
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့ ကင်းစခန်းတစ်ခုကို ယနေ့ (မေ ၅ ) နံနက်တွင် စစ်ကောင်စီ လက်နက်ကိုင်တို့ စီးနင်းတိုက်ခိုက်ရာ စစ်ရှောင်အရပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ရွာခံများထံက သိရသည်။
မြို့အနောက်မြောက်ဘက် ၁ မိုင်ကျော်အကွာရှိ ထနောင်းဝန်းကျေးရွာ တောရဘုန်းကြီးကျောင်းအနီးရှိ ထိုစခန်းကို ပြည်သူ့စစ် ခေါ် ပျူစောထီးများက နံနက် ၅ နာရီကျော်တွင် အနီးကပ်ပစ်ခတ်ကြကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း စစ်ဘေးရှောင် သပြေသာရွာသား ၃ ဦး သေဆုံးပြီး ၁ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။
“ညမှောင်ချိန်မှာ ကင်းစခန်းနားကို ချဉ်းကပ်လာတာလို့ယူဆရပါတယ်။ မနက်လင်းချိန်ကျတော့မှ အနီးကပ် ကပ်ပြီး ပစ်ခတ်တာ၊ ကာကွယ်ရေးအဖွဲ့ဝင်တွေကတော့ ထွက်ပြေးလွတ်မြောက်လာခဲ့ပေမဲ့ အရပ်သားတွေကတော့ ဒဏ်ရာတွေနဲ့ သေဆုံးတာ တွေ့ခဲ့ရတယ်”ဟု ထနောင်းဝန်းရွာ ကာကွယ်ရေး အဖွဲ့တာဝန်ခံက ပြောသည်။
သေဆုံးသူများမှာ အသက် ၅၀ ဝန်းကျင်အရွယ် ဦးဖိုးပြူးနှင့် ဇနီးဖြစ်သူ ဒေါ်သိန်းဌေး၊ အသက် ၆၀ ခန့်အရွယ် ဦးအောင်ရွှေတို့ဖြစ်ကြပြီး အသက် ၄၅ နှစ်အရွယ် ဦးကျော်မိုးဆိုသူကို အသက်ရှင်လျက် ဖမ်းဆီးသွားခြင်းဖြစ်သည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
“ဒီနေရာတွေက ပုံမှန် မိုင်းတွေကာထားတဲ့နေရာပါပဲ။ ဒါပေမယ့် အခုဝင်သွားတာက မိုင်းမရှိတဲ့နေရာ ကနေ ရွေးဝင်သွားတယ်လို့ ထင်ပါတယ်၊ ၁၅ ယောက်လောက်နဲ့ နှစ်ဖက်ညှပ်ပြီး ဝင်စီးသွားတယ်” ဟု ထနောင်းဝန်းရွာသားတစ်ဦးက လွတ်မြောက်လာသည့် ရဲဘော်များကို ကိုးကားပြီး ပြောသည်။
ထိုကင်းစခန်းသည် ထနောင်းဝန်းရွာနှင့်ကပ်လျက် ၁ မိုင်ကျော်အကွာ သပြေသာကျေးရွာမှ ဖြစ်ပြီး စစ်ကောင်စီတပ်စခန်းများနှင့် နီးကပ်စွာ တည်ရှိသည်။
ပြီးခဲ့သည့် မတ်လဆန်းမှစ၍ ပန်းရံ၊ တယ်သီးတောနှင့် ညောင်ကိုင်းကျေးရွာတို့မှ ပျူစောထီးတပ်များက သပြေသာရွာရှိ အောင်ဆုပန်ဘုန်းကြီးကျောင်း အတွင်း ဝင်ရောက်နေရာယူ တပ်စွဲထားကြောင်း သိရသည်။
သပြေသာကျေးရွာဒေသခံများမှာ ၂၀၂၄ နှစ်လယ်ပိုင်းမှ စပြီး ရွာကို စွန့်ခွာပြီး စစ်ရှောင်နေကြရသလို ကျေးရွာ ကာကွယ်ရေးအဖွဲ့ကလည်း အနီးတဝိုက် အခြေချလှုပ်ရှားနေကြရသည်။
ထနောင်းဝန်းရွာသည်လည်း ၂၀၂၄ စက်တင်ဘာအတွင်းက ရွှေဘိုမြို့ အမှတ် (၄၂) ခြေလျင်တပ်ရင်း မှ အင်အား ၈၀ ကျော်ပါ စစ်ကြောင်းတစ်ခု ဝင်ရောက်စီးနင်းမှုကြောင့် အမျိုးသမီး ၃ ဦးအပါအဝင် ဒေသခံ ၈ ဦး သတ်ဖြတ်ခံထားရသည်။
အလားတူ ရွှေဘိုမြို့အနောက်ဘက် ၂ မိုင်ခန့်အကွာ သပြေသာကျေးရွာကို ၂၀၂၄ ဒီဇင်ဘာ ၇ ရက်နေ့ တွင် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒီဇင်ဘာ ၉ ရက်တွင် ပြန်ထွက်သွားခဲ့ရာ အမျိုးသား ၄ ဦး မီးရှို့သတ်ဖြတ်ခံထားရသည်။
သပြေသာကျေးရွာအုပ်စုသည် ရွှေဘိုမြို့ရှိ စစ်ကောင်စီတပ်၏ ကင်းစခန်းများဂိတ်များနှင့် မီတာ ၄၀၀ ခန့်သာ ကွာဝေးသည့်အတွက် အုပ်စုဝင် ၃ ရွာဖြစ်သည့် သပြေသာ၊ မြိုက်နှင့် ဥသျှစ်ကုန်းကျေးရွာ တို့မှ ဒေသခံများ တိမ်းရှောင်နေကြရသည်။
ရွှေဘိုမြို့အတွင်းတွင် အမှတ် (၄၂)ခြေလျင်တပ်ရင်းက တပ်ထိုင်ထားပြီး၊ အမှတ် (၈ ) လေ့ကျင့်ရေးတပ်၊ ထောက်ပို့တပ်တို့လည်းရှိနေသည်။ ထို့အပြင် ပျူစောထီးခေါ် ပြည်သူ့စစ် တပ်ဖွဲ့များ ဖွဲ့စည်းထားသည်။
ယမန်နေ့(မေ ၄) ညနေကလည်း စစ်ကောင်စီတပ်များက ရွှေဘိုမြို့ ဥယျာဉ်တော်ရွာကို ဝိုင်းပတ် ပိတ်ဆို့ ပြီး ကားအများအပြားဖြင့် ဝင်ရောက်ကာ အမျိုးသား ၁၁ ဦးကို ဖမ်းသွား ကြောင်း၊ စစ်သားသစ်စုဆောင်းခြင်း ဖြစ်နိုင်ကြောင်း ရွှေဘိုမြို့ခံတို့ထံက သိရသည်။