သတင်း

လုပ်ငန်းခွင်မဝင်ပါက တာဝန်မှ ယာယီရပ်ဆိုင်းမည်ဟု ပညာရေးဝန်ထမ်းများကို ခြိမ်းခြောက်

စစ်ကောင်စီကို ဆန့်ကျင်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသော ပညာရေးဝန်ထမ်းများကို မတ် ၂၂ တွင် လုပ်ငန်းခွင်ပြန်မဝင်ပါက တာဝန်မှယာယီရပ်ဆိုင်းသွားမည်ဟု  ခြိမ်းခြောက်စာ ထုတ်ပြန်ထားသည်။

မတ် ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ထားသော အဆိုပါစာကို စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာန အစည်း အဝေးဆုံးဖြတ်ချက်အရ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက လက်မှတ်ရေးထိုး ထုတ်ပြန်ထားခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ ဝန်ကြီးရုံး၊ ဦးစီးဌာနများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ဌာနခွဲ အသီးသီးမှ ရုံးမတက်သည့် ဝန်ထမ်းများအနေဖြင့် မတ် ၂၂ နံနက်ပိုင်းမှစ၍ လုပ်ငန်းခွင်ပြန်ဝင်ရန်နှင့် ပျက်ကွက်ပါက မတ် ၂၃ မှစ၍ တာဝန်ယာယီရပ်ဆိုင်းမည်ဟု အဆိုပါ ခြိမ်းခြောက်စာတွင် ဖော်ပြထားသည်။ 

“ဒီစာတွေကို တရားဝင်လမ်းကြောင်းပေါ်  သက်ဆိုင်ရာ ပါမောက္ခ၊ ဌာနမှူးတွေကနေတစ်ဆင့်စာတွေနဲ့ ပတ်သက်ပြီး အသိပေးတယ်လို့ပြောတယ်။ ဒါပေမယ့် မသိတဲ့သူတွေလေည်းရှိသေးတယ်” ဟု CDM တွင် ပါဝင်သည့် အမည်မဖော်လိုသော တက္ကသိုလ်ကျောင်းဆရာတစ်ဦးက Myanmar Now ကိုပြောသည်။ 

CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်းများအနေဖြင့် ပထမဆုံးအဆင့် လုပ်ငန်းတာဝန်မှ ယာယီရပ်ဆိုင်းမည့်အခြေအနေကို စတင်ရင်ဆိုင်ရခြင်းဖြစ်ပြီး ဆက်လက်၍ ဝန်ခံကတိထိုးခိုင်းခြင်း၊ အလုပ်မှ ထုတ်ပယ်ခြင်းနှင့် ပုဒ်မတပ်အရေးယူခြင်း စသည့်အခြေအနေများရှိလာနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

“ဝန်ထမ်းတွေအားလုံးအနေနဲ့ ဒီအဆင့် ၄ ဆင့်ကို ဘယ်လောက်အထိတောင့်ခံနိုင်မလဲ။ ကိုယ်တောင့်ခံ နိုင်တဲ့ အဆင့်ထိ တောင့်ခံဖို့ ကျွန်တော်တို့က အကြံပြုထားပါတယ်။ ဒီအခြေအနေတွေ ကြုံလာနိုင်တဲ့အ ပေါ်မှာ အရှိတရားကို မျက်ကွယ်ပြုပြီး အတင်းတိုက်တွန်းဖို့ နည်းနည်းစဉ်းစားရပါတယ်” ဟု အဆိုပါ တက္ကသိုလ်ကျောင်းဆရာက ဆိုသည်။

ယဉ်ကျေးမှုတက္ကသိုလ်မှ ဆရာ၊ ဆရာမများအနေဖြင့် တာဝန်မှရပ်ဆိုင်းခြင်း၊ ဝန်ထမ်းလိုင်းခန်းများမှ ဖယ်ပေးရခြင်းများ စတင်ကြုံတွေ့နေရပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ပညာရေးဝန်ထမ်းအများအပြား အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်နေပြီး စစ်ကောင်စီက ဝန်ထမ်းများ လုပ်ငန်းခွင်ပြန်ဝင်ရန် ချော့တစ်ခါ၊ ခြောက်တစ်လှည့် ညွှန်ကြားစာများ ထုတ်ပြန်နေသော်လည်း ဝန်ထမ်းများမှာ လိုက်နာမှုမရှိဘဲ ဆက်လက်အန်တုနေဆဲဖြစ်သည်။

စစ်ကောင်စီအနေဖြင့် CDM လှုပ်ရှားမှုတွင်ပါဝင်နေသည့် ပြည်သူ့ဝန်ထမ်းများကို ဖိအားပေးခြင်း၊ အကျပ်ကိုင်ခြင်း၊ အဓ္ဓမဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းများအပြင် ဝန်ထမ်းလိုင်းခန်းများအထိ ဝင်ရောက်ကာ အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်လျက်ရှိသည်။ 

မတ်လဆန်းကလည်း ပညာရေးဝန်ထမ်းမျာ စွမ်းရည်မြှင့်တင်ရေးသင်တန်းတက်ရောက်ရန်ဟုဆိုကာ အခြေခံနှင့် အဆင့်မြင့်ပညာရေးဝန်ထမ်းများကို စစ်ကောင်စီက စွဲဆောင်စည်းရုံးသော်လည်း တရားဝင် အစိုးရက ဖွင့်လှစ်ခြင်း မဟုတ်သဖြင့် တက်ရောက်ရန်မလိုကြောင်း အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီက ထုတ်ပြန်ထားသည်။

သို့သော်လည်း ဝန်ထမ်းအချို့မှာ စွမ်းရည်မြှင့်သင်တန်းတက်ရောက်မှုရှိနေသည်ဟုကြားသိရကြောင်း CDM ပြုလုပ်နေဆဲ ဆရာမတစ်ဦးက Myanmar Now ကိုပြောသည်။

စစ်ကောင်စီက ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်များကို ဆန့်ကျင်တော်လှန်မည်ဖြစ်ပြီး ဝန်ထမ်းများအပေါ် ဖိနှိပ်၊ ခြိမ်းခြောက်သည့် ဌာနဆိုင်ရာအကြီးအကဲများကို ဖော်ထုတ်ကာ သစ္စာဖောက်အဖြစ်သ တ်မှတ်သွားမည်ဟု အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီက ထုတ်ပြန်ထားသည်။

 

Show More

Related Articles

Back to top button