သတင်း

ဗန်းမော်တင့်ကားတပ်ကို KIA သိမ်းပိုက်၊ နှစ်ဘက်အကျအဆုံးများ

၂ လကြာနေသော ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် နှစ်ဘက်စလုံးက အင်အား ရာထောင်ချီ သုံးထားပြီး စစ်ကောင်စီတပ်က လေယာဉ်နှင့် ဒရုန်း ပိုမို အသုံးပြုနိုင်မှု အားသာချက် ရှိနေသည်။

ကချင်ပြည်နယ်တောင်ပိုင်း မြန်မာ-တရုတ်နယ်စပ်မျဉ်းအနီးရှိ ဗန်းမော်မြို့ စစ်စခန်းများကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များ ထိုးစစ်ဆင်နေရာ ပြီးခဲ့သည့်ရက်အနည်းငယ်က တင့်ကားတပ်ရင်းတစ်ခု သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေမှုကြောင့် နှစ်ဘက်အကျအဆုံး များနေသည်ဟု သိရသည်။

၂၀၂၄ ဒီဇင်ဘာ ၄ ရက်နေ့မှ စသည့် ထိုးစစ်တွင် ပူးပေါင်းတပ်များက လေယာဉ်ကွင်း၊ မြို့ပေါ်ရပ်ကွက် တချို့နှင့်တပ်ရင်းတချို့ကို  သိမ်းပိုက်ထားပြီး အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) ကို ဆက်လက်ထိုးစစ်ဆင်နေသည်ဟု သိရသည်။

ယခုရက်ပိုင်း သိမ်းလိုက်သည့်  အမှတ်(၅၀၁၄) တင့်ကားတပ်ရင်းမှ လက်နက်ကိုင်များ  စကခ -၂၁ သို့ ဆုတ်ခွာသွားကြသည် ဟု KIA နှင့် နီးစပ်သူ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“သူတို့အကုန် ၂၁ ထဲမှာပဲ သွားပြီးစုကြတယ်ပြောတယ်၊ အဲဒီဘက်ပဲ ပြေးနေကြတာ အကုန်လုံး။ သူတို့ဘက်ကလည်း တော်တော်သေတယ် ပြောတယ်၊ ဒီဘက်ကလည်း ကျတာ များတယ်” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

ထို့ပြင် တပ်အတွင်းရှိ တင့်ကားနှင့် မော်တော်ယာဉ်များကိုလည်း တိုက်ပွဲစတင်ချိန်တွင် စကခ-၂၁ အတွင်းသို့ ရွှေ့ပြောင်းသွားသည်ဟု ၎င်းက ဆက်ပြောသည်။

မြို့အရှေ့ဘက် တရုတ်နယ်စပ်မျဉ်းတစ်လျှောက် ယမန်နှစ်က သိမ်းလိုက်သည့် စစ်စခန်းများမှ ထွက်ပြေးလာသည့် လက်နက်ကိုင်များ မြို့ထဲတွင် စုစည်းနေခဲ့သည့်အတွက် ဗန်းမော်တိုက်ပွဲအတွင်း စစ်တပ်က အင်အားတောင့်တင်းနေသည်ဟု သိရသည်။

နှစ်ဘက်အင်အား ထောင်ဂဏန်းအထိ အသုံးပြုကာ တိုက်ခိုက်နေကြသည့် တိုက်ပွဲတွင် စစ်တပ်ဘက်က လက်နက်အင်အား သိသိသာသာ သာလွန်နေသည်။

စစ်လေယာဉ်များ  အဆက်မပြတ် လာရောက် ဗုံးကြဲနေသည်၊  ဒရုန်းအသုံးပြုမှု များပြားသည်ဟု သိရသည်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကမူ တင့်ကားတပ်ရင်း သိမ်းပိုက်နိုင်သည့်အခြေအနေကို မသိရသေးကြောင်း ပြောသည်။

မြေပြင်မှ သတင်းများ ၎င်းထံရောက်ရှိလာခြင်းမရှိသည့်အတွက် ထိခိုက်၊ ကျဆုံး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။

“တိုက်ပွဲဆိုတာက‌တော့ ထိခိုက်မှုကတော့ရှိမှာပါ၊ ကျတာလည်းရှိမှာပါ။ ဒါပေမယ့် ဘယ်နှစ်ဦး ဘယ်နှစ်ယောက်ကျတယ်ဆိုတာကတော့ ကျွန်တော်တို့ဆီမှာ စာရင်းဇယားလည်း ပြုစုထားတာလည်း မရှိဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

