တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲပြီးနောက် ၂၀၁၁ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သည့် တစ်ကျော့ပြန်စစ်မီးသည် သိန်းနှင့်ချီသော ဒေသခံများကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သည်။
နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသော ဒေသခံများအနက် ဆိုင်းနူးပန်တို့ မိသားစုလည်းပါဝင်ခဲ့သည်။ စစ်ပွဲများကြောင့် မြစ်ကြီးနားမြို့ရှိ ရွှေစက်စစ်ဘေးရှောင်စခန်းတွင် ဆိုင်းနူးပန်တို့မိသားစု ခိုလှုံခဲ့ကြရသည်။ ၎င်းတို့နေထိုင်ခဲ့ရာ တရုတ် – မြန်မာနယ်စပ် ဝိုင်းမော်မြို့နယ်ရှိ အင်ပေါင်ရွာသည်လည်း တိုက်ပွဲများအတွင်း ရွာလုံးကျွတ်မီးလောင်ကျွမ်းခဲ့သည်။
စစ်ရှောင်စခန်းရှိ ၁၀ ပေပတ်လည်သာသာ အခန်းလေးတွင် ဆိုင်းနူးပန်တို့မိသားစု ကျပ်ကျပ်တည်းတည်း နေထိုင်ခဲ့ရသည်။ စစ်ရှောင်စခန်းတွင် အနေကြာလာသည်နှင့်အမျှ ရိက္ခာမလုံလောက်မှုနှင့် အလုပ်အကိုင်ရှားပါးခြင်း စသည့်အခက်အခဲများ ဆက်တိုက်ကြုံတွေ့ခဲ့ရသည်။
ထိုအချိန်က မဂျီဆိုင်းနူးပန်ခေါ် ဆိုင်းနူးပန်မှာ တက္ကသိုလ်ဝင်တန်းဖြေပြီးစ အချိန်ဖြစ်သည်။ စစ်ရှောင်စခန်းတွင် မိသားစုလိုက် ခိုလှုံနေရာမှ ဆိုင်းနူးပန်တစ်ယေက် တက္ကသိုလ်တက်နိုင်ရန် မြစ်ကြီးနားမြို့ပေါ်ရှိ အဘိုးအဘွားနေအိမ်သို့ ပြောင်းနေခဲ့ရသည်။
နေရာစွန့်ခွာထွက်ပြေးခဲ့ရသူ စစ်ဘေးရှောင် ဆိုင်းနူးပန်တစ်ယောက် တက္ကသိုလ်တက်ရင်း ကျောင်းသားအရေး၊ စစ်ဘေးရှောင်များအရေးတွင် ပါဝင်လှုပ်ရှားခဲ့သည်။ ထိုမှတဆင့် ကချင်နိုင်ငံရေးလောကသို့ ရောက်ရှိခဲ့သည်။ ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရင်း နိုင်ငံရေးပါတီဝင်ဖြစ်ခဲ့သည်။
အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်သော စစ်ပြေးဒုက္ခသည် ထိုအမျိုးသမီးငယ်သည် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်လာသည်။
ကချင်နိုင်ငံရေးပါတီ လေးခုပေါင်းစည်းထားသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ကိုယ်စားပြုကာ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဆိုင်းနူးပန် ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်။
နေရပ်မပြန်နိုင်သေးသော ကချင်စစ်ဘေးရှောင်များအရေးကို အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ရှိ လွှတ်တော်အထိ ယူဆောင်သွားနိုင်ရန် ဆိုင်းနူးပန်က ရည်မှန်းထားသည်။
