
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူနှင့်ရိက္ခာများလာပို့သည့် စစ်ရဟတ်ယာဉ် ၃ စီးကို မေ ၂၀ ရက်နေ့ တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျက်ကျသွားသည့် ရဟတ်ယာဉ်တွင် ရုပ်အလောင်း ၁၈ ခု တွေ့ရသည်ဟု ကချင်လွတ်လပ်လပ်ရေးတပ် (KIA)က အတည်ပြုသည်။
မေ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဗန်းမော်မြို့အနောက်ဘက် မြစ်ကမ်းအနီး ရှေ့ဆင့်နောက်ဆင့် ဆင်းသက်လာသည့် ရဟတ်ယာဉ်များ တိုက်ခိုက်ခံရခြင်းဖြစ်သည်။
ရုပ်သံမှတ်တမ်းများအရ နောက်ဆုံးတစ်စီးမှာ မဆင်းသက်မီအချိန်လေးတွင် ရဟတ်ယာဉ်ပန်ကာများပေါ် ထိခိုက်ပေါက်ကွဲမှုတစ်ခု ပေါ်ပေါက်ခဲ့ပြီးနောက် ထိုရဟတ်ယာဉ်မှာ မြေပြင်မဆင်းတော့ဘဲ ချက်ချင်းပျံသန်းသွားခဲ့သည်။ ရပ်ထားသည့်အခြားတစ်စီးမှာလည်း အလျင်စလို ပျံသန်းသွားခဲ့သည်။
အသေခံဒရုန်းအသုံးပြု တိုက်ခိုက်ခြင်းဖြစ်သည်ဟု ယူဆရသော ရုပ်သံမှတ်တမ်း ထွက်ပေါ်နေသော်လည်း KIA က မည်သည့်လက်နက်ဖြင့် ပစ်ခတ်သည်ဟု မပြောပေ။
တိုက်ရိုက်ထိမှန်ခဲ့သည့် ရဟတ်ယာဉ်သည် ရွှေကူမြို့အရှေ့ဘက် ၁၄ မိုင်ခန့်အကွာ တောတွင်း၌ ပျက်ကျခဲ့ရာ ထိုယာဉ်ပေါ် လိုက်ပါသွားသူများ သေဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါရဟတ်ယာဉ်ကို KIA နှင့် ပူးပေါင်းတပ်များက သွားရောက်ရှာဖွေခဲ့ရာ မီးလောင်ပျက်စီးနေသည့် MI 17 အမျိုးအစား ရဟတ်ယာဉ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦး၏ ရုပ်အလောင်းများ၊ လက်နက်များကို တွေ့ရှိခဲ့သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ပျက်ကျတဲ့လေယာဉ်မှာကတော့ ကျွန်တော်တို့ KIA တပ်ပေါင်းစုတွေ၊ ပူးပေါင်းတပ်တွေ နယ်မြေ ရှင်းလင်းရေးသွားလုပ်တဲ့နေရာမှာ၊ အလောင်းကတော့ ၁၈ လောင်း တွေ့ရတယ်။ ဒါပေမယ့် အားလုံးက မီးလောင်ပြာကျတဲ့အရိုးပုံတွေပဲ ဖြစ်ပါတယ်”
KIA ကို ထောက်ခံသည့် အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတချို့တွင် ပျံ့နှံ့လာသည့် ရုပ်သံမှတ်တမ်းများအရ ရဟတ်ယာဉ်ပျက်အနီး ဗိုလ်ကြီးအဆင့်ရှိ ရဟတ်ယာဉ်မှူးတစ်ဦး၏ အလောင်းကို တွေ့ရသည်။
မီးသင့်အလောင်းများအပြင် မီးလောင်ကျွမ်းထားသော သေနတ် ၁၄ လက်ထက်မနည်းကိုလည်း တွေ့ရှိ ထားသည်။

အဆိုပါရဟတ်ယာဉ်နှင့်အတူ ပျံသန်းသွားသည့် အခြားရဟတ်ယာဉ်တစ်စီးမှာ ထိခိုက်မှုရှိသောကြောင့် ရွှေကူမြို့အနီး စစ်ကောင်စီတပ်၏ အမှတ် (၅၆) ခြေလျင်တပ်ရင်းအနီး ဘောလုံးကွင်းတွင် အရေးပေါ် ဆင်းသက်ခဲ့ရသည်။
အရေးပေါ်ဆင်းခဲ့ရသည့် အဆိုပါ ရဟတ်ယာဉ်ကို KIA နှင့် ပူးပေါင်းတပ်များက ယမန်နေ့ ( မေ ၂၁) ညနေတွင် လက်နက်ကြီးများ၊ ဒရုန်းများဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု KIA နှင့် နီးစပ်သူ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
