
ရန်ကုန် − အေးအေး၏ ခင်ပွန်းဖြစ်သူက ဖုန်းမှတဆင့် ပေးပို့သည့် စာတိုလေးတစ်ကြောင်းတည်းဖြင့် သူတို့နှစ်ဦးကြား ဆက်ဆံရေးကို အဆုံးသတ်သွားခဲ့သည်။ “ငါ နင်နဲ့ ဆက်ပြီး မပေါင်းချင်တော့ဘူး။ အခုတွေ့ထားတဲ့ တစ်ယောက်က နင့်ထက်သာ လို့လိုက်သွားတာ ဆိုပြီး စာပို့လိုက်တယ်။ ကျွန်မဘက်က ဘာဆက်လုပ်လို့ ရတော့မှာလဲ” ဟု ရှေ့မှ စားပွဲခုံ မျက်နှာပြင်ကို ကြည့်ရင်း အေးအေးက ပြောသည်။
အမည်ရင်းကို မဖော်ပြလိုသော အသက် ၂၆ နှစ်အရွယ် အေးအေး၏ ဘဝ ပြိုလဲသွားခဲ့ရသည်။ သူတို့နှစ်ဦး သူငယ်ချင်းဘဝဖြင့် ၁ဝ နှစ် နေပြီးနောက် အိမ်ထောင်သည်ဘဝဖြင့် ၂ နှစ် ကြာမြင့်ခဲ့ကြသည်။ သူ့လက်တွဲဖော်အမျိုးသားက လွန်ခဲ့သည့် လအနည်းငယ်က Viber မှတစ်ဆင့် သိခဲ့သည့် အမျိုးသမီး တစ်ဦးနောက်သို့ ပါသွားပြီဖြစ်သည်။
“မကွဲချင်ဘူးပေါ့။ လူပုံအလယ်မှာ တစ်ခုလပ်ဆိုတဲ့ နာမည်ဆို မကောင်းဘူးလေ။ အိမ်ထောင်ရေးကို တည်မြဲအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်” ဟု ပြောစဉ် သူ့မျက်လုံးနှစ်ဖက်တွင် မျက်ရည်များဝဲနေသည်။
မိသားစုက အေးအေးတစ်ဦးတည်းပေါ်တွင် အားထားနေရပြီး စျေးထဲတွင် ကုန်စိမ်းရောင်းရသည့် ဝင်ငွေဖြင့် သူ့အမျိုးသားအတွက် ဆိုင်ကယ်၊ မိုဘိုင်းဖုန်း၊ ရွှေဆွဲကြိုး တို့ကိုလည်း ဝယ်ပေးထားခဲ့ပြီး ယင်းပစ္စည်းအားလုံးကို ယခုတော့ သူ့အမျိုးသားက ယူသွားပြီဖြစ်သည်။
သူရပ်ကွက်ရုံးသို့ သွားသည်။ ရပ်ကွက်လူကြီးအားလုံးက အမျိုးသားများဖြစ်သည်။ သူတို့ တာဝန်ယူဖြေရှင်းပေးရသည့် ပြဿနာများတွင် ရပ်ကွက်အတွင်းမှ လူမှုရေး ပြဿနာများလည်း ပါဝင်သည်။
“သူတို့က ဘာမှ လုပ်မပေးနိုင်ဘူးလို့ ပြောပါတယ်။ အများဖြစ်နေတဲ့ကိစ္စ တဲ့။ အဲဒီစကားကို အတော်ခံပြင်းတယ်” ဟု ခန္ဓာကိုယ် ပိန်ပိန်သေးသေး၊ ဆံပင်ရှည်ရှည်၊ ပါးနှစ်ဖက်ပေါ်တွင် သနပ်ခါးပါးကွက်ကျားလိမ်းထားသည့် အေးအေးက ပြောသည်။
သူ၏ ဒုက္ခကို အိမ်နီးချင်းများကလည်း ဘာမှ မကူညီနိုင်ခဲ့ဘဲ မိမိလင်ကို ထိန်းမထားနိုင်သည့် သူ့အပေါ်သာ လှောင်ပြောင်ကဲ့ရဲ့ကြကြောင်း ပြောသည်။
အမျိုးသားများကြီးစိုးထားပြီး ရှေးရိုးစွဲဆန်သည့် ဓလေ့ထုံးစံများအကြား စာနာမှုကင်းမဲ့သော အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံပြောဆိုရသည့်အခါ အေးအေးကဲ့သို့ပင် မြန်မာနိုင်ငံမှ အမျိုးသမီးများသည် အိမ်ထောင်ရေး ဖောက်ပြန်မှု၊ အိမ်ထောင်ရေးပြဿနာတို့တွင် တရားစွဲဆိုနိုင်သည့် အငြင်းပွားဖွယ်ရာ ‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’ အပေါ် အားကိုးလာကြောင်း တွေ့ရှိလာရသည်။ အဆိုပါ ဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ပြီး အာမခံလည်း မလျှောက်ထားနိုင်ပေ။
