သတင်း

စစ်တပ် တပ်စွဲသွားသော ရွှေဘိုကျေးလက်တွင် မီးရှို့ထားသည့် ၄ လောင်းတွေ့ 

ရွှေဘိုမြို့ပေါ်မှ စစ်တပ်က မြို့အနီးရှိ ကျေးရွာကို ၂ ရက်ကြာ စီးနင်းတပ်စွဲပြီးနောက် တစ်ရွာလုံး နီးပါး မီးလောင်ပြာကျခဲ့ကာ မီးရှို့ထားသည့် အမျိုးသားအလောင်း ၄ လောင်းကိုလည်း တွေ့ရှိခဲ့ရသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်တပ် ယာယီတပ်စွဲပြီး ပြန်ထွက်သွားသည့် ရွှေဘိုမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့က  မီးလောင်ထားသည့် ရုပ်အလောင်း ၄ လောင်း တွေ့ရှိခဲ့ရသည်ဟု မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။ 

ရွှေဘိုမြို့အနောက်ဘက် ၂ မိုင်ခန့်အကွာ သပြေသာကျေးရွာကို ဒီဇင်ဘာ ၇ ရက်နေ့တွင် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒီဇင်ဘာ ၉ ရက်တွင် ပြန်ထွက်သွားခဲ့သည်။ 

နောက်တစ်နေ့တွင်  ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုက ဝင်ရောက်ကြည့်ရှုရာ ရွာလယ်ရှိ မီးသင့်ထားသည့် အဆောက်အဦတစ်ခုတွင် ရုပ်အလောင်းများ တွေ့ရသည်၊ အမျိုးသားများ ဖြစ်ဖွယ်ရှိသည်ဟု  ဒေသခံ တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“တစ်နေရာတည်း စုပုံပြီးမီးရှို့ထားတာ။ ဓားဒဏ်ရာလည်းမရှိဘူး။ သေနတ်ကျည်ဆန်ရာလည်း မရှိဘူး။ အရှင်လတ်လတ် မီးရှို့ထားတဲ့အနေအထားမျိုးဖြစ်နေတာဗျ။ ရုပ်အလောင်းက တော်တော်ကို ရုပ်ပျက် ဆင်းပျက်ဖြစ်နေပြီ” ဟု သူက ပြောသည်။

Myanmar Now က ကြည့်ရသည့် ဓာတ်ပုံမှတ်တမ်းများတွင်   မီးလောင် ပြာကျနေသည့် အဆောက်အဦတစ်ခု၏ သွပ်မိုးအောက်  အမျိုးသားများဟု ယူဆရသော တစ်ဝက်တစ်ပျက် မီးလောင်ထားသည့် ခန္ဓာကိုယ် ၄ ခုကို တစ်နေရာတည်း ရှိနေသည်ကို တွေ့ရသည်၊ တချို့အလောင်းမှာ မျက်စိကို အဝတ်စ စည်းနှောင်ထားပြီး ရုပ်အလောင်းတစ်ခု၏ လည်ပင်းတွင် ကြိုးချည်ထားသည်ကို တွေ့ရသည်။ 

သေဆုံးသူတို့မှာ အသက် ၃၀ ဝန်းကျင်အရွယ် ရှိမည်ဟု ယူဆရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ မဟုတ် သောကြောင့် အရပ်သားများသာဖြစ်မည်ဟု  ရွှေဘို ပကဖ  တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“ကာကွယ်ရေးအဖွဲ့တွေက (ချိတ်ဆက်ထားတော့) ဘယ်သူဆိုတာ အကုန်သိတယ်။ ကိုယ့်အဖွဲ့တွေက မဟုတ်ဘူး”ဟု မြို့နယ် ပကဖ တာဝန်ရှိသူက ဆိုသည်။

ရွှေဘိုမြို့နယ်၊ သပြေသာရွာတွင် စစ်တပ် တပ်စွဲပြီးနောက် မီးလောင်ထားသော ကျေးရွာအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ-ရွှေဘိုပကဖ)

နယ်မြေအတွင်း ပျောက်ဆုံးနေသူများလည်း မရှိသဖြင့် သတ်ဖြတ်ခံရသူများမှာ နယ်မြေခံများ မဟုတ် ဟု  ယူဆရသော်လည်း မည်သူမည်ဝါဖြစ်သည်ကို မသိရသေးဟု မြို့နယ် ပကဖ က ထုတ်ပြန်သည်။ 

စီးနင်းခံရသည့် သပြေသာကျေးရွာမှာ ရွှေဘို – ရေဦး လမ်းဘေးကပ်လျက်ရှိသော ကျေးရွာဖြစ်သည့် အတွက် ခရီးသည်များ ဖြစ်နိုင်သလို စစ်တပ်က အခြားအရပ်မှ ဖမ်းဆီးခေါ်ဆောင်လာသည့်  ဓားစာခံများလည်း ဖြစ်နိုင်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက သုံးသပ်ကြသည်။ 

ရွှေဘိုမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့များနှင့် မြို့အနောက်ဘက်ရှိ ပြည်သူ့စစ် (ပျူစောထီး) အခြေစိုက် ရာ ကျေးရွာများမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ကြောင်းနှစ်ခုက ဒီဇင်ဘာ ၇ ရက်တွင် သပြေသာရွာကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ 

