သတင်း

လားရှိုးအနီး ​နောင်မွန်ရဲစခန်း ဝင်တိုက်ခံရပြီး ရဲများ အသေအပျောက်ရှိ 

မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နောင်မွန်ရဲစခန်းကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ယနေ့ (ဧပြီ ၁၀) နံနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ရာ ရဲများဘက်မှ အကျအဆုံးများရှိကြောင်း သိရသည်။ 

လားရှိုးမြို့နှင့် ၁၆ မိုင်ခန့်ဝေးကွာသော နောင်မွန်ကျေးရွာရဲစခန်းကို မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ (AA,TNLA နှင့် MNDAA ) တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုပြီး ရဲစခန်းမှူးအပါအဝင် ၈ ဦး ကျဆုံးသည်ဟု ပြောသည်။ 

ပြီးခဲ့သည့် မတ် ၃၀ တွင် ရက္ခိုင့်တပ်တော် AA အပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော စစ်တပ်၏လုပ်ရပ်များကြောင့် အပစ်ရပ်စဲထားမှုအပေါ် ပြန်သုံးသပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ 

ထိုသို့ ထုတ်ပြန်ပြီးနောက် ပထမဆုံးအကြိမ်​ မြောက်ပိုင်းအဖွဲ့ သုံးဖွဲ့​ပေါင်း၍ အာဏာသိမ်းစစ်​ကောင်စီ တပ်ဖွဲ့ဝင်များအ​ပေါ် စတင်တိုက်ခိုက်ခြင်းဖြစ်သည်။

ဒေသအခြေစိုက် မီဒီယာတစ်ခုဖြစ်သော ရွှေဖီမြေသတင်းဌာနတွင်မူ နောင်မွန်ရဲကင်းတိုက်ခိုက်ခံရမှုတွင် ရဲတပ်ဖွဲ့  ၁၄ ဦး သေဆုံးပြီး၂ ဦးပျောက်ဆုံးကာ ရဲမိသားစုဝင် ၇ ဦး ထိခိုက်ဒဏ်ရာရကြောင်း၊ မြို့တွင်းစစ်ဆေးမှု တင်းကျပ်နေကြောင်း ယနေ့ သတင်းဖော်ပြထားသည်။ 

မြောက်ပိုင်းမဟာမိတ်အဖွဲ့က တိုက်ခိုက်မှုစတင်ပြီး တစ်နာရီခန့်အကြာတွင် စစ်​ကောင်စီ ရဟတ်ယာဉ်အချို့ ​ပျံသန်းရောက်ရှိလာသဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များဆုတ်ခွာသွား​​ကြောင်း ဒေသခံများကပြောသည်။

ရဲစခန်းဝင်းးအတွင်းရှိ အဆောက်အအုံများ ယနေ့ နံနက် ၁၀နာရီခွဲအထိ မီးလောင်နေဆဲဖြစ်ပြီး လူမှုကူညီရေးအဖွဲ့များ ဝင်ရောက်ကူညီ၍ မရသေး​ကြောင်း သိရသည်။

နောင်မွန်ရွာရဲကင်းစခန်းအား မဟာမိတ်သုံးဖွဲ့က တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံအချို့၏ ပြောဆိုချက်နှင့် ပတ်သက်၍ တအာင်းတပ် (TNLA) ၏ သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က အောက်ခြေသို့ စိစစ်နေဆဲဖြစ်သည်ဟု ပြောသည်။

“အဆက်အသွယ် ဘာမှမရသေးဘူး။ လိုင်းပေါ်မှာပဲ တွေ့ရတာ'”ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။ 

လားရှိုးသည် TNLA လှုပ်ရှားနယ်မြေတွင် ပါဝင်သော်လည်း စစ်ရေးလှုပ်ရှားမှု ရှိ၊ မရှိ မသိရသေး‌ကြောင်း၊ စစ်ရေးကိစ္စနှင့်ပတ်သက်၍ အသေးစိတ်မသိနိုင်‌ကြောင်း ၎င်းက ဆက်​ပြောသည်။

လက်ရှိတွင် နောင်မွန်ရဲစခန်းအနီးတစ်ဝိုက်သို့ တပ်မတော်က နှစ်မိုင်ခန့်အကွာရှိ ခင်းနင်းရွာတွင် အထိုင်ချကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

“ခင်းနင်းရွာမှာ တပ်မတော်က အထိုင်ချထားတယ်။ နောင်မွန်ရဲစခန်းကို အဖွဲ့အစည်းတွေက သိမ်းလိုက်တယ် ကြားတယ်။ ဘယ်အဖွဲ့အစည်းတွေလဲတော့ ကျွန်တော်တို့မသိဘူး။ အဲဒီရဲစခန်းကို တပ်မတော်က ကျွန်တော်တို့ ရွာကနေ လက်နက်ကြီးနဲ့ ထိုင်ထုနေတာ” ဟု ပြောသည်။ 

၎င်းညီနောင်မဟာမိတ်သုံးဖွဲ့သည် ဝ တပ်ဖွဲ့ (UWSA) ဦးဆောင်သော ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) တွင် ပါဝင်သည့် အဖွဲ့ဝင်များ ဖြစ်သည်။ 

လက်ရှိတွင် FPNCC တွင် ပါဝင်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီ၏ လက်နက်ကိုင်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး လူထုကို ပစ်ခတ်နေသော စစ်ကောင်စီ၏ လုပ်ရပ်များကို ဆန့်ကျင်ကြောင်း သဘောထားထုတ်ပြန်ထားသည်။

ထို့ပြင် အပစ်ရပ် NCA ရေးထိုးထားသော ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကို ကန့်ကွက်ထားပြီး လက်ရှိတွင် တိုက်ပွဲများဖြစ်ပွားနေသည်။ 

Related Articles

Back to top button