ဆိုင်းနူးပန်သည် KSPP ပါတီ၏ ဗဟိုလူငယ်အတွင်းရေးမှူးဖြစ်ပြီး ကျောင်းသားအရေး၊ စစ်ဘေးရှောင်များအရေး တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်သည်။
ကချင်ပြည်နယ်တွင် မဲဆန္ဒယ်ပေါင်း ၇၀ ရှိသည့်အနက် KSPP ပါတီက ၆၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ဆိုင်းနူးပန်အပါအဝင် အသက် ၃၅ နှစ်အောက် လူငယ်ကိုယ်စားလှယ်လောင်း ၉ ဦးအထိ KSPP ပါတီကိုယ်စားပြု ဝင်ပြိုင်ကြမည်ဖြစ်သည်။
ပြီးခဲ့သည့်ရွေးကောက်ပွဲအနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များသည် နေရပ်စွန့်ခွာခဲ့ရသော စစ်ဘေးရှောင်များအရေးကို အာရုံစိုက်ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် စစ်ဘေးဒုက္ခသည်များကို ကိုယ်စားပြုနိုင်ရန် ကိုယ်တိုင် ရွေးကောက်ပွဲဝင်ရခြင်းဖြစ်ကြောင်း ဆိုင်းနူးပန်က ပြောသည်။
“၂၀၁၅ တုန်းက Change (အပြောင်းအလဲ) ဆိုပြီး ဝန်းရံပေးခဲ့ရတဲ့ အစိုးရက ကျွန်မတို့ကိုတောင် ပြန်ပြီး ထောင်ချတဲ့အနေအထားထိ ဖြစ်သွားတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး ပြည်နယ်သူ ပြည်နယ်သားတွေရဲ့ အကျိုးစီးပွား လုပ်ဆောင်နိုင်ဖို့လိုတယ်” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဆိုင်းနူးပန်က ပြောသည်။
၂၀၁၈ ခုနှစ်က တိုက်ပွဲများအတွင်း ပိတ်မိနေသည့် တနိုင်းဒေသခံ ၂၀၀၀ ကျော်ကို အမြန်ဆုံးကယ်ထုတ်ပေးရန် တောင်းဆိုခဲ့သော ကချင်လူငယ်များသပိတ်ကို ဦးဆောင်သူများအနက် ဆိုင်းနူးပန်လည်း ပါဝင်ခဲ့သည်။ ကချင်ပြည်နယ်တစ်ကျော့ပြန်စစ်ပွဲ ၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြစ်ကြီးမြို့တွင် စစ်ဘေးရှောင်များအကြောင်း တေးသရုပ်ဖော်တင်ဆက်ရာတွင် ပါဝင်မှုဖြင့် ၂၀၁၉ ခုနှစ် ဇွန်လတွင် ဆိုင်းနူးပန်တစ်ယောက် အရေးယူခြင်း ခံခဲ့ရသည်။
အဆိုပါတေးသရုပ်ဖော်ကြောင့် ဆိုင်းနူးပန်နှင့် ကချင်လူငယ်တစ်ဦးဖြစ်သော ကိုပေါလုသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်အရေးယူခံခဲ့ရပြီး ထောင်ဒဏ် ၁၅ ရက် ချမှတ်ခံခဲ့ရသည်။
အစိုးရကို ဆန့်ကျင်ခြင်းမဟုတ်ဘဲ စစ်ဘေးရှောင်များ၏ ဆုံးရှုံးမှုအတွက် ဆန္ဒဖော်ထုတ်ခဲ့ခြင်းသာ ဖြစ်သည်ဟု သမီးဖြစ်သူ ထောင်ဒဏ်ချမှတ်ခံရခြင်းနှင့်ပတ်သက်၍ စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေရဆဲဖြစ်သည့် ဆိုင်းနူးပန်၏ ဖခင်ဖြစ်သူ ဦးလရိန်က ပြောသည်။
