက်တိုင်းကနေ အမျိုးသမီး နှစ်ယောက်စီ နည်းနည်းစုပြီးတော့ ဒီမှာပဲ စခဲ့ကြတာ။ ကျွန်မတို့ရနိုင်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ အမျိုးသမီးရေးရာ စာတမ်းလေးတွေနဲ့ ဝင်ပြီးတော့ ကလေးတွေလိုပဲ ဖတ်ကြတာ” လို့ ဒေါ်ဂျာဆိုင်းခေါန်က ပြောပါတယ်။

သူတို့ရဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ဟာ ၂ဝ၁၁ ခုနှစ်၊ ဇွန်လမှာ ပျက်စီးသွားခဲ့ပြီး တိုက်ခိုက်မှုတွေပြန်လည်စတင်တာကြောင့် လူပေါင်းသောင်းနဲ့ ချီပြီး အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။

“အစိုးရကလည်း ပြောတာတော့ national reconciliation (အမျိုးသားရင်ကြားစေ့ရေး) ပြောတယ်၊ လုပ်တာကတော့ စစ်တပ်အင်အားကလည်း တောက်လျှောက် ချဲ့ပြီးရင်းချဲ့နေတယ်။ နောက် မြစ်ဆုံကိစ္စတွေ၊ မြေသိမ်းတာတွေ၊ အမျိုးသမီးနဲ့ပတ်သက်တဲ့ မုဒိမ်းကိစ္စတွေကလည်း တောက်လျှောက်ဖြစ်နေတယ်” လို့ ဒေါ်ဂျာဆိုင်းခေါန်က ဆိုတယ်။

“ကချင်ဆရာမလေးနှစ်ယောက်ရဲ့ ကိစ္စကတော့ မီဒီယာကလည်း ပွင့်သွားတဲ့အခါကျတော့ တစ်ကမ္ဘာလုံး မြန်မြန်ဆန်ဆန် သိသွားတာပေါ့။ ဒီလိုအလားတူကိစ္စက ကျွန်မတို့ ဟိုဘက်မှာရှိနေကတည်းက တောက်လျှောက်ဖြစ်နေတာ။ ဒါပေမဲ့ ဘယ်သူမှမသိဘူး”

သမ္မတဦးသိန်းစိန်က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဆိုင်းငံ့ထားဖို့ ၂ဝ၁၁၊ စက်တင်ဘာလမှာ ကြေညာလိုက်တဲ့အခါ ဒေါ်ဂျာဆန်ဟောင်အပါအဝင် ကချင်တိုင်းရင်းသားတွေဟာ အောင်ပွဲအထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ကြပါတယ်။ သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ဆီက အကူအညီ တောင်းခဲ့ပေမယ့် တုံ့ပြန်မှုတစ်စုံတစ်ရာ မရခဲ့ပါဘူး။

အဲဒီလို အခမ်းအနားကျင်းပတဲ့နေ့မှာ ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားကို ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်မှုအတွက် ရောက်ခဲ့ပေမယ့် အခမ်းအနား မတက်ခဲ့ပါဘူး။

“အားလုံး စိတ်မကောင်းဘူးပေါ့နော်။ နည်းနည်းတော့ respect (လေးစားမှု) ပေးစေချင်တာပေါ့”လို့ ဒေါ်ဂျာဆိုင်းခေါန်က ဆိုတယ်။

ဒေါ်ဂျာဆိုင်းခေါန်တို့ဟာ ပြည်သူတွေပါဝင်တဲ့ အခမ်းအနားများ ကျင်းပပေးခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းတွေကို စိတ်ဓာတ်ခွန်အား ရစေခဲ့ပါတယ်။

NLD က အားသာနေတယ်

ကချင်ပြည်နယ်ကောင်းစားရေးကို ကချင်လူမျိုးတွေ ကိုယ်တိုင်သာ အကောင်းဆုံး လုပ်ဆောင်မယ်ဆိုတာကို အခြားတိုင်းရင်းသားခေါင်းဆောင်အသီးသီးလိုပဲ ဒေါ်ဂျာဆိုင်းခေါန်ကလည်း ယုံကြည်ထားပါတယ်။

