ဆောင်းပါး

အမျိုးသမီးတွေကြား အငြင်းမပွားကြတဲ့ အငြင်းပွားစရာ တစ်လင်တစ်မယားဥပဒေ

ရန်ကုန် −  အဖွင့်မှာပဲ ကျွန်မ ရှင်းအောင် ပြောပါရစေ။ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေအကြောင်း သတင်းဆောင်းပါးရော၊ ဒီအာဘော်ရောဟာ အတော်ကို အငြင်းပွားစရာဖြစ်နေတဲ့ မျိုးစောင့်ဥပဒေများဘက်က ရှေ့နေလိုက်ရေးခြင်းလို့ မထင်စေချင်ပါဘူး။

ဒီဥပဒေတွေဟာ နိုင်ငံရေးရည်ရွယ်ချက်ရှိသူတွေကြောင့် လွှတ်တော်မှာ တက်သုတ်ရိုက်အတည်ပြုခဲ့တာ ဖြစ်ပြီး၊ အမျိုးသမီးတွေကို တကယ်အကာအကွယ်အပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မသက်ဆိုင်ဘူးလို့ ကျွန်မက ယူဆပါတယ်။ ကျွန်မမေးမြန်းခဲ့တဲ့ မြန်မာအမျိုးသမီးတော်တော်များများကလည်း ဒီလိုပဲ မြင်တာပါပဲ။

ဒါပေမယ့်လည်း တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းတာကဖြင့် ဘာမှမကြာသေးဘူး၊ ဒီဥပဒေနဲ့ အမှုတွေအများကြီး ဖွင့်ထားပြီး၊ အမှုဖွင့်သူ တရားလိုအများစုကလည်း အမျိုးသမီးတွေပဲဆိုတော့ ဒီဥပဒေဟာ အမျိုးသမီးတချို့အတွက်တော့ အဓိပ္ပာယ်ရှိနေလေရဲလို့ တွေးမိပါတယ်။

မျိုးစောင့်ဥပဒေ ၄ ခုမှာ ဒီဥပဒေက နောက်ဆုံးမှ အတည်ပြုတာပါ။  ဒါပေမယ့် စပေါက်ပြီး ဟိုးလေးတကျော်ဖြစ်သွားတာ၊ အားလုံးထဲမှာ ဝိဝါဒအကွဲဆုံး၊ အငြင်းအပွားရဆုံးကလည်း ဒီဥပဒေပါပဲ။

ဒီဥပဒေမှာအခန်း ၆ ခန်းနှင့် ပုဒ်မ ၂၁ ခုသာ ပါပြီး မျိုးစောင့်ဥပဒေ ၄ ခုထဲမှာတော့ အတိုဆုံးပါ။

ဥပဒေစတည်တဲ့ စက်တင်ဘာ ၁ ရက်နေကစပြီး ဒီဇင်ဘာ ၇ ရက်အထိမှာတော့ ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းမှာပဲ အမှု ၂၉ မှုထိ ဖွင့်ထားတယ်လို့ တိုင်းရဲတပ်ဖွဲ့ဆီက သိရပါတယ်။ ပုံမှန်ဆိုရင် နည်းဥပဒေတွေမရှိဘဲ ဥပဒေကို စတင်ကျင့်သုံးလို့ မရသေးပေမယ့် ဒီဥပဒေကျမှ ဘာလို့ ခြွင်းချက်လို ဖြစ်နေတာလဲဆိုတာကလည်း မေးစရာအချက်တစ်ချက်ပါ။

ဒီဥပဒေအရဆိုရင် အပြစ်ရှိကြောင်း အမိန့်ချမှတ်ခံရသူဟာ အများဆုံးထောင်ဒဏ် ၇ နှစ်အထိ ကျခံရနိုင်ပြီး အာမခံလည်း မရပါဘူး။

မျိုးစောင့်ဥပဒေတွေကို ပြဋ္ဌာန်းပေးဖို့တောင်းဆိုစဉ်က လူနည်းစု မွတ်စလင်ယောက်ျားတချို့ဟာ မယားတစ်ဦးမက ယူတဲ့ဓလေ့ရှိတဲ့အတွက် ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေကိုယူပြီး အစ္စလာမ်ဘာသာဝင်များလာစေဖို့ ကြံစည်လုပ်ဆောင် နေတယ်ဆိုတဲ့ ယူဆချက်နဲ့ ဒီလိုဖြစ်နေတာကို ကာကွယ်ဖို့ အဓိကရည်ရွယ်ပြီးပြဋ္ဌာန်းဖို့ တိုက်တွန်းတောင်းဆိုခဲ့ကြတယ်ဆိုတာလည်း အားလုံးမှတ်မိမယ် ထင်ပါတယ်။

