
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးမြင့်လှိုင်သည် ပြည်သူများက လက်ရှိအစိုးရအပေါ် အထင်အမြင်လွဲမှားစေရန် ပြောကြားခဲ့သည်ဟုဆိုကာ ၎င်း၏ပါတီကို လိုအပ်သလိုညွှန်ကြားရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်အမတ်တစ်ဦးက အာဏာပိုင်အဖွဲ့များထံ မကြာသေးမီက တိုင်ကြားလိုက်သည်။
တိုင်ကြားသူမှာ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသန့်ဇင်ထွန်းဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့ထံ လိပ်မူကာ ဖေဖော်ဝါရီ ၁၇ ရက် နေ့စွဲဖြင့် ၎င်းက တိုင်စာနှစ်စောင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ယခင်ဦးသိန်းစိန်အစိုးရလက်ထက် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးလည်းဖြစ်သော ပြည်ခိုင်ဖြိုးဗဟိုကော်မတီဝင် ဦးမြင့်လှိုင်သည် ဖေဖော်ဝါရီလ ၈ ရက်က ဒက္ခိဏသီရိမြို့နယ်ပါတီရုံး၌ သီရိမင်္ဂလာကျေးရွာမှ ဒေသခံပြည်သူ ၅၀ ခန့်နှင့် တွေ့ဆုံရာတွင် လက်ရှိအစိုးရသည် ယခင်ပြည်ခိုင်ဖြိုးအစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့သည့် မျိုးစောင့်ဥပဒေများကို ဖျက်သိမ်းလိုက်ပြီဟု ပြည်သူများအထင်အမြင်လွဲမှားအောင် ကျင့်ဝတ်နှင့်ညီညွတ်မှုမရှိဘဲ စည်းရုံးဟောပြောမှုများ ပြုလုပ်ခဲ့သည်ဟု တိုင်ကြားစာတွင် ဖော်ပြထားသည်။
ဦးမြင့်လှိုင်၏ ဟောပြောချက် အသံဖိုင်မှတ်တမ်းနှင့်အတူ ဦးသန့်ဇင်ထွန်းက အာဏာပိုင်များထံ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
Myanmar Now က သီးခြားရရှိထားသော ဦးမြင့်လှိုင်၏ ဟောပြောချက် အသံဖိုင်မှတ်တမ်း၏ တစ်နေရာတွင် ၎င်းက “… တိုင်းပြည်တိုးတက်အောင်လုပ်မယ့် အစိုးရ ဒီမျိုးစောင့်ဥပဒေတို့ဘာတို့ အရင်ဆုံး ဖျက်တယ်၊ ဘာကြောင့်ဖျက်ရတာလဲ၊ ဖျက်လား၊ ဘာလို့ဖျက်ရတာလဲ။ မျိုးစောင့်ဥပဒေကို ဖျက်စရာလိုသလား (‘မလိုပါဘူး’ ဟု အခြားသူများက ဖြေသည်) ကျွန်တော်တို့မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံသားတွေအများစု ၉၀ ရာခိုင်နှုန်းက ဗုဒ္ဓဘာသာ ကိုးကွယ်တာလေဗျာ၊ ဗုဒ္ဓဘာသာကိုးကွယ်တာကို တန်ဖိုးထားရမှာပေါ့။ ကိုယ့်အမျိုးဘာသာသာသနာကို စောင့်ရှောက်မယ့်ဥပဒေ ဘာကြောင့်မို့ဖျက်ပစ်ရတာလဲ၊ တိုင်းပြည်တိုးတက်ဖို့ဖျက်တာလား၊ တိုင်းပြည်ပျက်ဖို့ဖျက်တာလား…” ဟု ပြောကြားထားသည်ကို တွေ့ရှိရသည်။
တိုင်ကြားခံရမှုနှင့်စပ်လျဉ်း၍ ကာယကံရှင် ဦးမြင့်လှိုင်ထံ ဆက်သွယ်မေးမြန်းရန် Myanmar Now က ကြိုးပမ်းခဲ့သော်လည်း ဖေဖော်ဝါရီလ ၁၉ ရက် ညနေအထိ မရသေးပါ။ ပြည်ခိုင်ဖြိုးပြောခွင့်ရ ဦးသိန်းထွန်းဦးကတော့ “မဲဆွယ်စည်းရုံးတာကတော့ ကော်မရှင်က ရွေးကောက်ပွဲရက်ကြေညာမှလုပ်ပါတယ်။ အခုကိစ္စကတော့ မသိသေးပါဘူး”ဟု ပြောသည်။