သူ့ရဲ့အမြင်နဲ့ မဲဆန္ဒရှင်တွေရဲ့ အမြင်ကတော့ တူပုံမပေါ်ပါဘူး၊ ကချင်ပြည်နယ်ထဲက မဲဆန္ဒနယ် ရဝ မှာ ကချင်ပါတီနှစ်ခုက ကိုယ်စားလှယ် ငါးဦးသာ အနိုင်ရခဲ့ပါတယ်။ မဲတွေကွဲသွားတာ၊ မဲဆန္ဒရှင်တွေရဲ့ လိုလားချက်က စစ်တပ်ထောက်ခံထားတဲ့ အစိုးရကို ဖယ်ရှားချင်တာ အစရှိတာတွေကြောင့် အခုလို မဲရလဒ်ထွက်ရတာလို့ သူကဆိုပါတယ်။

“၂ဝ၁ဝ တုန်းကနဲ့ နည်းနည်းလေး ပြောင်းပြန် ဖြစ်သွားတာက ဟိုတုန်းက ပါတီဖွဲ့ခွင့်မရဘူး။ အခု ၂ဝ၁၅ ကျတော့ သူလုပ်မယ်ဆိုတာလည်း ကျွန်မ မသိဘူး၊ ကျွန်မလုပ်မယ်ဆိုတာလည်း သူမသိဘူးဆိုတော့ ကိုယ့်အစုလေးနဲ့ကိုယ် (ကချင်ပါတီတွေ) အများကြီး ဖွဲ့လာကြတယ်” လို့ သူက ထောက်ပြပါတယ်။

ဖက်ဒရယ်စနစ်ကို လိုချင်တယ်ဆိုရင် ကချင်ပါတီအချင်းချင်း ပူးပေါင်းဖို့ လိုတယ်ဆိုတာသိလို့ ကြိုးစားခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ ရွေးကောက်ပွဲမတိုင်ခင်အချိန်အထိ ကချင်ပါတီတွေက မိမိတို့အနိုင်ရမယ်လို့ အပြည့်အဝ ယုံကြည်နေခဲ့ကြောင်း ဒေါ်ဂျာဆိုင်းခေါန်က ဆိုပါတယ်။

ဒေါ်ဂျာဆိုင်းခေါန်ဟာ ဒေါက်တာတူးဂျာ ထူထောင်ထားတဲ့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီကနေ အင်ဂျန်းယန်မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ KIO အရာရှိဟောင်း တစ်ဦးဖြစ်တဲ့ သူ့ခင်ပွန်းဖြစ်သူကလည်း အခြားပါတီတစ်ခုကနေ ဝင်ပြိုင်ခဲ့ပေမဲ့ အနိုင်မရခဲ့ပါဘူး။

“အင်ဂျန်းယန်က လုပ်ထားတာတွေ အများကြီးရှိတယ်၊ လုပ်စရာတွေလည်း အများကြီးရှိတယ်။ မြစ်ပဲ ခြားပေမဲ့ လူတွေရဲ့ အသိအမြင်တွေက ကွာတယ်။ မနက်အစောကြီးဆို တောင်ယာသွားပြီ။ ဒါပဲရှိတယ်။ ဒါပေမဲ့ သူတို့အတွက် ဝမ်းရေး မဖူလုံဘူး” လို့ ဒေါ်ဂျာဆိုင်းခေါန်က ရှင်းပြပါတယ်။

“မှတ်ပုံတင်ရမယ့်အချိန် အရမ်းနီးသွားတော့ ကွင်းဆင်းဖို့အချိန်ကလည်းမရတော့ အဲဒါနဲ့ အင်ဂျန်းယန် ၂ (မဲဆန္ဒနယ်မြေ)ကို ရွေးဖြစ်သွားတာ။ ရှင်းရှင်းပြောရရင်၊ အဖော်ကောင်းတဲ့ပါတီနဲ့ပဲ တွဲလိုက်တာပါ”

လုံခြုံရေးအခြေအနေကြောင့် အင်ဂျန်းယန် မဲဆန္ဒနယ်မှာပါဝင်တဲ့ ကျေးရွာအုပ်စုပေါင်း ၃၅ ခု အနက်က တစ်ခုမှာသာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး ဒေါ်ဂျာဆိုင်းခေါန်ဟာ စုစုပေါင်း မဲအရေအတွက် ၃၈၆ မဲအနက် ထောက်ခံမဲ ၂ဝ၃ မဲရခဲ့ပြီး ၅ဝ ရာခိုင်နှုန်း သာသာနဲ့ အနိုင်ရခဲ့ပါတယ်။