ဒါပေမယ့် အခုအချိန်အထိ ဖြစ်ပေါ်နေတဲ့အမှုတွေမှာတော့ တရားခံအများစုဟာ ဗုဒ္ဓဘာသာဝင်အမျိုးသားတွေသာ ဖြစ်နေပါတယ်။

မျိုးစောင့်ဥပဒေလေးခုထဲမှာ အပါအဝင်ဖြစ်တဲ့ ‘ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ အထူးထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ ဥပဒေ’နဲ့ ‘ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ ’တို့အပေါ်မှာ အမျိုးသားတွေကြားမှာရော၊ အမျိုးသမီးတွေကြားမှာပါ ကန့်ကွက်သံတွေ ညံခဲ့ပါတယ်။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေကတော့ ဒီလိုမဟုတ်ပါဘူး။ အမျိုးသမီးရေးရာအဖွဲ့အစည်းတွေ၊ ဥပဒေပညာရှင်တွေ၊ သာမန်အိမ်ထောင်ရှင်မတွေနဲ့ ဆွေးနွေးမေးမြန်းခဲ့တဲ့အခါမှာတော့ သူတို့ အတော်များများက ဒီဥပဒေမှာပါတဲ့ ပြစ်ဒဏ်ကြီးမားတာ၊ အာမခံမရတာတွေကို ဝေဖန်ပေမယ့်၊ တစ်လင်တစ်မယားစနစ်ကို ဥပဒေနဲ့ ကာကွယ်ပေးထားတာကိုတော့ ထောက်ခံကြတာကို တွေ့ရပါတယ်။

ဘာကြောင့် ဒီဥပဒေကို အမျိုးသမီးတွေကြားမှာ ထောက်ခံနှုန်းမြင့်မားရသလဲဆိုတာကို သိချင်တယ်ဆိုလို့ရှိရင် လင်ယောက်ျားကရော၊ လူမှုအသိုင်းအဝိုင်းကပါ သူတို့ကို လျစ်လျူရှုထားကြတယ်လို့ ခံစားနေရတဲ့ အမျိုးသမီးတွေနဲ့ ဆွေးနွေးကြည့်ရင် နားလည်နိုင်ပါတယ်။

ပစ်ပယ်ခံရခြင်း

“တစ်ခုလပ်” ဆိုတဲ့အသုံးအနှုန်းဟာ အကောင်းထက် အဆိုးအဓိပ္ပာယ်ဘက်ကို ပိုရောက်ပါတယ်။ အပြစ်အနာအဆာရှိနေတယ်လို့ အဓိပ္ပာယ်ယူလို့ရပြီး အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ရေးပြိုကွဲခဲ့တဲ့ အမျိုးသမီးဟာ စက်ဆုပ်စရာဖြစ်တယ်၊ မိသားစုကိုအရှက်ရစေတယ်ဆိုတဲ့ ရှေးရိုးအတွေးကို အားပေးနေသလိုပါပဲ။

အာဏာနဲ့ ပိုက်ဆံရှိရင်တော့ တော်သေးတာပေါ့။ ဒါတွေမရှိရင်တော့ အတင်းအဖျင်းတွေပြောကြတဲ့ ပါးစပ်ပေါင်းများစွာရဲ့ ရန်ကနေ အကာအကွယ်ရဖို့ဆိုတာ မလွယ်ပါဘူး။ တကယ်ဆို အဆင်းရဲဆုံးနဲ့ ဘေးအဖယ်ခံရဆုံး အမျိုးသမီးတွေဟာ အကာအကွယ်အလိုအပ်ဆုံးဖြစ်နေတာပါ။

ကျွန်မမေးမြန်းခဲ့တဲ့ အမျိုးသမီးများတွေထဲက တစ်ယောက်ဟာဆိုရင် “တစ်ခုလပ်” ဆိုတဲ့ အသုံးအနှုန်း သူ့ပါးစပ်က ထွက်လာချိန်မှာ မျက်ရည်တွေကျလာပါတယ်။

 “ပတ်ဝန်းကျင်ကပြောကြတယ်၊ နင်မကောင်းလို့တဲ့။ ဒီထက်ကောင်းအောင် ကျွန်မက ဘယ်လိုနေပေးရမလဲ” လို့ သူကမေးတယ်။

