
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းများကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ပါက လစာမယူရန်နှင့် ဆက်လက်ပါဝင်နေပါက အလုပ်ဖြုတ်မည်ဟု ခြိမ်းခြောက်ဖိအားပေးနေကြောင်း ထိုလှုပ်ရှားမှုတွင်ပါဝင်သူ ပညာရေးဝန်ထမ်းများက Myanmar Now ကို ပြောသည်။
ယမန်နေ့ (ဧပြီ ၅) က မတ်လစာ လစာထုတ်ယူရန် သွားရောက်သည့် ဒေးဒရဲမြို့နယ်ရှိ ပညာရေးဝန်ထမ်းများအား အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် မပါဝင်သူ (Non CDM) များသာ လစာထုတ်ယူရန် ပြောဆိုခဲ့သောကြောင့် လစာထုတ်ယူသူ ပညာရေးဝန်ထမ်း ၄၀၀ နီးပါးက လစာများ ပြန်သွင်းခဲ့ရာ CDM တွင် ပါဝင်သည့် အကြောင်းကို စာရွက်၊ စာတမ်းပုံစံ (Form) ဖြည့်သွင်းခိုင်းကြောင်း ဒေးဒရဲမြို့နယ်ရှိ အလယ်တန်းကျောင်းအုပ်တစ်ဦးက ပြောသည်။
အများစုက မဖြည့်သွင်းပေးဘဲ လစာ ပြန်အပ်ခဲ့ရာ CDM ပါဝင်မှု ရှိမရှိ သတ်မှတ်ဖောင်၌ ၂၁ ရက်အတွင်း မဖြည့်သွင်းပါက အလုပ်ဖြုတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ထိုပညာရေးဝန်ထမ်းက ပြောသည်။
“အားလုံးပေါင်း ၄၀၀ နီးပါးလောက်က လစာတွေ ပြန်သွင်းကြတယ်။ ဒါပေမယ့် ဖောင်ကို လုံးဝ မဖြည့်ပေးဘဲနဲ့ ပြန်သွင်းတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ ကျွန်မတို့လက်မှတ်တွေနဲ့ အလွဲသုံးစားလုပ်မှာ စိုးရိမ်လို့လေ။ ဒါပေမယ့် အခုက ဘာခြိမ်းခြောက်လဲဆိုတော့ ဒါတွေကို လာမဖြည့်ရင် ၂၁ ရက်နဲ့ အလုပ်ဖြုတ်မယ်လို့ ခြိမ်းခြောက်ပါတယ်” ဟု ၎င်းက ပြောသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်သည့် ပညာရေးဝန်ထမ်းများအနေဖြင့် ၎င်းတို့ တရားဝင်အစိုးရဟု သတ်မှတ်ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၏ လမ်းညွှန်ချက်အတိုင်းသာ လိုက်နာဆောင်ရွက်မည် ဖြစ်ပြီး စစ်ကောင်စီ၏ ညွှန်ကြားချက်များကို မလိုက်နာလို၍ CDM လှုပ်ရှားမှုတွင် ပါဝင်သည့်အကြောင်းကို ပုံစံ (Form) တွင် မဖြည့်သွင်းပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“CDM ကိစ္စကို ကျွန်မတို့ကတော့ ရှင်းရှင်းပြောရရင်တော့ ဝန်ထမ်းဆိုတာက နီးရာဓားကြောက်ရတယ်လို့ လူကြီးတွေက ပြောနေပေမယ့်လည်း ကျွန်မတို့ လူငယ်တွေအနေနဲ့ကတော့ ပြုတ်ချင်လည်း ပြုတ်ပါစေပေါ့ CRPH က ပြောထားတဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာမယ်လို့ ကျွန်မတို့ကတော့ ဆုံးဖြတ်ထားကြတယ်” ဟု ၎င်းကျောင်းအုပ်က ဆက်ပြောသည်။
မတ်လဆန်းကလည်း ပညာရေးဝန်ထမ်းများစွမ်းရည်မြှင့်တင်ရေးသင်တန်း တက်ရောက်ရန်ဟုဆိုကာ အခြေခံနှင့် အဆင့်မြင့်ပညာရေးဝန်ထမ်းများကို စစ်ကောင်စီက ဆွဲဆောင်စည်းရုံးခဲ့သေးသည်။
ပြီးခဲ့သည့် မတ် ၁၉ ကလည်း CDM တွင် ပါဝင်နေသော ပညာရေးဝန်ထမ်းများကို မတ် ၂၂ တွင် လုပ်ငန်းခွင်ပြန်မဝင်ပါက တာဝန်မှ ယာယီရပ်ဆိုင်းသွားမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်စာထုတ်ပြန်ခဲ့သည်။
