
ရခိုင်ပြည်နယ် ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့သို့ လာသည့် စစ်ရဟတ်ယာဉ်တစ်စီး ယမန်နေ့ (နိုဝင်ဘာ ၁၀) နေ့လယ်ပိုင်းတွင် ပစ်ခတ်ခံရပြီး မကွေးတိုင်းအတွင်း အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။
နပခဌာနချုပ်ထဲသို့ လက်နက်ခဲယမ်းများ လာရောက်ပို့ဆောင်ခြင်း ဖြစ်နိုင်သည်၊ အပြန်တွင် ပစ်ခတ်ခံရပြီး မင်းဘူးခရိုင် ၊ စေတုတ္ထရာမြို့နယ် ၊ ကံပေါက်ရွာအနီး လယ်ကွင်းများအတွင်း အရေးပေါ် ဆင်းသက်ခဲ့ရသည်ဟု ဒေသတွင်း စစ်ရေးရင်းမြစ်များ၊ ဒေသခံများက ပြောသည်။
အာရက္ခတပ်တော် (AA)၏ ပစ်ခတ်မှုကြောင့်ဖြစ်သည်ဟု ဒေသတွင်း သတင်းများက ဆိုကြသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။
စစ်ရေးသတင်းရင်းမြစ်များနှင့် နီးစပ်သူ ရခိုင်ဒေသခံတစ်ဦးက ယမန်နေ့က အမ်းဘက်မှ ပြန်လာ သည့် ရဟတ်ယာဉ် ၂ စီးအနက် တစ်စီး ပစ်ခတ်ခံရပြီး လယ်ကွက်များအတွင်း ဆင်းသက်သွားသည် ဟု သိရကြောင်း ပြောသည်။
“အခု နွံနစ်နေလို့ လုံခြုံရေးကားတွေ၊ ဘက်ဟိုး ၊ ဘူဒိုဇာတွေနဲ့သွားကြတယ်လို့ သိရပါတယ်” ဟု ထိုသူ က ဆိုသည်။
အမ်းမြို့နယ်ဘက်မှ ပျံသန်းလာသော Mi 17 ရဟတ်ယာဉ်တစ်စီး မွန်းလွဲ ၂ နာရီခန့်အချိန်က မကွေးတိုင်းအတွင်း အရေးပေါ် ဆင်းသက်ခဲ့ပြီး ယခုအချိန်အထိရှိနေသေးကြောင်းသိရသည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
မကွေးတိုင်းအခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ထိုဖြစ်ရပ်အကြောင်း ကြားသိထားသော်လည်း အသေးစိတ်စုံစမ်းဆဲဟု ဆိုသည်။
“အချိန်ရော နေရာရော စုံစမ်းနေပါတယ်။ အမ်းမြို့နယ်ထဲမှာ မဟုတ်ပါဘူး။ မကွေးတိုင်းဘက်ထဲမှာ ကျတယ်လို့ သိထားရပါတယ်” ဟု သူက ပြောသည်။
ကာကွယ်ရေးအဖွဲ့ဝင် အခြားတစ်ဦးကလည်း ရိက္ခာလာပို့သည့် ရဟတ်ယာဉ်များကို ဝိုင်းဝန်းပစ်ခတ် ရာ မကွေးတိုင်းဘက်၌ ဆင်းသက်သည်ဟု သိရကြောင်း ပြောသည်။
အာရက္ခတပ်တော် (AA) သည် အမ်းမြို့နယ်ရှိစစ်ရေးအရ အရေးပါသော တောဟိန်းတောင်ဗျူဟာကို ပြီးခဲ့သည့်ဇွန်လက သိမ်းပိုက်နိုင်ခဲ့ပြီး စက်တင်ဘာ ၂၆ ရက်နေ့တွင် အမ်းမြို့အနောက်ဘက် ၁၀ မိုင် ခန့်အကွာမှ မဲတောင်ဗျူဟာကုန်းကို စတင်ထိုးစစ်ဆင်ခဲ့ပြီး အောက်တိုဘာ ၇ တွင် သိမ်းပိုက်ခဲ့သည်။
အမ်းဒေသတွင်း စစ်ရေးအရ အရေးပါသော စစ်ကောင်စီဗျူဟာကုန်း ၂ ခု ကျပြီးနောက် အမ်းမြို့နှင့် နပခ သိမ်းနိုင်ရေး AA က ထိုးစစ်ဆင်ခဲ့သဖြင့် တိုက်ပွဲများ ပြင်းထန်နေသည်။
နပခ အခြေစိုက်ပြီး မြို့တွင်း တပ်ရင်းတပ်ဖွဲ့အများအပြား အခြေစိုက်သော အမ်းမြို့ကို သိမ်းနိုင်ရန် တိုက်ပွဲများ ပြင်းထန်နေပြီး နိုဝင်ဘာ ၆ အထိ သတင်းများအရ စစ်မြေပြင် အင်ဂျင်နီယာတပ် (BE)၊ ခမရ ၃၇၃၊ ခမရ ၃၇၁ ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ် ၊ စစ်လက်နက် ပစ္စည်းသိုလှောင်ရေးတပ် တို့ကို AA က သိမ်းထားသည်။

ရခိုင်နှင့်ချင်း မျိုးနွယ်စုအများစုရှိပြီး လူဦးရေ ၁ သိန်း၂ သောင်းကျော်နေထိုင်သည့် အမ်းမြို့သည် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်တွင်တည်ရှိသည်။
