
ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း စစ်ရဟတ်ယာဉ်ပစ်ချခံရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူများ၊ လက်နက်ကြီးများ အသုံးပြုကာ အရှိန်မြှင့်တိုက်ခိုက်လျက်ရှိရာ အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။
ယနေ့ (မေ ၃) နံနက် ၈ နာရီခန့်က မိုးမောက်မြို့နယ် မြို့သစ်နှင့် ကုန်းလောကြား၌ စစ်ကောင်စီရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။
“တိုက်ပွဲဖြစ်တဲ့အချိန်မှာ ပစ်ချလိုက်တာပါ။ ဂျက်လေယာဉ်ကတော့ လာတော့လာတယ်။ ထိသွားတာကတော့ ဟယ်လီကော်ပတာ။ ဟယ်လီကော်ပတာနဲ့ ဆက်သုံးနေတယ်။ မြေပြင်မှာတော့ တိုက်ပွဲမရှိဘူး။ လေကြောင်းနဲ့ လက်နက်ကြီးနဲ့ ဆက်ပစ်နေတာ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ထိုသို့ ရဟတ်ယာဉ်ပစ်ချခံရပြီးနောက် မြို့သစ်၊ ကုန်းလောနှင့် ဆီဟတ်ကျေးရွာများအနီးတဝိုက်ကို စစ်ကောင်စီတပ်များက လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်လက်တိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်များ၏ ထိုသို့ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဘုန်းတော်ကြီးတစ်ပါးနှင့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ရွာသား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်နယ်အခြေစိုက် Kachinwaves သတင်းဌာနကက ဒေသခံများကို ကိုးကား၍ ရေးသားထားသည်။
ဧပြီ ၂၉ ရက်ကလည်း မိုးမောက်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အာဏာသိမ်းစစ်ကောင်စီ၏ တပ်မ ၇၇ တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၂၀ ဦး သေဆုံးပြီး လက်နက်များသိမ်းဆည်းရမိကြောင်း KIA တာဝန်ရှိသူက ပြောသည်။
မတ် ၂၅ ရက်တွင် KIA က သိမ်းပိုက်ခဲ့သည့် အလော့ဘွမ်တောင်တပ်စခန်းကို ပြန်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီက မြေပြင်စစ်ကြောင်းများအပြင် လေကြောင်းဖြင့်ပါ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်ကောင်စီ၏ လက်နက်ကိုင်များသည် ကချင်ပြည်နယ်တွင်သာမက ကရင်ပြည်နယ်တွင်လည်း လေကြောင်းမှတဆင့် တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။
ဧပြီ ၂၇ နံနက်အစောပိုင်းက ထိုင်း − မြန်မာနယ်စပ် သော်လဲထာရှိ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး( KNU/KNLA)၏ တပ်မဟာ ၅ က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်များသည် အရပ်သားပစ်မှတ်များကို လေကြောင်းဖြင့် တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
ဒါးကွယ်ဒေသရှိ လူဦးရေ ၂၀၀ နီးပါးနေထိုင်သည့် ကရင်ရွာများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကရင်တိုင်းရင်းသားများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။