နှစ်လတိတိ ကြာမြင့်လာပြီဖြစ်သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းများ အပြင် သံချပ်ကာကား ၈ စီးနှင့် လက်နက်ခဲယမ်းများကို KIA က ရရှိထားပြီးဖြစ်သလို စစ်သုံ့ပန်းတချို့လည်း ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

ပူးပေါင်းတပ်တွင် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်များ (KPDF)၊ ကျောင်းသားတပ်မတော် (ABSDF) တို့ ပါဝင်သည်။

ဖေ့ဘွတ်လူမှုကွန်ရက် တင်ထားကြသည့် ဓာတ်ပုံတွင် KPDF တပ်ဖွဲ့ဝင်တစ်ဦး ဗန်းမော် အမှတ် (၅၀၁၄) တင့်ကားတပ်ရင်းရှေ့ ရောက်နေသည်ကို    တွေ့ရပြီး ရုပ်သံတွင် တင့်ကား တပ်ရင်းတွင်း ဝင်ရောက်လာသော KIA, KPDF တပ်ဖွဲ့ဝင်များကို တွေ့ရသည်။

ဗန်းမော် ၅၀၁၄ တင့်ကားတပ်ရင်းဆိုင်းဘုတ်ရှေ့တွေ့ရသော KPDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် တင့်ကား တပ်အတွင်း တွေ့ရသော KIA,KPDF တပ်ဖွဲ့ဝင်များ။  (ဓာတ်ပုံ-Sirinda ရုပ်သံမှ)

စစ်တပ်က ကချင်တိုက်ပွဲသတင်းများ မထုတ်ပြန်သော်လည်း စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်များတွင် KIA, PDF များ အကျများနေကြောင်း၊ ဗန်းမော်အကျဉ်းထောင်အနီး ချည်းကပ်လာသော KIA များကို ညကြည့်မှန်ပြောင်းတပ်ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့၍   ၁၀ ဦးထက်မနည်း သေဆုံးကာ ၁၀ ဦး ဖမ်းဆီးရမိကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြထားကြသည်။ 

သို့သော် စကခ-၂၁ အပြင် တပ်ရင်းဌာနချုပ်များစွာ အခြေစိုက်ထားသည့်အတွက် ဗန်းမော်မြို့သိမ်း တိုက်ပွဲမှာ ကြန့်ကြာနေဆဲဖြစ်ပြီး ထွက်ပေါက်ပိတ်နေသည့် စစ်ကောင်စီတပ်က လက်နက်မချသေးဘဲ အပြင်းအထန် ခုခံနေခြင်းဖြစ်နိုင်သည်ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“သူတို့က လေကြောင်း စစ်ကူလာလို့မရတော့ဘူးလေ၊ တိုက်ပွဲစဖြစ်တဲ့နေ့ကတည်းက လေဆိပ်လည်း လေယာဉ် ဆင်းလို့မရတော့ဘူးလေ။ အဲဒီလိုဆိုတော့ ကားလမ်း၊ ရေလမ်း အကုန်ပိတ်ထားတာဆိုတော့ သူတို့က အကုန်ပိတ်မိနေတာ” ဟု ထိုအမျိုးသားက ပြောသည်။

ဗန်းမော်မြို့၏ အရှေ့ဘက် ၉ မိုင်ခန့် အကွာရှိ မိုးမောက်မြို့၊ တောင်ဘက် ၁၃ မိုင်ခန့်အကွာရှိ မံစီမြို့ ၊ အနောက်ဘက် မိုင် ၃၀ ကျော် အကွာရှိ စင်းခန်းတံတားနှင့် စင်းခန်းရွာတို့ကို  ပူးပေါင်းတပ်များ က သိမ်းပိုက်ထားသည်။

ထို့ပြင် ဗန်းမော်မြို့အနောက်ဘက်နှင့် မြောက်ဘက်တွင်ရှိသည့် ဧရာဝတီမြစ်အနောက်ဘက်ကမ်း ဒေသကိုလည်း   ပူးပေါင်းတပ်များက ထိန်းချုပ်ထားသည်။

တရုတ်က   ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို အပစ်ရပ်ရန် အပြင်းအထန် ဖိအားပေးခဲ့သလို ကချင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေ သည့် KIA ကိုလည်း အပစ်ရပ်ရန် တွန်းအားပေးခဲ့သည်ဟု သိရသည်။

သို့သော် ကချင်ပြည်နယ်အတွင်းရှိ အခြားဒေသများတွင် လတ်တလော တိုက်ပွဲများငြိမ်သက်နေသော် လည်း ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA က ပိုမိုအရှိန်မြင့်ကာ ဆက်လက်ဆင်နွှဲနေဆဲဖြစ်သည်။

ယခုနှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ် တို့ကို သိမ်းပိုက်ထားနိုင်သည်။

Related Articles

Back to top button