“ရွှေကူ ခလရ(၅၆)မှာ တစ်စီးက စက်ပျက်ပြီး သွားရပ်ထားတာ၊ အဲဒါကိုလည်း တပ်မဟာ(၁၁)က တပ်တွေ ဝင်တွယ်လိုက်တယ်။ အဲဒီဟတ်စကီးကို တင့်ကားနှစ်စီး၊ ကားအကြီးနှစ်စီးနဲ့ ကာထားတာ၊ အဲဒါလည်း တပ်မဟာ(၁၁)က လက်နက်ကြီးနဲ့ သွားတွယ်လိုက်တာ၊ အကုန်ပျက်စီးသွားပြီ”
KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီး နော်ဘူကလည်း အဆိုပါ ဒုတိယရဟတ်ယာဉ်ကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောသည်။
ဗန်းမော်မြို့ တိုက်ပွဲများကို အနီးကပ်စောင့်ကြည့်နေသည့် Banmaw Scout Team အဖွဲ့က ထိုရဟတ်ယာဉ်မှာ အမြီးပိုင်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
KIA က လက်နက်ကြီးဖြင့်ပစ်ခတ်ဖျက်ဆီးစဉ် ရဟတ်ယာဉ်အနီးရှိ ကားနှစ်စီးလည်း မီးလောင်ပျက်စီးခဲ့ သည် ဟု ထိုအဖွဲ့က ဆိုသည်။
မေ ၂၀ ရက်နေ့ စစ်ရဟတ်ယာဉ်များ တိုက်ခိုက်ခံရမှုသည် မြန်မာပြည်သားများ အထူးစိတ်ဝင်စားသောသတင်းကြီး ဖြစ်ခဲ့သည်။
စစ်ကောင်စီကလည်း ထိုနေ့ရက်စွဲဖြင့် ရဟတ်ယာဉ်သတင်းကို ထုတ်ပြန်ခဲ့သည်။ ဗန်းမော်မြို့သို့ ပစ္စည်းသွားပို့ပြီးပြန်လာစဉ် ရဟတ်ယာဉ်တစ်စင်း စက်ချို့ ယွင်းပြီး ပျက်ကျခဲ့သည်ဟု ထိုသတင်းက ဆိုသည်။

တရုတ်နယ်စပ်အနီးမှ ဗန်းမော်မြို့သိမ်းတိုက်ပွဲ
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှ စတင်သည့် တရုတ်နယ်စပ်အနီး ဗန်းမော်မြို့သိမ်းတိုက်ပွဲများအတွင်း KIA, အာရက္ခတပ်တော်(AA)၊ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်များ (KPDF)၊ ကချင်ဂေါ်ရခါးတပ်များ နှင့် အခြားပူးပေါင်းတပ်များက ပါဝင်တိုက်ခိုက်နေကြသည်။
ဗန်းမော်မြို့သည် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၂၁)အခြေစိုက်ရာမြို့ဖြစ်ပြီး ခလရ (၂၃၆)၊ ခလရ(၄၇)၊ အမြောက်တပ်များဖြစ်သည့် အမတ(၃၆၆)၊ (၃၀၄)နှင့် အမှတ် (၇၀၀၆) သံချပ်ကာ တပ်၊ အမှတ် (၅၀၁၄) တင့်ကားတပ်၊ ဆက်သွယ်ရေး၊ ထောက်ပံ့ရေး စသည့် တပ်ရင်းများ အခြေစိုက်ထား သည့် တပ်မြို့ဖြစ်သည်။
ဗန်းမော်မြို့၏အရှေ့ဘက် ၉ မိုင်ခန့် အကွာရှိ မိုးမောက်မြို့၊ တောင်ဘက် ၁၃ မိုင်ခန့်အကွာရှိ မံစီမြို့နှင့် အနောက်ဘက် မိုင် ၃၀ ကျော် အကွာရှိ စင်းခန်းတံတားနှင့် စင်းခန်းရွာတို့ကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။
ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ဗန်းမော်မြို့ပေါ် ရပ်ကွက်တချို့နှင့် ဗန်းမော်လေယာဉ်ကွင်း၊ ခြေလျင် တပ်ရင်း ခလရ (၂၃၆)၊အမြောက်တပ်(၃၆၆)၊ (၅၀၁၄) နှင့်(၇၀၀၆)တပ်များ၊ ကာကင်းစခန်းများကို KIA က သိမ်းပိုက်ထားပြီးဖြစ်သည်။
ထို့နောက် မတ် ၂၈ ရက်နေ့ ငလျင်အပြီး ဗန်းမော်မြို့သိမ်းတိုက်ပွဲများ ခဏ ရပ်တန့်သွားရာမှ ဧပြီ ၂၅ ရက်မှ စတင်ကာ ဗန်းမော်တိုက်ပွဲများ တကျော့ပြန်ပြင်းထန်လာခဲ့သည်။