သို့ရာတွင် CDM လုပ်နေသော ပညာရေးဝန်ထမ်းများက စစ်ကောင်စီ၏ အာဏာကို ဆက်လက်ဖီဆန်ခဲ့သည်။
စစ်ကောင်စီက လက်ရှိတွင် CDM လှုပ်ရှားမှု၌ ပါဝင်သည့် ပညာရေးဝန်ထမ်းစာရင်းကို မြန်မာနိုင်ငံအနှံ့အပြားရှိ ကျောင်းများတွင် ကောက်ယူနေပြီး အများစုက CDM လှုပ်ရှားမှုတွင် ပါဝင်သည်ဟု တရားဝင်ရေးသားခဲ့ကြသည်ဟု ရန်ကုန်တိုင်းရှိ အလယ်တန်းကျောင်းအုပ်တစ်ဦးက ပြောသည်။
မတ်လကုန်အတွက် လစာထုတ်ယူရာတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်ခြင်း ရှိ၊မရှိ ပုံစံ (Form) တွင် လက်မှတ်ထိုးခဲ့ရပြီး ၎င်း တာဝန်ထမ်းဆောင်နေသည့် ကျောင်းတွင် တစ်ကျောင်းလုံးက CDM လှုပ်ရှားမှုတွင် ပါဝင်ကြောင်း လက်မှတ်ရေးထိုးပေးခဲ့သည်ဟု ဆိုသည်။
“ ဒီလအတွက်တော့ လစာထုတ်ပေးတာပေါ့။ သူတို့က ဧပြီလအတွက် စာရင်းကောက်တာလို့ ပြောတယ်။ အလုပ်ဖြုတ်ဖို့လား၊ ဘာအတွက်လဲဆိုတာကိုတော့ သေသေချာချာ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံ့ဝန်ထမ်းအများအပြားမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာကြပြီး စစ်ကောင်စီ၏ အစိုးရယန္တရားလည်ပတ်ရေးကို များစွာထိခိုက်စေခဲ့သည်။
CDM လှုပ်ရှားမှုတွင် မီးရထားဝန်ထမ်းများ၊ လျှပ်စစ်ဝန်ထမ်းများနည်းတူ ပညာရေးဝန်ထမ်းအများအပြား ပါဝင်ခဲ့ကြသည်။
မဲလိမ်သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံဝန်ထမ်းလုပ်ခဲ့ကြသော ပညာရေးဝန်ထမ်းအများအပြားက ၎င်းစွပ်စွဲချက်မှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ကြသည်။
အာဏာသိမ်းစစ်ကောင်စီက ထိုလှုပ်ရှားမှုတွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများကို ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းလိုင်းခန်းများထိ ပစ်ခတ်ဖြိုခွင်းခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများပြုလုပ်၍ နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်တချို့မှာ အသက်ဆုံးရှုံးခဲ့ရသည်။
ဆန္ဒပြပညာရေးဝန်ထမ်းများ၏ စုရပ်ဖြစ်သည့် ရန်ကုန်မြို့၊ အောက်ကြည့်မြင်တိုင်လမ်း၊ တိုင်းပညာရေးမှူးရုံးရှေ့၌ ဖေဖော်ဝါရီ ၂၈၊ နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ရုတ်တရက် ပစ်ခတ်ဖြိုခွင်း လူစုခွဲခဲ့ရာ အသက် ၅၉ နှစ်အရွယ် အလယ်တန်းပြဆရာမ ဒေါ်တင်နွဲ့ရီ ကျဆုံးခဲ့သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ လျှပ်စစ်၊ စွမ်းအားစီမံရေးဦးစီးဌာနဝန်ထမ်းများသည် ဧပြီ ၅ တွင် လုပ်ငန်းခွင်ဝင်ရန်နှင့် အစိုးရချေးငွေများ ချက်ချင်းပြန်ဆပ်ရန် ဖိအားပေးခံနေရသော်လည်း ၎င်းတို့က ငြင်းဆန် အန်တုခဲ့ကြသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ ညွှန်ကြားချက်များမှာ တရားမဝင်သဖြင့် လိုက်နာရန်မလိုကြောင်း၊ ပြည်သူ့အစိုးရ ပြန်လည်တာဝန်ယူချိန်တွင် မူလအလုပ်တာဝန်ရရှိရန်၊ နစ်နာမှုများကုစားနိုင်ရန် တာဝန်ယူသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဖေဖော်ဝါရီ ၂၃ က ထုတ်ပြန်ထားသည်။