“ဒီလိုဥပဒေမျိုးတွေရှိတာ ကောင်းပါတယ်။ ဒီဥပဒေပြဋ္ဌာန်းတာ နောက်တောင်ကျတယ်လို့ ပြောရမယ်” ဟု သူက ဆက်ပြောပါသည်။ အေးအေးကို ခင်ပွန်းသည်က မတ်လအတွင်း ပစ်ထားခဲ့ပြီး ယခုဥပဒေကို စက်တင်ဘာ ၁ ရက်နေ့က ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သောကြောင့် ပြန်လည်တရားစွဲရန် မဖြစ်နိုင်ကြောင်း ပညာရှင်များက ပြောသော်လည်း အေးအေးက ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုရှာနေကြောင်း ပြောသည်။
“ကျွန်မက တိုင်မှာ။ ဒီအတိုင်းတော့ မထားဘူး” ဟု အံကြိတ်ရင်း ပြောသည်။
မြန်မာနိုင်ငံနှင့် အမျိုးသမီးများသည် အစ္စလာမ်ဘာသာ၏ ခြိမ်းခြောက်မှုကို ကြုံတွေ့နေရကြောင်း ပြောဆိုနေသည့် အမျိုးသားရေးဝါဒီရဟန်းများက ဦးဆောင်တိုက်တွန်းပြီးနောက် ပြဋ္ဌာန်းခဲ့သော မျိုးစောင့်ဥပဒေလေးခုအနက် ‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’သည် အတိုဆုံးဖြစ်ပြီး နောက်ဆုံးမှအတည်ပြုခဲ့သောသော ဥပဒေ ဖြစ်သည်။ အဆိုပါ ဥပဒေသည် မူလ ရည်ရွယ်ထားသည့်အတိုင်း မဖြစ်ခဲ့။
အဆိုပါ ဥပဒေများ ပြဋ္ဌာန်းပြီးနောက်ပိုင်း စက်တင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ ‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’ဖြင့် တရားစွဲဆိုမှုမှာ ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်း၌ပင်လျှင် ၂၉ မှုအထိ ရှိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရှိရသည်။ တရားစွဲဆိုခံရသူအများစုသည်လည်း ဗုဒ္ဓဘာသာဝင် အမျိုးသားများသာဖြစ်ပြီး အမျိုးသမီး သုံးဦး ပါဝင်သည်။
ယုန်ထောင်ကြောင်မိ
ဗြိတိသျှအစိုးရလက်ထက် ၁၉ ရာစုအတွင်းက စတင်ကျင့်သုံးခဲ့သည့် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ ကွာရှင်းပြတ်စဲခွင့် ဥပဒေ အစရှိသည့် ဥပဒေများသည် ခေတ်နှင့်လိုက်လျော ညီထွေမှု မရှိတော့ကြောင်း၊ ရှင်းလင်းမှု မရှိကြောင်းနှင့် ထိရောက်မှု မရှိတော့ကြောင်း အမျိုးသမီးအခွင့်အရေး ဆိုင်ရာအဖွဲ့များက ပြောကြားလျက်ရှိသည်။ ကြီးလေးသည့် ရာဇဝတ်မှုများကို ကာကွယ်နှိမ်နင်းရန် ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံ ရာဇသတ်ကြီးဥပဒေအရ လင်ပြိုင်မယားပြိုင်စနစ်ကို တားမြစ်သည့် ဥပဒေ ရှိပြီးဖြစ်သော်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်သတ်မှတ်ထားခြင်းမရှိဘဲ အမျိုးသားတစ်ဦးသည် အိမ်ထောင်ရှိသည့်အခြား အမျိုးသမီးတစ်ဦးနှင့် ဖောက်ပြန်ပါက ပြစ်မှုမြောက်ကြောင်းသာ ပြဋ္ဌာန်းထားသည်။