ရခိုင်ဘက်သို့ စစ်ကူပို့သည့် လမ်းကြောင်းဖြစ်သော မကွေးတိုင်း ၊ ငဖဲမြို့နယ် အမ်း – ပဒါန်း လမ်းပိုင်း ပေါ်တွင် ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကူပို့ရန် ကြိုးစားသည့် စစ်ကောင်စီတပ်များ ကို ပိတ်ဆို့တိုက်ခိုက်နေသည်။
လက်ရှိအခြေအနေများအရ အမ်း – ပဒါန်းလမ်းပိုင်းသည် စစ်တပ်အတွက်သာမက တော်လှန်ရေး အဖွဲ့များ အတွက်ပါ စစ်ရေးအရ ဗျူဟာကျသော လမ်းပိုင်းတစ်ခုဖြစ်သည်။
ယခင်ကလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့၏ ပစ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်၏ လေယာဉ်များ ပျက်ကျခဲ့ဖူးသည်။
KIA ဌာနချုပ်ရှိရာ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် လိုင်ဇာမြို့အနီး တွင် ဇန်နဝါရီ ၃ ရက်နေ့က စစ်ရဟတ်ယာဉ်တစ်စီးကို ပစ်ခတ်ခဲ့ရာ ပျက်ကျခဲ့သလို ဇန်နဝါရီ ၁၆ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာတွင် ဗုံးလာကြဲသည့် လေယာဉ်တစ်စီးကို KIA က ပစ်ချခဲ့သည်။
ထိုရဟတ်ယာဉ်သည် တရုတ်နယ်စပ် လိုင်ဇာမြို့ အရှေ့မြောက်ဘက် ၈ မိုင်ခန့်အကွာ ဝိုင်းမော်မြို့နယ် ဖော့ဒေါ့ကျေးရွာအုပ်စု နာဖော့ဒေသရှိ စစ်ဗျူဟာတပ်စခန်းသို့ ရိက္ခာလာပို့သည်ဟု ယူဆရကြောင်း KIA ဘက်က ယူဆသည်။
အာဏာသိမ်းစ ၂၀၂၁ ခုနှစ် မေ ၃ ရက်ကတည်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ် မြို့သစ်နှင့် ကုန်းလောအကြား စစ်ရဟတ်ယာဉ်တစ်စီးကို KIAက ပစ်ချနိုင်ခဲ့သည်။ ထိုသို့ပစ်ချခံရသဖြင့် လေတပ် မှ အရာရှိ စစ်သည်သုံးဦး ဆုံးရှုံးသည်ဟု မေလ ၇ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီတာဝန်ရှိသူက ထုတ်ဖော်ဝန်ခံခဲ့သည်။
၂၀၂၃ နိုဝင်ဘာအတွင်းကလည်း ကရင်နီဒေသ (ကယားပြည်နယ်) ဖရူဆိုမြို့နယ်အတွင်း တိုက်လေယာဉ်တစ်စီး ပစ်ချခံရကာ လေယာဉ်မှူး ဗိုလ်မှူးကို တော်လှန်ရေးအင်အားစုက ဖမ်းဆီး ထားသည်။ ထို့အတူ ကရင်နီဒေသ ဘောလခဲမြို့နယ်တွင် ၂၀၂၃ ဇူလိုင်ကလည်း စစ်လေယာဉ်တစ်စီး ကို ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့က ပစ်ချနိုင်ခဲ့သည်။
(နိုဝင်ဘာ ၁၁ ရက် ညအချိန် ဖြည့်စွက်ချက်)
AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက နိုဝင်ဘာ ၁၁ ရက် တွင် ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ပြီး မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ကျောက်ဆုံရွာ အနီးကို ဆင်းသက်ခဲ့ရကြောင်း ပြောသည်။
“ ရဟတ်ယာဉ်တစ်စင်းကို နေ့လယ် ၂ နာရီ ၃၀ မိနစ် ခန့်အချိန်လောက်မှာ ပစ်ချလိုက်တာ ဟုတ်ပါ တယ်” ဟု ဆိုသည်။
အမ်း၊ နပခ ဌာနချုပ် ပတ်ဝန်းကျင်သို့ ရဟတ်ယာဉ် ၄ စီး ရောက်ရှိလာကာ လက်နက်ခဲယမ်း၊ ရိက္ခာ၊ စစ်အင်အား လာပို့ပြီး လူနာများပြန်တင်ဆောင်ကာ ရှေ့ဆင့်နောက်ဆင့် ထွက်ခွာသွားကြောင်း ဦးခိုင်သုခက ပြောသည်။
“ ကျွန်တော်တို့ဘက်က ၄ စီးစလုံးကို လိုက်ပစ်တာ ၁ စီးက အမြီးပိုင်းကို ထိသွားပါတယ်။ ဒါပေမယ့် အဲဒီ ထိသွားတဲ့ ရဟတ်ယာဉ်ဟာ အဲဒီနေရာမှာ ထိုးကျပျက်စီးသွားတာမျိုး မဟုတ်ဘဲ သူတို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့နေရာအထိရောက်အောင် သူတို့ ကြိုးစားထိန်းမောင်းပြီးမှ သတ်မှတ်နေရာကို မရောက်ဘဲ အဆင်ပြေတဲ့တစ်နေရာမှာ ဆင်းသက်သွားတယ်လို့ ကျွန်တော်တို့ သိရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။