ဆောင်းပါး

နန်းကျမြို့တော်ရဲ့ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ

ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှာ နေတဲ့ ကိုသန်းဌေးတစ်ယောက် အလုပ်ကို ၉ နာရီထိုး အရောက်သွားရမှာဖြစ်တဲ့အတွက် အိမ်က ၆ နာရီခွဲလောက်ကတည်းက ထွက်လာပြီး လက်ဖက်ရည်ကိုတောင် အရသာခံမသောက်နိုင်ဘဲ ကားမှတ်တိုင်ကို အလျင်စလို လျှောက်နေရပါတယ်။

ကားထဲ လှောင်ပိတ်နေတဲ့ လူတွေကြား အသက်ရှူရပ်မတတ် ဖြစ်နေရတာဟာ ရန်ကုန်မှာ ဘတ်စကားအားကိုးပြီး အလုပ်ဆင်းသူအများအပြား မနက်တိုင်း ကြုံတွေ့နေရတဲ့ ဖြစ်ရပ်ပါ။ နွေရာသီဆိုရင်တော့ ချွေးတရွှဲရွှဲနဲ့ပေါ့။ တချို့ခရီးသည်တွေဟာ အလုပ်ကိုရောက်ဖို့ ကားနှစ်ဆင့်သုံးဆင့် စီးကြရပါတယ်။ ကိုသန်းဌေးအလုပ်က ကားတစ်ဆင့်နဲ့ ရောက်ပေမယ့် သူက အဲဒီတစ်ဆင့်ကို တမေ့တမောစီးရသူပါ။

“အိမ်ပြန်ရောက်ချိန်က ည ၁ဝ နာရီမှ။ အနားယူချိန် သီးသန့်မရှိပါဘူးဗျာ၊ ကားပေါ်မှာပဲ အချိန်တွေ ကုန်နေပါတယ်” လို့ ကိုသန်းဌေးက ဆိုပါတယ်။

တောင်ဒဂုံမြို့နယ် အမှတ် ၅၆ ရပ်ကွက်မှာ နေထိုင်တဲ့ မကေသီထွန်းက ရန်ကုန်မြို့လယ် ဖက်ရှင်ဆိုင်တစ်ခုမှာ လုပ်ကိုင်နေပါတယ်။ အလုပ်နောက်ကျရင် ဒဏ်ရိုက်ခံရမှာဖြစ်တဲ့အတွက် ၉ နာရီမတိုင်ခင် အလုပ်ကို ရောက်ဖို့ ကြိုးစားရသူပါ။

“ဆိုင်ဖွင့်ချိန်ကို အမီလာဖို့ဆို အနည်းဆုံး ၂ နာရီလောက်ကို ကြိုထွက်ရတယ်။ အဲဒီလိုမှ မထွက်ရင် ဆိုင်ဖွင့်အမီ မရောက်တော့ ကျွန်မတို့ လခထဲက ပြန်အဖြတ်ခံရတယ်” လို့ သူက ရှင်းပြပါတယ်။

မကေသီထွန်း၊ ကိုသန်းဌေးတို့ဟာ ခေတ်နောက်ကျနေတဲ့ ပို့ဆောင်ရေးစနစ်ကြောင့် ကိုယ်ပိုင်အားလပ်ချိန်တွေ ဆုံးရှုံး၊ ကျန်းမာရေးနဲ့ ဝင်ငွေ ထိခိုက်လာကြတဲ့ ရန်ကုန်သူရန်ကုန်သား သန်းဂဏန်းအရေအတွက်ထဲက နှစ်ယောက်ပါ။

စင်ကာပူလိုမျိုး ဒေသတွင်း မြို့တော်ကြီးတွေမှာ တွေ့ရတဲ့ အများပြည်သူ ပို့ဆောင်ရေးစနစ်ကို အကောင်အထည်မဖော်ပေးနိုင်သရွေ့တော့ ရန်ကုန်မြို့တွင်း ခရီးသွားတွေဟာ လူအဆမတန်ပြည့်နေတဲ့ ဘတ်စကားတွေကိုပဲ အားကိုးနေရမှာဖြစ်ပါတယ်။

နန်းကျမြို့တော်ရဲ့ သယ်ယူပို့ဆောင်ရေး

ရန်ကုန်ဟာ မြန်မာပြည်ရဲ့မြို့တော်ဖြစ်ခဲ့စဉ်က ဦးစားပေးအခံရဆုံးမြို့ကြီးပါ။ သို့သော်လည်း လွန်ခဲ့တဲ့ ဆယ်နှစ်က မြို့တော်သစ်ရှိရာ နေပြည်တော်ကို ဝန်ကြီးဌာနတွေ ပြောင်းရွှေ့သွားချိန်ကစပြီး ရန်ကုန်ဟာ အစိုးရရဲ့ ပထမဦးစားပေးမြို့ကြီး မဟုတ်တော့ပါဘူး။

