ရွေးကောက်ပွဲ

ကချင်ပြည်နယ်ပြည်သူ့ပါတီတွင် ပါတီတစ်ခု ထပ်မံပူးပေါင်း

ကချင်တိုင်းရင်းသားပါတီ သုံးခုပေါင်းထားသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) သို့ တခြားကချင်တိုင်းရင်းသားပါတီ ဖြစ်သော ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ (UNFDP) က ထပ်မံပူးပေါင်းလိုက်သည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP နှင့် UNFDPတို့ ပူးပေါင်းမှုကို မြစ်ကြီးနားမြို့နယ် စီတာပူရပ်ကွက်ရှိ ကချင်အတိုင်ပင်ခံရုံး၌ ယနေ့ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု UNFDP UNFDPဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက ပြောသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) သည် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီနှင့် ကချင်ဒီမိုကရက်တစ်ပါတီတို့ ကနဦးပူးပေါင်းပြီး အသစ်တည်ထောင်ထားသည့် ပါတီဖြစ်သည်။

“ပါတီပေါင်းလိုက်ပြီးမှာ ပြန်ကွဲသွားတာတွေ ရှိခဲ့တယ်လေ။ ပြည်သူတွေရဲ့ တောင်းဆိုမှုအပေါ် ပါတီခေါင်းဆောင်တွေ အကျေအလည်ဆွေးနွေးတယ်။ သူတို့ (ကချင်ပြည်နယ်ပြည်သူ့ပါတီ) ကလည်း ခိုင်ခိုင်မာမာနဲ့ရှိနေပြီ။ အဲကြောင့် ပူးပေါင်းဖြစ်ခဲ့တာ”ဟု UNFDP ဥက္ကဋ္ဌ ကဆိုသည်။

ကချင်တိုင်းရင်းသားပါတီများက ကချင်ပြည်နယ်ပြည်သူ့ပါတီအဖြစ် တစ်ပါတီတည်းပေါင်းစည်းရန် ကြိုးပမ်းနေစဉ်က ပါဝင်ခဲ့ခြင်းမရှိခဲ့သော်လည်း ပါတီသစ်မှတ်ပုံတင်ကျပြီး ၆ လကြာမှ UNFDP ပေါင်းစည်းလာခြင်းဖြစ်သည်။

UNFDP သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာကမှ နိုင်ငံရေးပါတီအဖြစ် တရားဝင်မှတ်ပုံတင်ကျပြီးနောက် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် ၃ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီနှင့် ပူးပေါင်းလိုက်ပြီဖြစ်သောကြောင့် UNFDP ကို နိုင်ငံရေးပါတီအဖြစ်မှ ရုပ်သိမ်းရေးကိစ္စကို လုပ်ဆောင်ရမည်ဖြစ်သည်။

“စည်းစည်းလုံးလုံးနဲ့ အင်အားကြီးရမယ်။ ပြည်ထောင်စုကို တည်းဆောက်ဖို့ အင်အားရှိရမယ်။ ကချင်ပြည်သူတွေအားလုံး စည်းစည်းလုံးလုံး လုပ်သွားမယ်ဆိုရင် လိုရာပန်းတိုင်ကို ရောက်လာမှာပါ” ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

ကချင်တိုင်းရင်းသား ကိုယ်စားပြုနိုင်ငံရေးပါတီ တစ်ခုတည်းဖြစ်ရေးအတွက် တရားဝင်နိုင်ငံရေးပါတီ ၄ ခုက ပေါင်းစည်းလိုက်ပြီဖြစ်သော်လည်း မပေါင်းဘဲကျန်နေသေးသည့် ကချင်နိုင်ငံရေးပါတီများလည်း ပေါင်းလာရန် ဦးကွမ်ဂေါင်အောင်ခမ်းက မျှော်မှန်းထားသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများသည် သက်ဆိုင်ရာ ပြည်နယ်မဲဆန္ဒနယ်များ၌ အင်တိုက်အားတိုက် ယှဉ်ပြိုင်ခဲ့ကြသော်လည်း NLD ကသာ နေရာအများစုကို သိမ်းပိုက်သွားခဲ့ပြီးနောက် တိုင်းရင်းသားနိုင်ငံရေးပါတီများက တစ်ပါတီတည်းဖြစ်လာစေရန် ၂၀၁၇ ခုနှစ်စောပိုင်းကတည်းက ကြိုးပမ်းနေခဲ့ကြသည်။

၂၀၁၅ တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အောင်ပွဲခံခဲ့သည့် ကချင်ပြည်နယ်တွင် ကချင်ဒေသခံ နှစ်ပါတီပေါင်းမှ လေးနေရာသာ အနိုင်ရရှိခဲ့သည်။

ကချင်ပြည်နယ်တွင် ယခုပူးပေါင်းလိုက်သည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) အပြင် ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်)၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ(ဒူးလေးပါတီ) တို့ ရှိသေးသည်။

Show More

Related Articles

Back to top button