သူ့သမီးသည် စစ်ဘေးရှောင်စခန်း၌ ခိုလှုံပြီး တက္ကသိုလ်၌ ဥပဒေပညာ သင်ယူနိုင်ရန် အဘိုးအဘွားများ ၏နေအိမ်မှတဆင့် တက်ခဲ့ရသူဖြစ်ပြီး စစ်ဘေးရှောင်များအရေး ရှေ့တန်းမှ ပါဝင်ဆောင်ရွက်ခြင်းသည် အမှန်တရားကို ဖော်ထုတ်ခြင်းသာဖြစ်သည်ဟုလည်း တရားဟောဆရာတစ်ဦးဖြစ်သူ ဦးလရိန်က ဆိုသည်။
“သူကိုယ်တိုင်လည်း စစ်ဘေးရှောင်ဆိုတော့ ရွေးကောက်ပွဲမှာ မဲနိုင်ရင် စစ်ရှောင်တွေအတွက် တစ်ခုခုတော့ လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။
မဲပေးပိုင်ခွင့်ရှိသူ တစ်သိန်းကျော်ရှိ မြစ်ကြီးနားမြို့နယ်တွင် နိုင်ငံရေးပါတီ ၇ ခုမှ ကိုယ်စားလှယ်လောင်းများ ဝင်ပြိုင်ကြမည်ဖြစ်သည်။ အင်အားကြီးနိုင်ငံရေးပါတီကြီးများနှင့် ရင်ဆိုင်ရမည်ဆိုသော်လည်း ရွေးကောက်ပွဲအောင်နိုင်ရေးသည် ပြည်သူလူထု၏ လက်ထဲတွင်သာရှိသည်ဟု ဆိုင်းနူးပန်က ဆိုသည်။
“ဒေသအတွက် အလုပ်လုပ်ပေးမယ့် ကိုယ်စားလှယ်လောင်း၊ လူငယ်ထု၊ အမျိုးသမီးအတွက် အလုပ်လုပ်ပေးမယ့်သူ ဒါမှမဟုတ် စစ်ဘေးရှောင်အတွက် အလုပ်လုပ်ပေးမယ့် ကိုယ်စားလှယ်လောင်းဆိုရင် ကျွန်မကို ရွေးပေးပါ။ ရွှီးတာ မဟုတ်ပါဘူး” ဟု ဆိုင်းနူးပန်က ပြောသည်။
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် နှင်းဆီပါတီခေါ် UDP ပါတီတို့သည် ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ် ၇၀ လုံးတွင် ဝင်ပြိုင်မည်ဖြစ်ပြီး KSPP ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၆၇ နေရာစီဖြင့် ကချင်ပြည်နယ်တွင် ဒုတိယအများဆုံး ဝင်ပြိုင်ကြမည်ဖြစ်သည်။
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားရှိ လူငယ် ၅၀၀ ကျော်နှင့် တွေ့ဆုံ၍ စစ်တမ်းတစ်ခု ကောက်ယူခဲ့ရာတွင် အလုပ်အကိုင်ရှားပါးမှု ဖြေရှင်းပေးရန်၊ ပညာရေး၊ လူငယ်နှင့် အမျိုးသမီးအရေးဆိုင်ရာကိစ္စများ ဆောင်ရွက်ပေးရန်နှင့် မူးယစ်ဆေးပြဿနာကို ဖြေရှင်းပေးရန် တောင်းဆိုကြသည်ဟု ဆိုင်းနူးပန်က ဆိုသည်။
ရွေးကောက်ပွဲကတိကဝတ်များတွင် အထက်ပါကိစ္စရပ်များ ထည့်သွင်းထားသည်ဟုလည်း ၎င်းက ပြောသည်။ ရွေးကောက်ပွဲအနိုင်ရပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပါက စစ်ဘေးရှောင်များ နေရပ်ပြန်လည်အခြေချနေထိုင်နိုင်ရေးနှင့် မြေယာဆုံးရှုံးမှုများအတွက် တစိုက်မတ်မတ် ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ပြောသည်။
“စစ်ဘေးရှောင်တွေအတွက် အတိုက်အခံပြောပေးတဲ့ ကိုယ်စားလှယ်တွေမရှိဘူး။ ကိုယ်ကိုယ်တိုင်လည်း စစ်ဘေးရှောင်ဖြစ်တဲ့အခါမှာ အများကြီးခံစားရတယ်။ သူတို့ (စစ်ဘေးရှောင်တွေ) အတွက် အများကြီးလုပ်ပေးချင်တယ်” ဟု ဆိုင်းနူးပန်က ပြောသည်။