သို့သော် မျိုးစောင့်ဥပဒေလေးခု ပြဋ္ဌာန်းလိုက်ခြင်းသည် မှန်ကန်သည့် အဖြေတစ်ရပ်မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင်များ အားကောင်းသည့် မြန်မာနိုင်ငံတွင် မွတ်စလင်များကို ခွဲခြားနှိပ်ကွပ်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးသမားများက ထောက်ပြကြသည်။
ယင်းဥပဒေများကို လွှတ်တော်အတွင်း မြန်မြန်ဆန်ဆန် ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းခဲ့ပြီး သမ္မတဦးသိန်းစိန်က လက်မှတ် ရေးထိုးခဲ့သည်။ မဘသ (ခေါ်) အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကို ဝေဖန်သူများအနေဖြင့် ခြိမ်းခြောက်မှုများကို ကြုံတွေ့ရမည်ဖြစ်သည်။
မျှော်လင့်မထားသည့် နောက်ဆက်တွဲများ ဖြစ်ပေါ်နေပြီဖြစ်သော အဆိုပါဥပဒေ လေးခုကို ၂ဝ၁၆ ခုနှစ်တွင် တက်လာမည့် အစိုးရအနေဖြင့် ကျင့်သုံးရတော့မည်ဖြစ်သည်။
‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’သည် “အိမ်ထောင့်သစ္စာခိုင်မြဲရေး၊ မယားအများအပြားယူ၍ လူဦးရေစုဆောင်းကာ မွတ်စလင်နိုင်ငံတည်ထောင်ရန် ကြံစည်အားထုတ်နေသော ဂျီဟဒ်ဝါဒီ မွတ်စလင်များ၏ အန္တရာယ်ကာကွယ်ရေးနှင့် အမျိုးသမီးများ မယားပြိုင်ဒုက္ခ ကင်းဝေးရေးတို့ကို ရှေးရှုရည်ရွယ်သည်” ဟု မဘသအဖွဲ့၏ ဦးဆောင်ဆရာတော် ဦးဝီရသူက ၎င်းတို့အဖွဲ့မှ ထုတ်ဝေသော ဂျာနယ်ဖြစ်သည့် အတုမရှိဂျာနယ်တွင် မကြာသေးမီက ရေးသားထားသည်။
သို့သော် ‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’ဖြင့် တရားစွဲခံထားရသူ အများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်သောကြောင့် မြန်မာလူမှုမီဒီယာများတွင် အဆိုပါဥပဒေ များကို ‘ယုန်ထောင်ကြောင်မိ’ ဆိုသည့် စကားပုံဖြင့် ခိုင်းနှိုင်းရေးသားကြသည်။
နိုင်ငံရေးလှုံ့ဆော်မှု ပါနေသလား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်များက မျိုးစောင့်ဥပဒေ လေးရပ်ကို လွှတ်တော်တွင်း ဆွေးနွေးစဉ်က ကန့်ကွက်ခဲ့သောကြောင့် ၎င်းတို့ပါတီကို မဲမပေးရန် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ အကြိုကာလအတွင်း မဘသအဖွဲ့က တိုက်တွန်းနှိုးဆော်ခဲ့သည်။ ရွေးကောက်ပွဲတွင် NLD အနိုင်ရပြီးနောက်ပိုင်းတွင်လည်း အဆိုပါ ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း မလုပ်ဆောင်ရန် မဘသက သတိပေးခဲ့သည်။