စစ်ကောင်စီတပ်ကလည်း ဗန်းမော်မြို့ကို လက်မလွှတ်ရရေးအတွက် လေကြောင်းနှင့် ညကြည့်ဒရုန်းများပါ အသုံးပြုပြီး ဗုံးကြဲခြင်း၊ စစ်ကူ၊ ရိက္ခာနှင့်လက်နက်ခဲယမ်းပို့ဆောင်ခြင်းများ ပြုလုပ်နေရာ တစ်မြို့လုံးနီးပါးပျက်စီးနေပြီဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီတပ်၏ အဓိကစခန်းကြီးဖြစ်သည့် စကခ-၂၁ ဝင်းနှင့် ဗန်းမော်မြို့တွင်း တိုက်ပွဲများဆက်ဖြစ်နေကာ မြို့တောင်ဘက်ရှိ အမှတ်(၄၇)ခြေလျင်တပ်ရင်း၊ တာမိုင်းလုံဘက်ရှိ တပ်မ(၈၈) တပ်တချို့၊ နည်းပညာတပ်တချို့၊ ထောက်ပို့တပ် စုစုပေါင်း စခန်း ၇ ခု ခန့်ကို KIA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ရန်ကျန်ရှိနေသေးသည်။
မေ ၈ နှင့် ၉ ရက်နေ့များက စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့မြောက်ဘက် ညောင်ပင်ရပ်ကွက်၊ တောင်လေးလုံးဘုန်းကြီးကျောင်းရှိ ဒေသခံ စစ်ရှောင် ၁၇ ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့သည်။
ဗန်းမော်မြို့တွင် ယနေ့ မေ ၂၂ ရက်၌ မြေပြင်တိုက်ပွဲများပြင်းထန်ခြင်းမရှိသော်လည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသည်ဟု KIA ထံက သိရသည်။
စစ်ကောင်စီတပ်သား အင်အားအများအပြားဖြင့်စုဖွဲ့ထားသည့် စစ်စခန်းများမှ အပြင်းအထန်ခုခံနေသလို တိုက်ပွဲဧရိယာကျယ်ပြန့်ခြင်းကြောင့် ဗန်းမော်မြို့ကို အလုံးစုံသိမ်းနိုင်ရန် ကြန့်ကြာနေသည်ဟု KIA က မတ်လဆန်းတွင် ပြောထားသည်။
ခရိုင်ရုံးစိုက်ရာ မြို့ကြီးဖြစ်သော ဗန်းမော်တွင် ၂၀၁၉ ခုနှစ်စာရင်းများအရ မြို့ပေါ် ၁၆ ရပ်ကွက် ရှိကာ လူဦးရေ ၅၀၀၀၀ ကျော်နှင့် တစ်မြို့နယ်လုံးတွင် လူဦးရေ တစ်သိန်းကျော်ရှိသော်လည်း အများစုမှာ ထွက် ပြေးတိမ်းရှောင်နေကြရသည်။
၂၀၂၄ နှစ်ဆန်းမှစတင်ကာ KIA နှင့် ပူးပေါင်းတပ်များက ကချင်ပြည်နယ်အတွင်း မြို့သိမ်းစစ်ဆင်ရေးများ ကို အရှိန်မြင့်လာခဲ့ရာ ၁၀ မြို့ထက်မနည်း KIA က သိမ်းပိုက်ထားသည်။
စစ်တပ်က တိုက်ပွဲများအကြောင်း သတင်း တရားဝင် ထုတ်ပြန်ခြင်း မရှိပေ။
စစ်တပ် စီစဉ်သည်ဟု ယူဆနေကြသော ဝါဒဖြန့်တယ်လီဂရမ်များကမူ ဗန်းမော်တိုက်ပွဲတွင် စစ်ကောင်စီက အဆင်မြင့်ဒရုန်းများ၊ လက်နက်များအသုံးပြုတိုက်ခိုက်နေသည့်အတွက် KIA,PDF များ အထိနာနေကြောင်း ရေးသားနေကြသည်။
KIA ကြောင့် အထိနာခဲ့သော စစ်ကောင်စီလေယာဉ်များ
KIA သည် အာဏာသိမ်းစ ၂၀၂၁ မေ ၃ ရက်ကတည်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ် မြို့သစ်နှင့် ကုန်းလောကြားအတွင်း စစ်ရဟတ်ယာဉ် ၁ စီးကို ပစ်ချနိုင်ခဲ့သည်။ ထိုသို့ပစ်ချခံရသဖြင့် လေတပ်မှ အရာရှိစစ်သည် ၃ ဦး ဆုံးရှုံးသည်ဟု မေလ ၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီတာဝန်ရှိသူ က ထုတ်ဖော်ဝန်ခံခဲ့ရသည်။
