မြို့ပြပြောက်ကျားတိုက်ခိုက်မှု အားကောင်းသည့် ရန်ကုန်တောင်ပိုင်း၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် အတွင်း လာမည့် နိုဝင်ဘာ ၂၆ မှ စ၍ ဆိုင်ကယ်စီးနင်းခွင့် လုံးဝ ပိတ်ပင်ရန် စစ်ကောင်စီက စီစဥ်နေပြီး မလိုက်နာပါက ဖမ်းဆီးအရေးယူရန် ရပ်ကျေးအုပ်ချုပ်ရေးရုံးများကို ညွှန်ကြားထားသည်။
ထိုပိတ်ပင်မှုသည် ခရမ်းမြို့ပေါ် ရပ်ကွက် ၁၂ ခုနှင့် ကျေးရွာအုပ်စု ၅၃ စု အကျုံးဝင်သည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက နိုဝင်ဘာ ၁၈ ရက်စွဲဖြင့် ရပ်ကျေးအုပ်ချုပ်ရေးရုံးများကို ညွှန်ကြားစာ ပေးပို့ထားခြင်း ဖြစ်သည်။
ထိုစာထုတ်သည့် နိုဝင်ဘာ ၁၈ နံနက် ၉ နာရီခန့်တွင် ခရမ်းမြို့မှ ၁၂ မိုင်အကွာ ရိုးကြီးကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဌေးကို ဆိုင်ကယ်ဖြင့်လာသော သေနတ်သမား ၂ ဦးက ၇ ချက် အနီးကပ် ပစ်ခတ်ခဲ့ရာ ကျောတွင် ကျည် ၄ချက် ထိမှန်သေဆုံးသွားသည်ဟု ဒေသခံများထံမှ သိရသည်။
ထိုပစ်ခတ်မှုဖြစ်အပြီး ၅ နာရီအကြာ ယင်းနေ့ မွန်းလွဲ၂နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ အစည်းအဝေးလုပ်၍ ဆိုင်ကယ်စီးလျှင် ဖမ်းဆီးမည်ဆိုသော ညွှန်ကြားချက် ထွက်လာခြင်းဖြစ်သည်။ ထိုစာထဲတွင် ခရမ်းမြို့နယ်အတွင်း မော်တော်ဆိုင်ကယ်စီး သေနတ်သမားများကြောင့် ယနေ့အထိ သတ်ဖြတ်မှု ၂၅ ကြိမ်၊ သေဆုံးသူ ၂၁ ဦး ရှိကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေးတွင် ဆိုင်ကယ်ကိုသာ အဓိကထားသည့်မြို့ ဖြစ်သည့်အတွက် ယခုကန့်သတ်မှုက ဆိုးကျိုးသာပိုဖြစ်စေမည်ဟု ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုမီးပွားက ပြောသည်။“ပြည်သူကို ရန်သူလိုသဘောထားလာတာ။ ကြောက်လို့ ပေါက်ကရတွေလျှောက်လုပ်နေတာပါ။ PDF တွေအတွက်ကတော့ ဘယ်လောက်ခက်ခဲပါစေ လုပ်ရမှာပဲ” ဟု သူက ဆိုသည်။

ခရမ်းမြို့သည် ရန်ကုန်တိုင်းအတွင်း ပထမဆုံး ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အစုလိုက်အပြုံလိုက် နုတ်ထွက်ထားသော မြို့ဖြစ်ပြီး စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားနေရာများ မကြာခဏ တိုက်ခိုက်ခံ နေရသော ဒေသ ဖြစ်သည်။ အောက်တိုဘာ ၇ တွင် ခရမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီပစ်မှတ်နေရာ ၄ ခုကို ဒေသအခြေစိုက် PDF များက တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ခရမ်းမြို့နယ်တွင် လူဦးရေ တစ်သိန်းခွဲကျော်ရှိသည့်အနက် ၈၀ ရာခိုင်နှုန်းမှာ ကျေးရွာများတွင်နေထိုင်ကြသည်။ ခရမ်းမြို့သည် ရန်ကုန်မှ ၄၂ မိုင်ကွာဝေးပြီး ကုန်းကြောင်း၊ ရေကြောင်းဖြင့် သွားလာနိုင်သော ဒေသဖြစ်သည်။
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း အခြားသော မြို့နယ်များဖြစ်ကြသည့် သုံးခွမြို့၊ သန်လျင်မြို့နှင့် ကျောက်တန်းမြို့နယ်တို့တွင် ခရမ်းမြို့ကဲ့သို့ ဆိုင်ကယ်စီးခွင့် ပိတ်မထားသော်လည်း အဖမ်းအဆီး ကြမ်းသည်ဟု ဒေသခံ ၂ ဦးက ပြောသည်။
“သန်လျင်ကျတော့ သင်္ကြန်အပြီးလောက်ကတည်းက ဆိုင်ကယ်ဆိုရင် မချိမဆန့်စစ်နေတာ။ သိပ်မစီးရဲကြဘူး ။ အရင်လိုလည်း ဆိုင်ကယ်ကယ်ရီဂိတ်တွေ သိပ်မရှိတော့ဘူး”ဟု သန်လျင်မြို့ခံ အမျိုးသားက ပြောသည်။
အာဏာသိမ်းပြီးနောက် ဆန္ဒပြသည်ကိုပင် ခေါင်းကိုပစ်သတ်သော စစ်တပ်ကို နိုင်ငံတစ်ဝန်းတွင် လက် နက်ကိုင် ဆန့်ကျင်တော်လှန်နေကြရာ ရန်ကုန်တိုင်းအတွင်း တောင်ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် ခရမ်း၊ သုံးခွ ၊ သန်လျင်၊ ကျောက်တန်း၊ တွံတေး၊ ဒလ စသည့်မြို့နယ်များတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားနေရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ သတင်းပေးဒလန်များ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