“ကိုယ့်မျက်စိအောက်မှာက လုပ်စရာတွေက အများကြီးရှိနေတယ်။ ပြောရမယ်ဆိုရင်တော့ ဘာမှ သေချာပေါက်လုပ်လို့မရဘဲနဲ့ လွှတ်တော်မှာ ငါးနှစ်လောက် သွားအိပ်ငိုက်နေတာမျိုးလည်း မဖြစ်ချင်ဘူးပေါ့နော်။ ပထမဦးဆုံးကတော့ဒေသအတွက် ကိုယ်ရလာတဲ့ အခွင့်အရေးလေးအပေါ်မှာ တတ်နိုင်သလောက် လုပ်လို့ရတယ်။ အပြင်မှာနေတာထက်စာရင်၊ အပြင်မှာပြောတာထက်စာရင် အထဲမှာနေတာ၊ ပြောတာက ပိုပြီးခိုင်မာတယ်” လို့ ဒေါ်ဂျာဆိုင်းခေါန်က ရှင်းပြပါတယ်။

သို့သော်လည်း လွှတ်တော်ထဲမှာ ပါတီတစ်ခုတည်းက လွှမ်းမိုးထားတာကိုတော့ သူက သဘောမကျပါဘူး။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ထဲ နေရာအများစုကို ယူခဲ့ပြီးတဲ့နောက်မှာ NLD က အလားတူ အစားထိုး ဝင်ရောက်တဲ့ အခြေအနေဟာ “မဖြစ်သင့်ဘူး” လို့ သူက ပြောပါတယ်။

အရည်အချင်းနှင့်ဘဝမျိုးစုံ

ဒေါ်ဂျာဆိုင်းခေါန်ဟာ လူမှုရေး၊ နိုင်ငံရေးနယ်ပယ်မှာ အင်တိုက်အားတိုက် လုပ်ဆောင်နေတဲ့ ကချင်ပြည်နယ်က အမျိုးသမီးများထဲကတစ်ဦးပဲဖြစ်ပါတယ်။

ထင်ရှားတဲ့ ကချင်ပြည်နယ်က အမျိုးသမီးတွေထဲမှာဆိုရင် မေတ္တာဖောင်ဒေးရှင်းအဖွဲ့ကို ထူထောင်ခဲ့သူအမျိုးသမီး လဖိုင်ဆန်ရော် ပါဝင်ပြီး သူဟာ အာရှတိုက်ရဲ့ နိုဘယ်ဆုလို့ ပြောလို့ရတဲ့Ramon Magsaysay Award ဆုကို ရရှိထားပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး၊ အမျိုးသမီးရေး၊ လယ်မြေရေးရာ စသောနေရာတွေမှာ တက်ကြွလှုပ်ရှားတဲ့ ကချင်အမျိုးသမီးတွေ အများအပြားပါပဲ။

ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်ဂျာဆိုင်းခေါန်ဟာ Kachin State Public Company Limited ရဲ့ ဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်တယ်။ သူ့ကုမ္ပဏီဟာ ရေ၊ မီး တပ်ဆင်ပေးရေးနဲ့ အခြားစီးပွားရေး လုပ်ငန်းတွေကို အစိုးရနဲ့ ပူးပေါင်း လုပ်ဆောင်နေတာပါ။ တစ်ချိန်က ရန်ဘက်ဖြစ်ခဲ့တဲ့သူတွေ ဒီလို ပူးပေါင်း လုပ်ဆောင်ထားတာကို The Economist မဂ္ဂဇင်းက ‘ထူးခြားတဲ့ ပုဂ္ဂလိကနှင့်နိုင်ငံပိုင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုပုံစံ’ လို့ မှတ်ချက်ပေးခဲ့ပါတယ်။

“ကချင်ပြည်နယ်မှာ စီးပွားရေးလုပ်တယ်ဆိုတာ သစ်လုံးတွေရောင်းတာ၊ ဖားကန့်မှာတူးတာ တွေထက်စာရင် အခြားဟာတွေ ရှိပါသေးတယ် ဆိုတာကို ကချင်တွေကိုလည်း ပြချင်တာပါ” လို့ သူက ရှင်းပြပါတယ်။

သူက ဘေးကနေ ပြစ်တင်ဝေဖန်နေမဲ့အစား မြန်မာနိုင်ငံမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုလိုဖြစ်ပြီး အားနည်းချက်တွေရှိနေသေးတဲ့ ပုဂ္ဂလိက ကဏ္ဍကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ကိုယ်တိုင်ဝင်ပြီး ဆောင်ရွက်ချင်ခဲ့တာပါ။

ရေအားလျှပ်စစ်စက်ရုံအသေးစားနှစ်ခု လည်ပတ် ထုတ်လုပ်ရေး၊ မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်တွေမှာ လက်မှတ်နဲ့ အခြားဝန်ဆောင်မှုတွေ လုပ်ဆောင်ဖို့ သူ့ကုမ္ပဏီက ကချင်ပြည်နယ်အစိုးရနဲ့ လုပ်ငန်းစာချုပ်တွေ ချုပ်ဆိုထားပါတယ်။

