ကချင်ပြည်နယ်နယ် အင်ဂျန်းယန်မြို့နယ်တွင် ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်အမှတ် (၁) နှင့် အမှတ် (၂) တို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရှုံးနိမ့်ခဲ့ပြီး ဒေသခံပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တို့က အနိုင်ရရှိခဲ့သည်။
အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒယ်တွင်ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)မှ ကိုယ်စားလှယ်လောင်း လမာနော်အောင်၊ ပြည်နယ်လွှတ်တော်အမှတ် (၁) တွင် KSPP ပါတီဥက္ကဋ္ဌ ဒေါက်တာ မနာမ်တူးဂျာနှင့် ပြည်နယ်လွှတ်တော် အမှတ် (၂) တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ် မရမ်ဂျာဆိုင်းခေါန် တို့က အသီးအသီး အနိုင်ရရှိခဲ့သည်ဟု သိရသည်။
အင်ဂျန်းမြို့နယ်သည် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၉) တွင် ပါဝင်သော်လည်း မဲရေတွက်မှု မပြီးသေးပေ။
အင်ဂျန်းယန်မဲဆန္ဒနယ်တွင် NLD ပါတီအနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း တစ်နေရာမှ အနိုင်မရှိခဲ့ဘဲ မဲရလဒ်အရ တတိယနေရာတွင်သာ ရှိခဲ့သည်။
ပြည်နယ်လွှတ်တော်အမှတ် (၁) နှင့် အမှတ် (၂) တွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်လောင်းများ၏ မဲရလဒ် အတိအကျမသိရသေးသော်လည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် KSPP မှ ကိုယ်စားလှယ်လောင်း လမာနော်အောင် ၇၂၃ မဲ၊ NLD ကိုယ်စားလှယ်လောင်းက ၃၀၀ ကျော်နှင့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းက ၂၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ အခု ကော်မရှင်ရုံးမှာ လက်မှတ်ထိုးပြီးပြီ။ ပြည်နယ် (၁) နဲ့ (၂) ကိုယ်စားလှယ်တွေလည်း ရောက်လာပြီ” အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် မဲအများဆုံးရရှိခဲ့သူ လမာနော်အောင်က Myanmar Now ကို ပြောသည်။
မဲပေးခွင့်ရှိသူ ၂၀၀၆ ဦးသာရှိသည့် အင်ဂျန်းယန်မြို့နယ်တွင် ဒေသခံပါတီဖြစ်သည့် KSPP မှ ကိုယ်စားလှယ်လောင်းနှစ်ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ကချင်တော်လှန်ရေးခေါင်းဆောင်ဟောင်း မရန်ဘရန်ဆိုင်း၏ သမီးဖြစ်သူ မရမ်ဂျာဆိုင်းခေါန်တို့က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အင်ဂျန်းယန်မြို့နယ်သည် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် ကျေးရွာအုပ်စုအများဆုံးရှိသော မဲဆန္ဒနယ်တစ်ခုဖြစ်သည်။ အင်ဂျန်းယန်မြို့နယ် ပြည်နယ်အမှတ် (၂) လွှတ်တော်မဲဆန္ဒနယ်ကို လူဦးရေ ၈၀၀ ဝန်းကျင်ရှိသည့် မြစ်ဆုံကျေးရွာတစ်ခုတည်းက မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ကျန်ကျေးရွာများမှာမူ အစိုးရနယ်မြေမစိုးမိုးနိုင်သည့် ကျေးရွာများရှိနေခြင်း၊ စစ်ပြေးရှောင်ရွာများ ရှိနေခြင်းတို့ကြောင့် မြစ်ဆုံကျေးရွာအုပ်စုတစ်ခုတည်း၌ပင် ရွေးကောက်ပွဲကျင်းပနိုင်မည်ဖြစ်သည်။
(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)