အစိုးရက မော်တော်ကားစျေးနှုန်းတွေ ကျဆင်းသွားအောင် မူဝါဒတွေ ပြုပြင်ပြောင်းလဲလိုက်တဲ့အတွက် မြန်မာပြည်မှာ ကားဝယ်စီးနိုင်သူ အများအပြား ပေါ်လာပါတယ်။ အခုဆိုရင် မြို့တော်ဟောင်း ရန်ကုန်မှာ ကားပေါင်းစုံ ၅ သိန်းကျော် ရှိနေပါပြီ။ အရပ်သားအစိုးရသစ်ရဲ့ ပြီးခဲ့တဲ့ လေးနှစ်ကျော်ကြာ ကာလအတွင်း ရန်ကုန်ရဲ့ မော်တော်ယာဉ် အရေအတွက် နှစ်ဆခွဲနီးပါး တိုးမြင့်လာခြင်းဟာ ကားလမ်းပိတ်ဆို့မှုရဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ဝင် ဦးကျော်စိုးက ဒီဇင်ဘာ လဆန်းပိုင်း သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ရန်ကုန်ရဲ့ ကားလမ်းပိတ်ဆို့မှုပြဿနာ ပေါ်ပေါက်လာခြင်းနဲ့ ပတ်သက်ပြီး ဦးကျော်စိုးက အစိုးရရဲ့ မော်တော်ယာဉ်မူဝါဒကို ကာကွယ်ပြောဆိုခဲ့ပါတယ်။

“အားလုံးအဆင်သင့် မဖြစ်သေးခင်မှာ မူဝါဒအသစ်တွေ ချမှတ်လိုက်တဲ့ အကျိုးဆက်လို့ ဆိုလို့တော့ မရပါဘူး။ ကျနော်တို့ ရန်ကုန်ပဲဖြစ်တာလေ၊ မြန်မာတစ်နိုင်ငံလုံး ဖြစ်တာမှ မဟုတ်တာ” လို့ ဦးကျော်စိုးက ပြောပါတယ်။

ကားအရေအတွက် ပေါက်ကွဲသွားတဲ့ နန်းကျမြို့တော်ရန်ကုန်ရဲ့ ရုံးတက်၊ ရုံးဆင်းချိန်နဲ့ နေ့ခင်းဘက်မှာ လမ်းတွေပေါ် ကားပိတ်နေတတ်ပြီး ညဘက်ရောက်မှပဲ ကားနဲ့သွားလာသူတွေ အဆင်ပြေကြပါတယ်။

လုပ်သက် ၁ဝ နှစ်ကျော်ပြီဖြစ်တဲ့ အငှားယာဉ်မောင်း ကိုဇော်မင်းက ကားလမ်းပိတ်ဆို့မှုကြောင့် ဝင်ငွေ ထိခိုက်တယ်လို့ ပြောပြတယ်။

“မိနစ် ၂ဝ လောက်ပဲ သွားရမယ့်ခရီးကို အခုက ၂ နာရီ လောက်အချိန်ပေးသွားနေရတာ၊ နေ့ဘက်ကား မောင်းတာကိုတောင် တော်တော်လေး စိတ်ကုန်နေပြီ” လို့ ကိုဇော်မင်းက ရှင်းပြပါတယ်။

နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာ

ခရီးသည်ပြည့်နေတဲ့ ဘတ်စကားအတွင်း ရှူရတဲ့ လေထဲမှာ အောက်ဆီဂျင်နည်းပါးမှု၊ စိတ်ဖိစီးမှု၊ ကားမီးခိုး၊ ကားထဲကလူတွေရဲ့ ချွေးနံ့၊ ယာဉ်မောင်းတချို့ရဲ့ ဆေးလိပ်ငွေ့၊ ကားအတွင်းပိုင်း သန့်ရှင်းမှုမရှိလို့ ထွက်လာတဲ့ အနံ့ဆိုးတွေကြောင့် ခရီးသွားတွေရဲ့ ကျန်းမာရေးထိခိုက်စေကြောင်း ရန်ကုန်က အတိုင်ပင်ခံဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာအောင်စိုးဝင်းက ပြောပါတယ်။

