ရွေးကောက်ပွဲ

KIO ဥက္ကဋ္ဌဟောင်း၏သမီး ရွေးကောက်ပွဲ ထပ်မံဝင်ပြိုင်မည်

ကချင်တော်လှန်ရေးခေါင်းဆောင်ဟောင်း မရန်ဘရန်ဆိုင်း၏ သမီးဖြစ်သူ မရန်ဂျာဆိုင်းခေါန်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၂) တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။  

အသက် ၅၄ နှစ်အရွယ် မရန်ဂျာဆိုင်းခေါန်သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သူ မရန်ဘရန်ဆိုင်း၏ သမီးဖြစ်သည်။ မရန်ဘရန်ဆိုင်းသည် ၂၀၁၁ အထိ ၁၇ နှစ်ကြာ တည်မြဲခဲ့သော စစ်အစိုးရနှင့် KIO/ KIA ကြား အပစ်ရပ်စာချုပ်ချုပ်ဆိုနိုင်ရေး ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။ 

မရန်ဂျာဆိုင်းခေါန်သည် ၁၉၈၆ မှစ၍ ဖခင်ဖြစ်သူနှင့်အတူ KIO ၏ လက်နက်ကိုင်တော်လှန်ရေးများတွင် ပါဝင်ခဲ့သည်။ ဖခင်ဖြစ်သူကွယ်လွန်ချိန် ၁၉၉၄ မှ ၂၀၁၀ အထိ KIO တွင် ၁၆ နှစ် ထပ်မံပါဝင်ဆောင်ရွက်ခဲ့ပြီးနောက် ပါတီနိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။

KIO ဒုတိယဥက္ကဋ္ဌဟောင်း ဒေါက်တာမနာမ်တူးဂျာတည်ထောင်သည့် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) သို့ ၂၀၁၀ ပြည့်နှစ်တွင် ဝင်ရောက်ခဲ့သော်လည်း ထိုအချိန်က ယင်းပါတီမှာ မှတ်ပုံတင်ခွင့် မရခဲ့ပေ။

သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် မရန်ဂျာဆိုင်းခေါန်သည် KSDP ကိုယ်စားပြုကာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အရှေ့မြောက်ဘက် မိုင် ၅၀ ကျော်အကွာရှိ အင်ဂျန်းယန်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့သည်။  

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အောင်ပွဲခံခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ အနိုင်ရရှိခဲ့သည့် အနည်းစုသော ကချင်တိုင်းရင်းသားပါတီများ၏ လွှတ်တော်ကိုယ်စားလှယ်လေးဦးအနက် တစ်ဦးဖြစ်သည်။

မရန်ဂျာဆိုင်းခေါန်သည် ၂ နှစ်ကျော်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ရသော ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးကိစ္စတွင်လည်း အခြားသော ကချင်နိုင်ငံရေးခေါင်းဆောင်များနှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့သည်။ 

တစ်ချိန်က မရန်ဂျာဆိုင်းခေါန် ကိုယ်စားပြုခဲ့သော KSDP နှင့် အခြားကချင်ပါတီသုံးခု ပေါင်းစည်းကာ  ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ပေါ်ထွက်လာပြီးနောက် KSDP မှာ ဖျက်သိမ်းသွားသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင်မူ မရန်ဂျာဆိုင်းခေါန်သည် မည်သည့်ပါတီကိုမျှ ကိုယ်စားမပြုတော့ဘဲ ဒေသခံ ကချင်နိုင်ငံရေးပါတီ၊ အာဏာရ NLD ပါတီ အပါအဝင် အင်အားကြီးပါတီများကို အတိုက်အခံပြုကာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း တစ်ဦးအဖြစ် ဝင်ရောက်ရွေးချယ်ခံမည်ဖြစ်သည်။

“ကျွန်မလုပ်နိုင်တာတွေကို ပြည်သူတွေသိပါတယ်” ဟု မရန်ဂျာဆိုင်ခေါန်က ပြောသည်။ မဲပေးပိုင်ခွင့်ရှိသူ ၁,၅၀၀ နီးပါးရှိသော ၎င်း၏ မဲဆန္ဒနယ်အဟောင်းဖြစ်သည့် အင်ဂျန်းယန်မြို့နယ်မှပင် ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။

အင်ဂျန်းယန်မြို့နယ်၌ အောင်နိုင်ရေးဆိုင်းဘုတ်များ စိုက်ထူနေသည့် မရန်ဂျာဆိုင်းခေါန် (အလယ်)

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခြင်းသည် မရန်ဂျာဆိုင်းခေါန်အတွက် စိန်ခေါ်မှုများရှိလာမည်ဖြစ်သော်လည်း အမျိုးသမီးအရေး၊ ပြည်နယ်ရေးရာကိစ္စတို့တွင် အမှန်တကယ် အလုပ်လုပ်သူဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သော ကချင်လူငယ်များအဖွဲ့ကွန်ရက် အတွင်းရေးမှူး မဆွတ်ဆိုင်းထွယ်က သုံးသပ်သည်။