ရွာကို စတင်စီးနင်းသောနေ့မှာပင် ထိုစစ်ကြောင်းကို မြို့နယ်ပကဖနှင့် ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အနည်းဆုံး ၁ ဦး သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟု ပကဖ ထံက သိရသည်။  အခြားရက်များတွင်လည်း တိုက်ပွဲများဖြစ်ခဲ့သေးသည်ဟု ဆိုသည်။ 

စစ်တပ်သည် သပြေသာရွာတွင် တပ်စွဲလိုက်ပြီး ရွာကို အကြိမ်ကြိမ်မီးရှို့ခဲ့ရာ အိမ်ခြေ ၁၈၀ ကျော် ရှိသည့် အနက် ၁၅၀ ခန့် ပျက်စီးခဲ့ကြောင်း တော်လှန်ရေးအင်အားစုက ပြောသည်။ 

စစ်တပ် ထွက်သွားပြီးနောက် သပြေသာကျေးရွာအတွင်း ပြန်လည်ဝင်ရောက်ရာတွင် ပါဝင်ခဲ့သည့် အထက်ပါ တပ်ဖွဲ့ဝင်က တစ်ရွာလုံးနီးပါး ပျက်စီးသည်ဟု ဆိုသည်။ 

“ရှို့တာတော့တစ်ရွာလုံးနီးပါးရှို့တာ။ တချို့ဟာတွေဆိုရင် အိမ်တွေက ကပ်နေတာတွေဆိုရင် ပူးတွဲလောင် သွားတာ။ နည်းနည်းခြားရင် မလောင်ဘဲကျန်ခဲ့တာ။ ရွေးပြီးရှို့တာတော့ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။  

“မီးရှို့တယ်ဆိုတာလည်း တစ်ခါတည်း တန်းရှို့တာ မဟုတ်ဘူး။ သူတို့ လိုချင်တဲ့ပစ္စည်းကို အခေါက်ခေါက် သယ်တယ်။ အခေါက်ခေါက်သယ်ပြီးမှ အိမ်တွေအခွံတွေကျန်တော့မှ ရှို့တာ”  

သပြေသာရွာ စီးနင်းခံရသည့်အခြေအနေနှင့်ပတ်သက်ပြီး သိရှိနိုင်ရန် စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို ဆက်သွယ် မေးမြန်းရာ နေပြည်တော်တွင် ပြု လုပ်နေသည့် အမျိုးသားအားကစားပွဲတော် ရောက်ရှိနေသည့်အတွက် ဖြေကြားရန် အဆင်မပြေကြောင်း ယနေ့ (ဒီဇင်ဘာ ၁၂) တွင် ပြောသည်။ 

စက်တင်ဘာလ ဒုတိယပတ်ကလည်း သပြေသာရွာအနီး ထနောင်းဝန်းရွာကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းစဉ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သား ၈ ဦးသေဆုံးခဲ့သည်။ ၎င်းတို့အနက်  ၆ ဦးမှာ ဒေသခံ များမဟုတ်ဘဲ စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်လာသူများဖြစ်ပြီး နှိပ်စက်ညှင်းပန်းဒဏ်ရာများ ရုပ်အလောင်းများတွင် တွေ့ရသည်။ 

တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းရာ ရွှေဘိုမြို့နယ်တွင် စစ်တပ်က မြို့အနီးဝန်းကျင်ကျေးရွာများကို သာ စစ်ကြောင်းထိုးနိုင်ခြင်းဖြစ်သည်ဟု ဆိုကြသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလကုန်ကလည်း ရွှေဘိုမြို့တောင်ဘက်  ပလိုင်းရွာသို့ ရိက္ခာပို့ရန်ထွက်လာသည့် စစ်တပ်ကို  တိုက်ခိုက်ခဲ့ရာ လမ်းတစ်ဝက်ခန့်အရောက် ချီပါကျေးရွာအနီး မှ ရွှေဘိုမြို့သို့ တပ်ပြန်ဆုတ်ခဲ့ရသည်ဟု တော်လှန်ရေးအင်အားစုက ပြောသည်။

မူးမြစ်နှင့်ဧရာဝတီမြစ်ကြားတွင် တည်ရှိသော ရွှေဘိုမြို့နယ်သည် ခင်ဦး၊ ရေဦး၊ ဒီပဲယင်း၊ အရာတော်၊ ဝက်လက်မြို့နယ်များနှင့် နယ်နိမိတ်ချင်းထိစပ်နေကာ မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင် ထိန်းချုပ်ထားသည့် စဉ့်ကူးမြို့နှင့် ထိစပ်နေသည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် အရပ်သားနေအိမ်များ မီးရှို့ဖျက်ဆီးခံနေရသည့် အခြေအနေနှင့် ပတ် သက်ပြီး အချက်အလက်ကောက်ယူနေသည့် Data for Myanmar အဖွဲ့၏  နိုဝင်ဘာလ ထုတ်ပြန်ချက်များအရ အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း စစ်တပ်နှင့် လက်အောက်ခံတပ်ဖွဲ့ များ၏ မီးရှို့မှုကြောင့် နေအိမ် တစ်သိန်းကျော် ပျက်စီးသည်၊  ဖျက်ခံရသည့်အထဲတွင် စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပြီး နေအိမ် ၇၃,၀၀၀ ကျော်ပါဝင်သည်။

Show More

Related Articles

Back to top button