ဦးမြင့်လှိုင်ပြောကြားခဲ့သည်ဆိုသော တစ်နာရီနီးပါးကြာ အသံဖိုင်တွင် တိုင်တန်းချက်ပါ အကြောင်းအရာများအပြင်၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးက အနိုင်ရအောင် ကြိုးစားရမည်၊ လက်ရှိအစိုးရသည် နိုင်ငံခြားသားအကြံပေးများ၏ ပြောဆိုချက်များအတိုင်း လိုက်လုပ်နေပြီး ပြည်သူလူထုနစ်နာနေသည် စသဖြင့်လည်း ပြောဆိုခဲ့သည်။
ဦးမြင့်လှိုင်၏ ဟောပြောချက်များသည် မမှန်ကန်သော အချက်များကို အသုံးပြုကာ NLD ပါတီ၊ အစိုးရ နှင့် လွှတ်တော်တို့အား ပြည်သူက အထင်အမြင်လွဲအောင် လုပ်ခဲ့သည်ဟု NLD အမတ် ဦးသန့်ဇင်ထွန်းက ဆိုသည်။
“ပါတီစည်းရုံးရေးလုပ်လို့ရတယ်၊ လိုက်နာရမယ့် ကျင့်ဝတ်နဲ့အညီ လုပ်ဖို့လိုတာပေါ့” ဟု ၎င်းက Myanmar Now ကို ပြောသည်။
ရွေးကောက်ပွဲကော်မရှင်ထံ သူ၏ ပေးပို့သည့်စာတွင် “နိုင်ငံတော်၏အကျိုးငှာ သက်ဆိုင်ရာပါတီအား လိုက်နာရမည့်အချက်များ သတ်မှတ်ညွှန်ကြားပေးရန် တင်ပြတိုင်ကြားခြင်း” ဟု ခေါင်းစဉ်တပ်ထားပြီး အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနထံ ပေးပို့သည့်စာတွင် ဒက္ခိဏသီရိမြို့နယ်ပါ ကျေးရွာတစ်ရွာကို ပြည်ထဲရေးအမည်ပေါက် ကျေးရွာအဖြစ် သတ်မှတ်ပေးရန် (သို့မဟုတ်) “အထွေထွေရွေးကောက်ပွဲများတွင် နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးပမ်းဆောင်ရွက်သူများနှင့် ကူညီသူများအား အရေးယူပေးပါရန်” ဟု ခေါင်းစဉ်တပ်ထားသည်။
‘မျိုးစောင့်ဥပဒေ’ ဟု နာမည်ကျော်သော ဥပဒေများမှာ သမ္မတဦးသိန်းစိန်အစိုးရ ငါးနှစ်သက်တမ်းကုန်ခါနီး ၂၀၁၅ ခုနှစ်အတွင်း အတည်ပြုထုတ်ပြန်ခဲ့သည့် ဥပဒေ လေးခုဖြစ်ပြီး လက်ရှိအချိန်အထိ တည်ဆဲဥပဒေများအဖြစ်သာ ရှိနေသေးသည်။
အဆိုပါဥပဒေများသည် ‘တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ’၊ ‘မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ’၊ ‘ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ’ နှင့် ‘လူဦးရေတိုးပွားမှု ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ’ တို့ဖြစ်သည်။
တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးလည်းဖြစ်ခဲ့သည့် ဦးမြင့်လှိုင်သည် ပြည်ခိုင်ဖြိုးကို ကိုယ်စားပြု၍ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရသည်။
၂၀၁၅ ရွေးကောက်ပွဲတွင်မူ ဦးမြင့်လှိုင်သည် ယခုတိုင်ကြားထားသူ NLD မှ ဦးသန့်ဇင်ထွန်းအား အဆိုပါမဲဆန္ဒနယ်၌ပင် ရှုံးနိမ့်ခဲ့သည်။ ထိုစဉ်က ဦးသန့်ဇင်ထွန်းသည် ၉,၄၂၁ မဲ ရခဲ့ပြီး ဦးမြင့်လှိုင်က ၇,၂၉၆ မဲ ရခဲ့သည်။