ဈေးပေါတဲ့ ဖုန်းဆင်းကတ်တွေ ပေါ်လာပြီး မိုဘိုင်းဖုန်းတွေ လူတိုင်းကိုင်နိုင်လာတာကြောင့် သူ့ကံကြမ္မာ ဒီလိုဖြစ်ရတယ်လို့ သူက အပြစ်တင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အမျိုးသားက မိန်းမအသစ်ကို မိုဘိုင်းဖုန်းကတစ်ဆင့် အင်တာနက်ကနေ ဆက်သွယ်နိုင်တဲ့ ဗိုက်ဘာဆော့ဖ်ဝဲကို သုံးရင်းစတွေ့၊ ခင်မင်ပြီး ချိန်းတွေ့ရာကနေ ဒီအခြေအနေကို ရောက်လာတာမို့လို့ပါပဲ။

ကျွန်မကတော့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတတ်တဲ့၊ ကြောင်သူတော်ဆန်တဲ့ မြန်မာ့အသိုင်းအဝိုင်းကိုသာ အပြစ်ပြောချင်ပါတော့တယ်။
 
ခေါင်းရှုပ်စရာ၊ ကွဲလွဲနေတဲ့ စကားတွေ

ဘာကြောင့်လဲဆိုတော့ ကျွန်မတို့နေထိုင်နေတဲ့ အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်၊ နိုင်ငံမှာ ကွဲလွဲပြီး၊ အမျိုးမျိုးအဖုံဖုံဖြစ်တဲ့ စကားတွေ ပလူပျံနေတဲ့နေရာမို့လို့ပါပဲ။

ဒီဥပဒေတွေကို အားပေးသူများက အစ္စလာမ်ဘာသာဟာ ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ မြန်မာနိုင်ငံကို ခြိမ်းခြောက်တဲ့အတွက် ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေကို ကာကွယ်ဖို့အတွက် လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မယား အများအပြားယူတာ၊ အိမ်ထောင်ရေးဖောက်ပြန်တာတွေဟာ မနေ့တစ်နေ့ကမှ ပေါ်လာတဲ့ကိစ္စတော့ မဟုတ်ပါဘူး။

မန္တလေးနန်းတော်ကို သွားရောက်ဖူးသူတိုင်း မိဖုရားဆောင်၊ မောင်းမဆောင်တွေ ဘယ်လောက်များသလဲဆိုတာကို တွေ့မြင်နိုင်ပါတယ်။ များလွန်းလို့တောင် မြန်မာဘုရင်တစ်ပါးရဲ့ အကြီးဆုံးခံစားခွင့်ဆိုတာဟာ မိန်းမလိုချင်သလောက်ယူ၍ရတာပဲလို့တောင် ထင်ယောင်ထင်မှားဖြစ်စရာ။

အဲဒီလို မိဖုရားများသောဘုရင်တွေဟာ တစ်ချိန်တည်းမှာ ဗုဒ္ဓဘာသာကို အလွန်ရိုသေကိုင်းရှိင်းတဲ့ သာသနာ့ဒါယကာ ဘုရင်မင်းမြတ်တွေလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ ဘုရင်အများစုကတော့ မိဖုရားကြီးငယ်တွေ ယူတဲ့နေရာမှာ နန်းတွင်းထုံးတမ်းစဉ်အတိုင်း ယူခဲ့ကြပေမယ့် ကာမပိုင်ယောက်ျားရှိပြီးသား မိန်းမကို အတင်းယူခဲ့တဲ့ဘုရင်တွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ရှေးဘုရင်တွေအကြောင်းကို ရေးတဲ့အခါမှာလည်း မိန်းမအများကြီးယူတာဟာ သူတို့ရဲ့ ကုသိုလ်ကံ၊ ဘုန်းရှိလို့ ယူနိုင်တာဆိုပြီး အပြစ်မမြင်ကြတဲ့အပြင် သာမန်ပြည်သူတွေအတွက် အားကျစရာဖြစ်အောင် ဂုဏ်တင်ချီးမြှောက် ပြောဆိုကြပါသေးတယ်။ သူတို့ဟာသူတို့ ဘုန်းရှိလို့ပဲယူယူ၊ ယူနိုင်တဲ့အစွမ်းရှိလို့ပဲယူယူ၊ ဒီလို မိဖုရားတွေများတဲ့ အတွက် ဆိုးကျိုးတစ်ခုကတော့ ရာဇပလ္လင်ပေါ်တက်ရဖို့အတွက် ညီအစ်ကိုချင်းတောင် ပြန်သတ်ကြတဲ့ အရုပ်ဆိုးအကျည်းတန်တဲ့ သမိုင်းတွေရှိခဲ့တယ်ဆိုတာ ဟိုမဝေးလှတဲ့အတိတ်ကို ပြန်ကြည့်ရင်တောင် မြင်နိုင်ပါတယ်။