“တချို့အမျိုးသမီးတွေဟာ ခရီးသည်တင်လိုင်းကားတွေမှာ လိင်ပိုင်းဆိုင်ရာစော်ကားခံရမလားဆိုတဲ့ စိတ်ဖိစီးမှုတွေလည်း ရှိလာတယ်” လို့ ဒေါက်တာအောင်စိုးဝင်းက ပြောပါတယ်။
ကားထဲမှာပဲ အချိန်ကုန်ရတဲ့အတွက် ဆီးချုပ်ဝမ်းချုပ် ဖြစ်နိုင်ခြေရှိတယ်၊ တက်သုတ်ရိုက်သွားရသူအများအပြားက အသင့်စား ဆီကြော်အစားအစာတွေကို ပိုမို အားကိုးလာရတာကလည်း ကျန်းမာရေးထိခိုက်စေတဲ့ အကြောင်းအရာတွေပဲလို့ သူက ဆိုပါတယ်။

မော်တော်ယာဉ်တွေများတဲ့ ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှုကြောင့်၂ဝဝဝ ပြည့်နှစ်အတွင်း ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကို ပြသခဲ့ကြရသူပေါင်း ၈ဝ၅,၆၂၅ ဦး ရှိခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်ရဲ့ သုတေသနစာတမ်းတစ်ခုမှာ ရေးထားပါတယ်၊ အဲဒီထဲကမှ သေဆုံးသူ ၁,၆၈၃ ဦး ရှိပါတယ်။

ရန်ကုန်ရဲ့ လေထုညစ်ညမ်းမှုနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ စစ်တမ်းတွေတော့ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

အမှတ် ၃၉ ယာဉ်လိုင်းရဲ့ ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုအောင်က ကားလမ်းပိတ်တာ ကြာမြင့်လာတဲ့အခါ သူတို့တွေ စိတ်တိုလွယ်လာတယ်၊ စိတ်ဖိစီးမှုလည်း တိုးလာတယ်လို့ ပြောပါတယ်။

နိုင်ငံတကာမှာ ဘယ်လိုဖြေရှင်းနေလဲ

ဒေသတွင်းနိုင်ငံ မြို့ကြီးတွေမှာလည်း လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ကြပေမယ့် ကောင်းကင်ရထား၊ မြေအောက်အမြန်ရထား၊ ဆိုင်ကယ်၊ ကားမသွားရလမ်း၊ ခရီးသည်တင်ယာဉ် သီးသန့်လမ်း စသဖြင့် နည်းလမ်းမျိုးစုံသုံးပြီး ဖြေရှင်းခဲ့ကြပါတယ်။

ဘန်ကောက်မှာ အငှား ဆိုင်ကယ်ပြေးဆွဲလုပ်ကိုင်ခွင့် ပေးထားတာဟာ ကားပိတ်ဆို့မှု လျော့ကျစေတဲ့ နည်းလမ်းတစ်ခု ဖြစ်နေပါတယ်။ မြေအောက်ရထား၊ မိုးပျံရထားတွေ ပြေးဆွဲတဲ့အတွက် ဘန်ကောက်ဟာ ၁၉၉ဝအလွန် နှစ်တွေကလို ကားပိတ်ဆို့မှု အလွန်အကျွံ မဖြစ်တော့ပါဘူး။

အင်ဒိုနီးရှားရဲ့ ဂျကာတာမြို့မှာတော့ မြို့တွင်းသွား မီးရထားတွေကို စနစ်တကျနဲ့ တိုးမြှင့် လုပ်ဆောင်ဖို့ စီမံကိန်းတွေချမှတ်ပြီး မိုးပျံရထား ပြေးဆွဲနိုင်အောင်လည်း လုပ်ဆောင်ခဲ့ပါတယ်။ ဆိုင်ကယ် စီးနင်းဖို့ စနစ်တကျ ခွင့်ပြုပေးခဲ့ပြီး အလုပ်လုပ်ကိုင်ကြသူတွေ၊ ကျောင်းသားတွေ တော်တော်လေး အဆင်ပြေစေခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်စည်ပင်သာယာရေးကော်မတီကတော့ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ရဲ့ အကူအညီနဲ့ ခရီးသည်တင်ကားတွေအတွက် သီးသန့်လမ်း၊ ကင်မရာတပ်ဆင်ထားတဲ့ ခေတ်မီမီးပွိုင့်များ ဆောက်လုပ်ရေး၊ ရန်ကုန်မြို့ပတ် မီးရထားလမ်း အဆင့်မြှင့်တင်ရေးတို့ကို စီမံနေကြောင်း သိရပါတယ်။

ရေရှည်အဆင်ပြေစေဖို့ကတော့ လုပ်ဆောင်စရာ အများအပြားကျန်နေသေးတယ်လို့ JICA အကြီးတန်းကိုယ်စားလှယ် စန်ဂျိုအာခီဟီထိုက ဆိုပါတယ်။