ကချင်ပြည်နယ်၌ ဧကသောင်းနှင့်ချီ စိုက်ပျိုးလျက်ရှိသော တရုတ်တစ်သျှူးငှက်ပျောစိုက်ခင်းများကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် လူမှုစီးပွားဆိုင်ရာကိစ္စများ၊ အမျိုးသမီးများအရေး၊ အစိုးရ၏ ဆောင်ရွက်ချက်များ ပွင့်လင်းမြင်သာမှုရှိရေးတို့နှင့် ပတ်သက်၍ လွှတ်တော်တွင်း ဆွေးနွေးပြောဆိုမှုများကြောင့် မရန်ဂျာဆိုင်းခေါန်သည် နာမည်ရသူတစ်ဦးဖြစ်သည်ဟုလည်း ကချင်ပြည်နယ်လွှတ်တော်ရုံးမှ အရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။ 

မဲဆွယ်စည်းရုံးရေးကာလတွင် မဲဆန္ဒနယ်၌ စည်းရုံးဟောပြောရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းထက် စစ်ဘေးရှောင်မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါဝင်လာရေးကို အလေးထားဆောင်ရွက်ပေးနေသည်ဟု မရန်ဂျာဆိုင်းခေါန်က ဆိုသည်။ 

“စစ်ရှောင်တွေက နာမည်စာရင်း ပါမပါ၊ မဲထည့်နိုင် မထည့်နိုင်ဆိုတာ မသိကြဘူး။ ကိုယ့်ရဲ့ နယ်မြေမှာ အစစအရာရာ ဦးဆောင်ဖို့အတွက် မဲပေးဖို့ လိုအပ်တယ်ဆိုပြီး ပြောပြနေရတယ်။ အဲဒါတောင်မှ မဲစာရင်းမှာ မပါနိုင်သေးဘူး။ အဓိကတော့ သူတို့နာမည်စာရင်းက မဲစာရင်းပါဖို့၊ မဲပေးဖို့ အရေးကြီးတယ်ဆိုတာ ပြောပြရတာပေါ့” ဟု မရန်ဂျာဆိုင်းခေါန်က ပြောသည်။

ဇူလိုင် ၂၅ က ထုတ်ပြန်ခဲ့သည့် ပထမအကြိမ်မဲစာရင်းအရ အင်ဂျန်းယန်မြို့နယ်တွင် မဲပေးခွင့်ရှိသူ ၉၃၆ ဦးရှိသည်။ အဆိုပါစာရင်းတွင် တပ်မတော်နှင့် KIA ကြား၂၀၁၈ တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတစ်ခုကြောင့် မြစ်ကြီးနားမြို့သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည့် အင်ဂျန်းယန်ဒေသခံ ၅၀၀ ကျော်၏ အမည်စာရင်း မပါဝင်လာဟု ၎င်းက ပြောသည်။

မြစ်ကြီးနားသို့ စစ်ဘေးရှောင်သွားသူ ၅၀၈ ဦး၏ အမည်စာရင်းများမှာ မြစ်ကြီးနားမြို့နယ်စာရင်းတွင် ပါဝင်နေကြောင်း၊ မရန်ဂျာဆိုင်းခေါန်နှင့် ညှိနှိုင်းဆောင်ရွက်မှုကြောင့် အင်ဂျန်းယန်မြို့နယ် မဲစာရင်းတွင် ပြန်လည်ထည့်သွင်းခဲ့ကြောင်း အင်ဂျန်းယန်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်လင်းအောင်က Myanmar Now ကို ပြောသည်။

“စစ်ဘေးရှောင်တွေက မြစ်ကြီးနားမြို့နယ် မဲစာရင်းမှာပါထားပြီးသား။ သူတို့အခြေချနေထိုင်ခဲ့တဲ့ အင်ဂျန်းယန်မှာပဲ မဲပေးချင်တော့ သတ်မှတ်ပုံစံအတိုင်းလျှောက်ရမှာ။ စစ်ဘေးရှောင်တွေရဲ့ကိုယ်စား မရန်ဂျာဆိုင်းခေါန်က စိစစ်ဆောင်ရွက်ပေးပါလို့ ညှိနှိုင်းလာလို့ စစ်ရှောင်တွေရဲ့စာရင်းက ပေါ်လာတာ။ ဒုတိယအကြိမ်မဲစာရင်းမှာ ထည့်သွင်းပြီးပါပြီ” ဟု ဦးတင်လင်းအောင်က ပြောသည်။

Show More

Related Articles

Back to top button