ယနေ့အချိန်အထိလည်း ‘ယောက်ျားကောင်း မောင်းမတစ်ထောင်’ လိုမျိုး၊ ‘မောင်တစ်ကျိပ်ပင်ရှိသော်ငြား လင်မရှိက မတင့်တယ်’ လိုမျိုး၊ ‘သားကိုသခင်၊ လင်ကိုဘုရား’ လိုမျိုး ယောက်ျားတွေကို ချီးမွမ်းခန်းဖွင့်ထားတဲ့ စကားပုံတွေ၊ ဆိုရိုးစကားတွေ အပုံအပင်ပါ။  အမျိုးသမီးများအတွက် အဲဒီလိုထပ်တူပြောထားတဲ့ စကားပုံတွေကိုတော့ ကျွန်မ အခုထက်ထိ ရှာမရသေးပါဘူး။

လင်မယားကြား၊ မိဘနဲ့သားသမီးကြား၊ မောင်နှမကြား၊ ကြားသုံးကြား မဝင်သင့်ဘူးဆိုတဲ့ ယုံကြည်မှုကလည်း အခုထက်ထိ ရှိသေးတယ်။ ဒီတော့ ပြဿနာတစ်ခုခုဖြစ်လာရင် မိဘအသိုင်းအဝိုင်းကရော ရပ်ရွာကပါ လင်မယားပြဿနာကြား ဝင်မပါချင်ကြတဲ့အတွက် အမျိုးသမီးတွေမှာ မိအေးနှစ်ခါနာရပြန်ပါတယ်။

ဒီလိုမျိုးဓလေ့ထုံးစံတွေနဲ့ အသားကျလာခဲ့တဲ့ လူ့အသိုင်းအဝိုင်းတစ်ခုမှာ ဘာရည်ရွယ်ချက်နဲ့ပဲ ပြဋ္ဌာန်းခဲ့ပြဋ္ဌာန်းခဲ့၊ ဒီတစ်လင်တစ်မယားဥပဒေဟာ တစ်ချိန်လုံး ဆူးပေါ်ဖက်ကျကျ၊ ဖက်ပေါ်ဆူးကျကျ အခံဘက်ကပဲနေခဲ့ရတဲ့ မြန်မာအမျိုးသမီးတွေကြားမှာ ထောက်ခံမှုမြင့်တက်ခဲ့တာကတော့ အံ့ဩစရာတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ဘဝတစ်လျှောက်လုံး ကိုယ့်လင်သား နောက်မိန်းမယူခဲ့ရင် ဘာမှမတတ်နိုင်ဘဲ ဒူးနဲ့မျက်ရည်သုတ်ပြီး ကံကြမ္မာကိုသာ ယိုးမယ်ဖွဲ့လို့နေခဲ့ရတဲ့ မြန်မာအမျိုးသမီးတွေအတွက် ဒီဥပဒေပေါ်လာခြင်းဟာ ကောက်ရိုးတစ်မျှင်လို ဖြစ်နေတယ်ဆိုရင်လည်း မှားမှာမဟုတ်ပါဘူး။  

ဒီဥပဒေဟာ မူလရည်ရွယ်ချက်က အမျိုးသမီးတွေအတွက် အကာအကွယ်ပေးချင်လို့ပေါ်လာတာ ဟုတ်ချင်မှဟုတ်မှာပါ။ တကယ့်လက်တွေ့မှာတော့ အမျိုးသမီးတွေရဲ့စိတ်ထဲ သူတို့အတွက် ခိုကိုးရာဥပဒေတစ်ခုတော့ ပေါ်လာခဲ့ပြီဆိုပြီး လက်ခံကြိုဆိုကြတယ်ဆိုတာကတော့ မငြင်းနိုင်တဲ့အချက်တစ်ချက်ပဲဖြစ်တယ်လို့ ဆိုချင်ပါတော့တယ်။

Show More

Related Articles

Back to top button