ထို့အတူ ၂၀၂၄ အတွင်း ဇန်နဝါရီ ၃ ရက်နေ့က KIA ဌာနချုပ်ရှိရာ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် လိုင်ဇာမြို့အနီး စစ်ရဟတ်ယာဉ်တစ်စီးကို ပစ်ခတ်ခံရပြီး ပျက်ကျသွားသလို ဇန်နဝါရီ ၁၆ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာတွင် ဗုံးလာကြဲသည့် တိုက်လေယာဉ်တစ်စီး KIA ပစ်ချနိုင်ခဲ့သည်။
ထို့ကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်၏ ရဟတ်ယာဉ် ၂ စီး၊ တိုက်လေယာဉ် ၁ စီး ရှိခဲ့ ရာမှ ယခု မေ ၂၀ ရက်တွင် ၂ စီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သဖြင့် စစ်ကောင်စီ၏ လေယာဉ် ၅ စီးကို KIA က တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည်။
KIA သည် ၂၀၂၁ ဖေဖော်ဝါရီတွင် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် စစ်တပ်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပြီး အခြားသောတော်လှန်ရေးအင်အားစုများကို ထောက်ပံ့ကူညီမှုများ ပြုလုပ်နေသည့် ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်သည်။
ကချင်ပြည်နယ်နှင့် ဆက်စပ်နေသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင်လည်း KIA က အခြားသော ဒေသ အခြေစိုက် တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။
KIA ကဲ့သို့ တော်လှန်ရေးတပ်များကလည်း စစ်ကောင်စီလေယာဉ်များကို ပစ်ချနိုင်ခဲ့သည့်ဖြစ်ရပ်များ ရှိခဲ့သည်။
၂၀၂၃ နိုဝင်ဘာလအတွင်း ကရင်နီဒေသ (ကယားပြည်နယ်) ဖရူဆိုမြို့နယ်အတွင်း တိုက်လေယာဉ်တစ်စီး ပစ်ချခံရကာ လေယာဉ်မှူး ဗိုလ်မှူးကို တော်လှန်ရေးအင်အားစုများက ဖမ်းဆီးထားသည်။ ထို့အတူ ၂၀၂၃ ဇူလိုင်ကလည်း ကရင်နီဒေသ ဘောလခဲမြို့နယ်တွင် စစ်လေယာဉ်တစ်စီးကို ဒေသအခြေစိုက် တော်လှန် ရေးအဖွဲ့က ပစ်ချနိုင်ခဲ့သည်။
၂၀၂၄ နိုဝင်ဘာ ၁၀ ကလည်း ရခိုင်ပြည်နယ် ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့ သို့ လာသည့် စစ်ရဟတ်ယာဉ်တစ်စီး အာရက္ခတပ်တော် (AA) က ပစ်ခတ်ခဲ့သဖြင့် မကွေးတိုင်းအတွင်း အရေးပေါ် ဆင်းသက်ခဲ့ရသည်။
စစ်ကောင်စီက ၎င်းတို့၏ အားသာချက်ဖြစ်သည့် လေယာဉ်များဖြင့် နိုင်ငံအလယ်ပိုင်း နှင့် ဒေသအနှံ့အ ပြား တွင် လေကြောင်းတိုက်ခိုက်မှုများကို ငလျင်ဖြစ်သည့်ရက်များကတည်းက အရှိန်မြှင့် လုပ်ဆောင်နေ ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံအများအပြား သေဆုံးခဲ့ရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူထားသော စာရင်းများ အရ ၂၀၂၅ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှ မေ ၁၄ ရက်နေ့အထိ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှ ၁၆၃ ဦးသေဆုံးခဲ့ရာ ထိုအထဲမှ ၁၁၇ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်။