ဧရာဝတီမြစ်ကို ရင်းမြစ်အဖြစ် အသုံးချမယ့် မြစ်ဆုံစီမံကိန်းကို ပယ်ဖျက်ဖို့ ဆက်လက် တိုက်တွန်းကြိုးပမ်းဆောင်သွားမယ်လို့ သူက ဆိုပါတယ်။ ဒေါ်ဂျာဆိုင်းခေါန်ဟာ ၂ဝ၁၃ ခုနှစ်အတွင်းက တရုတ်နိုင်ငံကို သွားခဲ့ပြီး အဲဒီက ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံကို ဒေါ်လာသန်းပေါင်းများစွာ ချေးငွေတွေပေးထားတဲ့ တရုတ်ပို့ကုန်သွင်းကုန်ဘဏ်က အရာရှိကြီးတွေကို တွေ့ဆုံပြီး ဒီစီမံကိန်းကြီး အကြောင်းပြောတဲ့ အစည်းအဝေးမှာ မပြေမလည်ဖြစ်ခဲ့ကြပါတယ်။

“သူတို့ပြောလိုက်တာက ငါတို့ကို မင်းတို့ အပြစ်အတင်သင့်ဘူး၊ မင်းတို့အစိုးရကိုပဲ အပြစ်သွားတင်၊ မင်းတို့ကို ပေးသင့်သမျှအားလုံး ပေးခဲ့ပြီးပြီလို့ သူပြောတယ်။

ခင်ဗျားတို့ဘယ်လောက်ပေးလဲဆိုတာ ကျွန်မတို့ မသိပါဘူး၊ အစိုးရကလည်း မကြေညာဘူးပေါ့နော်။ သူကလည်း သူတို့ ဘယ်လိုဆက်လုပ်လို့ရမလဲဆိုတာကို ဆက်မေးတယ်။ ဒါက ကချင်ပြဿနာတင်မဟုတ်ဘူး၊ ဧရာဝတီကိုသတ်တာဟာ တစ်နိုင်ငံလုံးမှာရှိတဲ့လူတွေကို သတ်တာပဲ၊ No Way (လက်ခံနိုင်စရာအကြောင်း မရှိဘူး) လို့ ပြောခဲ့တယ်။”

ခရစ်ယာန်ဘာသာကိုင်းရှိုင်းသူတစ်ဦးဖြစ်တဲ့ ဒေါ်ဂျာဆိုင်းခေါန်ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ပျက်သွားပြီး တိုက်ခိုက်မှုတွေ ပြန်ဖြစ်နေတဲ့အပေါ်မှာ စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။

“နှစ်ငါးဆယ်လောက်ကြီး စစ်ဖြစ်တဲ့အထဲမှာ ဒီလောက်အကြာကြီး စစ်ရှောင် (ဒုက္ခသည်)တွေရှိတယ်ဆိုတာ မကြုံဖူးဘူး။ လက်နက်အင်အားကလည်း မတူတော့ဘူး။ ခံရတဲ့သူတွေ ပိုပြီးခံရတာပေါ့။ ကုစားရမယ့်ဟာတွေအများကြီး ဒီရှေ့မှာရှိနေတယ်” လို့ သူက ဆိုပါတယ်။

ဒီပြည်တွင်းစစ်ကို ရပ်ဆိုင်းနိုင်ရေးဟာ မြန်မာတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို မြှင့်တင်ပေးနိုင်မယ့် ဖက်ဒရယ်စနစ်ပေါ်မှာ မူတည်နေတယ်လို့ သူကမြင်ပါတယ်။

“(ဖက်ဒရယ်ပြည်ထောင်စုစနစ် လှုပ်ရှားခဲ့တာကတော့) ကျွန်မအဖေရဲ့ အမွေတစ်ခုတည်းလို့တော့ မမြင်ပါဘူး၊ အားလုံးစုပေါင်းတဲ့အမွေပါ၊ အဖေကလူထုရဲ့ဆန္ဒကိုပဲ ဖော်(ဆောင်)တယ်လို့ မြင်ပါတယ်။ အားလုံးမျှော်မှန်းတဲ့အရာကိုရအောင် ဆက်ပြီးလုပ်ဆောင်သွားမှာပါ” လို့ ဒေါ်ဂျာဆိုင်းခေါန်က ပြောလိုက်ပါတယ်။

Show More

Related Articles

Back to top button