ဒေါ်ဖြူဖြူသင်းသည် ယင်းဥပဒေများအား ကန့်ကွက်ခဲ့သည့် NLD မှ ပြည်သူ့လွှတ်တော် အမတ်တစ်ဦးဖြစ်သည်။
“ဒီဥပဒေက တကယ်လုပ်ချင်တာကတစ်မျိုး၊ ထိတာကတစ်မျိုး လို့ အခုပြောနေကြပြီ။ ဥပဒေတွေဆိုတာ တစ်သမတ်တည်းရှိပြီး လူ့အခွင့်အရေးကို ချိုးဖောက်လို့ မဖြစ်ပါဘူး” ဟု ပြောသည်။
“ဒီဥပဒေတွေဟာ အမျိုးသမီးတွေကို ခုတုံးလုပ်ပြီး နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ထင်တယ်ပေါ့နော်” ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။
‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’သည် မြန်မာနိုင်ငံတွင် နေထိုင်သူအားလုံးနှင့်လည်းကောင်း၊ မြန်မာနိုင်ငံပြင်ပတွင်နေထိုင်သော နိုင်ငံသားနှင့်လည်းကောင်း၊ မြန်မာနိုင်ငံတွင် နေထိုင်စဉ် နိုင်ငံသားနှင့် ထိမ်းမြားသော နိုင်ငံခြားသားနှင့်လည်းကောင်း သက်ဆိုင်သည်။
အိမ်ထောင်ရေးပြစ်မှုကျူးလွန်သူသည် နှစ်ဦးပိုင်ပစ္စည်းနှင့် စပ်လျဉ်း၍ ၎င်း၏အခွင့်အရေးများ ဆုံးရှုံးမည့်အပြင် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် ၇ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ခံရမည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်သည်။
ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များအပေါ် ထိပါးခြင်း
နည်းဥပဒေများ မထုတ်ပြန်ခင်ကပင် ယင်းဥပဒေများဖြင့် တရားစွဲဆိုမှုများ ရှိနေပြီဖြစ်ကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
“တကယ်ဆိုရင် ဥပဒေတစ်ရပ် စတင်သက်ရောက်မှုမရှိခင် နည်းဥပဒေထွက်ပေါ်ဖို့ လိုအပ်ပါတယ်။ နည်းဥပဒေတွေ မထွက်သေးပါဘူး။ ဒါပေမဲ့ ကျင့်သုံးနေပါတယ်။ အဲဒါ ခက်တယ်။ ထူးခြားတဲ့ကွာခြားမှုဖြစ်နေတယ်” ဟု Myanmar Now နှင့်ပြုလုပ်သည့် တယ်လီဖုန်းအင်တာဗျူးတွင် ဦးရောဘတ်စန်းအောင်က ပြောသည်။
အိမ်ထောင်ရေးဖောက်ပြန်မှုသည် ရာဇဝတ်မှုပုံစံမျိုး ကိုင်တွယ်ရမည့် ပြဿနာမဟုတ်ဟု လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြပြီး အစိုးရအနေဖြင့် လူမှုရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှု လုပ်ဆောင်နေခြင်းကိုလည်း မေးခွန်းထုတ်လိုက်သည်။
“ကျွန်မတစ်ဦးတည်း အနေနဲ့ကတော့ တစ်လင်တစ်မယားစနစ်ကို ထောက်ခံပါတယ်။ ဒါပေမယ့် အိမ်ထောင်ရေးဖောက်ပြန်မှု ပြဿနာကတော့ ကျွန်မတို့ နိုင်ငံ၊ ကျွန်မတို့ခေတ်မှ မဟုတ်ဘူး၊ နိုင်ငံတိုင်း၊ ယဉ်ကျေးမှုတိုင်း၊ လူမျိုးတိုင်း၊ ဘာသာတိုင်းမှာ ရှိပါတယ်” ဟု Gender Equality Network (GEN) မှ ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူက ပြောကြားသည်။
