ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ယမန်နေ့ (ဧပြီ ၄) က စစ်ကျန် ဗုံးသီးဟောင်းပေါက်ကွဲရာ အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ကလေးနှစ်ဦး သေဆုံးခဲ့ပြီး ကျန်မိသားစုဝင်နှစ်ဦး ဒဏ်ရသွားသည်။
ကုလားတန်မြစ်အရှေ့ဘက်ကမ်း မြို့ပေါ်နှင့် ၅ မိုင်ခန့်ဝေးသည့် ရွှေပြည်ကျေးရွာရှိ အသက် ၃၂ နှစ်အရွယ် ဦးမောင်ဆိုသူ၏ နေအိမ်ဝင်းအတွင်း ညနေ ၃ နာရီခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာတာဝန်ခံ ဦးထွန်းအေးမောင်က ပြောသည်။
“အပြင်ကရလာတာ အိမ်မှာပေါက်တယ်ဆိုတဲ့သဘောပါ။ မိသားစုတွေ ဝိုင်းပြီးထိုင်နေတဲ့အချိန်မှာ အားလုံးကို ထိသွားတာ။ သေသွားတာက နို့စို့ကလေးတစ်ယောက် (အသက် ၂ နှစ်) ၊ ၅ နှစ်သား ကလေးတစ်ယောက်၊ အမိတစ်ယောက်” ဟု ကျေးရွာတာဝန်ခံ ဦးထွန်းအေးမောင်က ပြောသည်။
အသက် ၂ နှစ်အရွယ် မောင်ကျော်ဆန်းဝင်းမှာ နေရာမှာပင် သေဆုံးသွားပြီး မိခင်ဖြစ်သူ အသက် ၃၅ အရွယ် ဒေါ်အေးအေးသိန်းနှင့် သားဖြစ်သူ အသက် ၅ နှစ်အရွယ် မောင်ကိုကိုလင်းတို့မှာ ဆေးရုံသို့ အသွားလမ်းတွင် သေဆုံးခဲ့ရသည်။
ခင်ပွန်းသည် ဦးမောင်နှင့် အသက် ၇ နှစ်အရွယ် မောင်ဝေယံလင်းတို့မှာ ဒဏ်ရာများဖြင့် ကျောက်တော်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ကျောက်တော်မြို့ခံ ဦးကျော်လှမြင့်က ပြောသည်။
“ဖြစ်စဉ်က သူတို့( ဦးမောင်) လင်မယားနှစ်ယောက်က တောက ဟင်းရှာပြီး လာကြတယ်။ လာပြီးတော့ အိမ်မှာ ဟင်းစည်း စည်းဖို့လုပ်နေတဲ့အချိန်မှာ သူတို့နေအိမ်အနားမှာရှိတဲ့ ပုဏ္ဏားမြောင်ဘက်က သူတို့ ကလေးတွေက ပြေးလာပြီးတော့ အိမ်မှာဝင်ပြီး ကစားကြတဲ့အချိန်မှာ ပေါက်ထွက်သွားတာလို့ ပြောပါတယ်” ဟု ဦးကျော်လှမြင့်က ပြောသည်။
ဦးမောင်တို့ မိသားစုမှာ ကျပန်း အလုပ်လုပ်ကိုင်စားသောက်နေကြသည့် မိသားစုတစ်စုဖြစ်ပြီး ၎င်းတို့အိမ် မြောက်ဘက်အနီးရှိ ပုဏ္ဏားမြောင်အတွင်း ယခင်က တပ်မတော်စစ်ကြောင်း စခန်းချနေထိုင်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ရွှေပြည်ကျေးရွာမှ ဒဏ်ရာရရှိသူများကို ယမန်နေ့က ယူဆောင်ရန်သွားရောက်ခဲ့စဉ် တပ်မတော်က စခန်းချနေထိုင်ခဲ့သည့် အဆိုပါ ပုဏ္ဏားမြောင်အနီးဝန်းကျင်တွင် လက်နက်ငယ်ကျည်ခွံအချို့ကိုလည်း တွေ့ခဲ့ရသည်ဟု ဦးကျော်လှမြင့်က ပြောသည်။
ပြီးခဲ့သည့် မတ် ၄ ကလည်း ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် စစ်ကျန်ဗုံးသီးဟောင်းတစ်လုံး ပေါက်ကွဲပြီး ကလေးနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း နှစ်နှစ်တာ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ နှစ်ကုန်ပိုင်းတွင် တိုက်ပွဲများရပ်တန့်နေသော်လည်း စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းအန္တရာယ် ရှိနေဆဲပင် ဖြစ်သည်။
မင်းပြားမြို့နယ်၊ စပါးထားကျေးရွာတွင် ဇန်နဝါရီ ၁၀ နေ့လယ်ပိုင်းက ဗုံးသီးဟောင်းတစ်လုံးကို ထုခွဲရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ လူ ၉ ဦး ဒဏ်ရာရရှိသွားခဲ့သည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ မတ်လဆန်းအချိန်ထိ စစ်ကျန်လက်နက်များနှင့် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၄၂ ဦး၊ ထိခိုက်ဒဏ်ရာရရှိသွားသူ ၈၀ အနည်းဆုံးရှိကြောင်း စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ထံမှ သိရသည်။
ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်တွင်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။ နှစ်နှစ်တာ စစ်ဘေးဒဏ်ခံစားခဲ့ရသော ရခိုင်မြောက်ပိုင်းတွင် စစ်ပွဲအကျိုးသက်ရောက်မှုများ ခံစားနေရဆဲ ဖြစ်သည်။