“ကျွန်တော်တို့ စည်ပင်ကို တင်ပြထားတဲ့ မြို့ပြသယ်ယူပို့ဆောင်ရေးစနစ် မဟာစီမံကိန်းမှာ ခရီးသည်တင်ကားတွေအတွက် သီးသန့်လမ်းစနစ်က ကောင်းပေမယ့် ရေတိုအတွက်ပဲ အဆင်ပြေမှာ” လို့ သူက ပြောပါတယ်။

ခုံးကျော်တံတားကုထုံး

ကားပိတ်ဆို့မှုရဲ့ အဓိကအကြောင်းရင်း နှစ်ခုကတော့ စည်းကမ်းမဲ့မောင်းနှင်မှု၊ ရန်ကုန်မြို့တွင်းလမ်းများမှာ ကားတွေ ပြည့်နှက်နေမှုတို့ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ဒုတိယရဲမှူးဝင်းနိုင်က ပြောပါတယ်။

ရန်ကုန်မြို့က အထင်ကရ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာမြတ်ဉာဏစိုးကလည်း အလားတူ မှတ်ချက်ပေးပါတယ် – မြို့ပြကြီးရဲ့ အင်္ဂါရပ်နဲ့ မညီခြင်း၊ ယာဉ်မောင်း သူတွေ စည်းကမ်းမရှိခြင်းလို့ သူက ဆိုပါတယ်။

ဒီအခြေအနေမှာပဲ ရန်ကုန်ရဲ့ လမ်းဆုံတချို့မှာ ခုံးကျော်တံတားကြီးတွေ တည်ဆောက်နေတာ တွေ့ရမှာပါ။ ခုံးကျော်တံတားများ ဆောက်လုပ်ခြင်းနဲ့ ပတ်သက်ပြီး ဝေဖန်မှုအများအပြား ခံနေရပေမယ့် တိုင်းအစိုးရအဖွဲ့ဝင် ဦးကျော်စိုးကတော့ ဒီအစီအစဉ်ကို ကာကွယ်ပြောဆိုပါတယ်။

“ခုံးကျော်တံတား ဆောက်လိုက်လို့ ကားကျပ်မှုတွေ ပျောက်သွားပြီလားဆိုရင်တော့ အတိုင်းအတာ တစ်ခုထိတော့ ပြေလျော့သွားတယ်လို့ ဆိုရမယ်။ အရင်ကလည်း ကျပ်တယ်၊ အခု ကားအစီးရေ မြင့်တက်လာမှုကြောင့် ပိုကျပ်လာမှာကို မြင်လို့ အခုလို ဆောက်ရတာ” လို့ ဦးကျော်စိုးက ဆိုပါတယ်။

ဒေါက်တာမြတ်ဉာဏစိုးကတော့ ဒီအစီအစဉ်ကို သဘောမကျပါဘူး။

“ခုံးကျော်ကို လမ်းတစ်လျှောက်လုံးကို လုပ်ရမှာ။ ရန်ကုန်မြို့ရဲ့ တောင်နဲ့မြောက်တစ်တန်းလုံး၊ အရှေ့နဲ့အနောက် တစ်တန်းလုံးနဲ့ကို အဲဒီလိုလမ်းမျိုး ၄ လမ်းလောက်ကို လိုအပ်တာ” လို့ ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။

မြို့ဟောင်းမြို့ကွက်အနေအထားနဲ့ ဆိုရင် လမ်းပိတ်ဆို့မှုကို ဖြေရှင်းဖို့ ခက်ခဲနေဦးမယ်၊ မြို့သစ် တိုးချဲ့ တည်ဆောက်ဖို့ လိုအပ်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ မြို့ပြအင်ဂျင်နီယာဌာနက ဦးမြတ်ကိုကိုက သုံးသပ်ပါတယ်။

ရန်ကုန်မှာ ယခင်အစိုးရ အဆက်ဆက်က ဆောက်လုပ်ခဲ့ကြတဲ့ အထပ်မြင့်တိုက်ခန်းများမှာ ကားရပ်နားဖို့ နေရာ မပါဝင်ခြင်းကလည်း ကားလမ်းပိတ်ဆို့ရတဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“မြို့နယ်တိုင်းလိုလို ကားရပ်နားဖို့ သီးသန့် လုပ်ထားတဲ့ အဆောက်အအုံတွေ လိုအပ်ပါတယ်။ ဒါမှလည်း ကားတွေကို ရပ်နားဖို့ နေရာရမှာ။ မြို့တွင်း ၆ မြို့နယ်မှာတော့ အဲဒီလို အဆောက်အအုံတွေဖြစ်လာဖို့က မြေနေရာမရှိတော့သလိုဖြစ်နေတယ်” လို့ ဦးမြတ်ကိုကိုက ပြောလိုက်ပါတယ်။

Show More

Related Articles

Back to top button