“အဲဒါက ကျွန်မတို့လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ရွေးချယ်မှုနဲ့ အကျင့်စာရိတ္တ၊ သူတို့ရဲ့ လူမှုရေးဆိုင်ရာထိန်းသိမ်းမှုအပေါ်မှာ ဘယ်လောက်လိုက်နာမှုရှိတယ်ဆိုတာနဲ့ပဲ ဆိုင်တာပါ။ ဒါကို ဥပဒေနဲ့ကန့်သတ်တာ၊ ပိတ်ပင်တာ အဓိပ္ပာယ်မရှိတာ”
အိမ်ထောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရွယ်ရောက်သူအချင်းချင်း နှစ်ဦးသဘောတူ လိင်ဆက်ဆံခြင်းအပေါ် ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်းသည် ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို ချိုးဖောက်ရာ ရောက်ကြောင်း Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောကြားထားသည်။
အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့တစ်ဖွဲ့က အိမ်ထောင်ရေးဖောက်ပြန်မှုကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်သင့်ကြောင်း ၂ဝ၁၂ ခုနှစ်တွင် ပြောကြား ခဲ့သည်။
ကာကွယ်ခြင်း
‘ယောက်ျားကောင်း မောင်းမတစ်ထောင်’ ၊ ‘သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနား’ ဆိုသည့် ဆိုရိုးများဖြင့် ယောက်ျားများက အထက်စီးယူထားသော လူ့အဖွဲ့အစည်းတွင် အေးအေးကဲ့သို့သော အမျိုးသမီးများအတွက် ပိုမိုကာကွယ်မှုပေးနိုင်သည့် ဥပဒေ လိုအပ်နေသည်။
မိမိ၏အိမ်ထောင်ဖက်အပေါ် သစ္စာစောင့်သိရခြင်းသည် ဗုဒ္ဓဘာသာဝင်တို့ လိုက်နာကျင့်သုံးရမည့် ငါးပါး သီလတွင် တစ်ပါး အပါအဝင်ဖြစ်သည်။ သို့သော် အဆိုပါကျင့်ဝတ်ကို လိုက်နာရန် မြန်မာအမျိုးသားတချို့ ပျက်ကွက်လျက်ရှိသည်။ မြန်မာနိုင်ငံအနောက်ပိုင်းဒေသမှ အသက် ၄၈ နှစ် အရွယ် ခင် ဆိုသူ အမျိုးသမီးကြီး ထိမ်းမြားခဲ့သူမှာ အိမ်ထောင်သက် ၇ နှစ်အကြာတွင် သူ့ကို စွန့်ခွာသွားပြီး အခြားအမျိုးသမီးတစ်ဦးကို လက်ထပ်သွားရာ − ခင်သိချိန်တွင် အဆိုပါ အမျိုးသမီးတွင် ကိုယ်ဝန်ပင်ရနေပြီဖြစ်သည်။
“ကျွန်မယောက်ျားက သူ့ညီအစ်ကို ဝမ်းကွဲတွေ၊ ဦးလေး၊ ဘကြီးတွေဆီကနေ အတုယူတာလေ။ သူတို့က လမ်းပြခဲ့ကြတာ” ဟု ပြောသည်။
ကွာရှင်းပြတ်စဲရန် သဘောတူပြီးမှ ‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’အကြောင်းကို သူသိရသည်။ ယင်းဥပဒေ စတင်အသက်ဝင်သည့် ရက်မတိုင်မီကပင် ခင်ပွန်းသည်က သူ့ကိုစွန့်ခွာသွားသောကြောင့် ယင်းဥပဒေဖြင့် တရားစွဲနိုင်မည်မဟုတ်ပေ။
“ရရင် အကုန်လုံးကို နမူနာအနေနဲ့ ထောင်ချပစ်ချင်တယ်” ဟု ခင်က ပြောလိုက်သည်။