ယခုတိုင်ကြားစာများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါ။ တိုင်စာပါ “အရေးယူပေးရန်” ဆိုသော အချက်နှင့် ပတ်သက်၍ မည်သို့အရေးယူ၍ရနိုင်သည်ကိုလည်း မသိရသေးပါ။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကမူ တိုင်စာမဖတ်ရသေး၍ မှတ်ချက်မပြုနိုင်ဟု Myanmar Now ကို ရှင်းပြသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးကမူ “သက်ဆိုင်ရာ ဥပဒေတွေမှာ သတ်မှတ်ပြဋ္ဌာန်းထားတာတွေ ရှိပြီးသားပါ” ဟုသာ ပြောပြီး ယခုကိစ္စကို မသိရသေးဖြင့် မှတ်ချက်မပေးနိုင်သေးဟု ပြောသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၄ (က) အရမူ ထိုဥပဒေ သို့မဟုတ် တည်ဆဲဥပဒေတစ်ခုကို ချိုးဖောက်သည့်ပါတီကို ကော်မရှင်က “လိုအပ်သည်များလိုက်နာဆောင်ရွက်ရန် အချိန်ကာလသတ်မှတ်ညွှန်ကြားနိုင်သည်” ဟု တွေ့ရသည်။
ဦးမြင့်လှိုင်၏ ဟောပြောပွဲကို တက်ရောက်ခဲ့ကြသူများ၏ သီရိမင်္ဂလာကျေးရွာသည် ပလွေး သစ်တောကြိုးဝိုင်းအတွင်း ကျရောက်နေသည်ဟုဆိုကာ အစိုးရက ကျူးကျော်အဖြစ် သတ်မှတ်ထားသော်လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် လူ ၄၀၀ ကျော် မဲပေးခွင့် ရဖူးကြောင်း၊ လက်ရှိတွင် လူဦးရေ ၁၆၀၀ ကျော် နေထိုင်ကြောင်း ရပ်မိရပ်ဖ ဦးတင်မြင့်က Myanmar Now ကို ပြောသည်။
၎င်းတို့ထဲမှ သုံးဦးကို Myanmar Now က တွေ့ဆုံမေးမြန်းခွင့် ရခဲ့သည်။ တရားဝင်နေထိုင်ခွင့်ရရေး စိုးရိမ်နေကြရသော ရွာသူရွာသားများသည် အငြင်းပွားဖွယ်ရာ နိုင်ငံရေးဟောပြောချက်များကြောင့် ဒေသခံအချင်းချင်းအကြား စိတ်ဝမ်းကွဲကြမည်ကို စိတ်ပူကြောင်း ထိုသူများထဲမှ တစ်ဦးကဆိုသည်။
“ရွာသူရွာသားတွေဆိုတာက စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့အတွက် နိုင်ငံရေးထဲမှာ ဗဟုသုတအတွေ့အကြုံ မရှိတဲ့အခါကျတော့ သူတို့ထောက်ပြတဲ့ဟာတွေကို တကယ်ဟုတ်နိုးနိုး ဆိုတာတွေ သံသယဝင်မှာပါ” ဟု တွေ့ဆုံပွဲတွင် ပါဝင်သည့် ရွာသားတစ်ဦးက ပြောသည်။
အဆိုပါရွာသားက ကျူးကျော်အဖြစ် နေထိုင်နေရသည့် ၎င်းတို့၏ အခြေအနေကြောင့် အမည်မဖော်လိုဟု ဆိုသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနသို့ ပေးပို့သည့်စာတွင်မူ ဦးမြင့်လှိုင်ကို အရေးယူပေးရန်အပြင် ၎င်း၏ အထက်ပါလုပ်ရပ်ကို ထောက်ချင့်၍ နိုင်ငံရေးအမြတ်ထုတ်မှု ထပ်မံမခံရစေရေး သီရိမင်္ဂလာအား ပြည်ထဲရေးအမည်ပေါက် ကျေးရွာအဖြစ် သတ်မှတ်ပေးရန်ကိုပါ ဦးသန့်ဇင်ထွန်းက ထည့်သွင်းတောင်းဆိုထားသည်။
“ကျူးကျော်ဖြစ်နေတဲ့ရွာကို နိုင်ငံရေးအမြတ်ထုတ်ဖို့ကြိုးစားတာတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဘယ်လိုလုပ်ပေးနိုင်မလဲ၊ ဘာသာရေးလူမျိုးရေးကို အကြောင်းပြုပြီး အထင်အမြင်လွဲအောင် လုပ်နေတာတွေကိုလည်း တားဆီးပေးဖို့ပါ” ဟု NLD အမတ်က ဆိုသည်။
ဦးမြင့်လှိုင်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ၊ မဲဆွယ်စည်းရုံးရေးကာလအတွင်းကလည်း တိုင်ကြားခံရဖူးပြီး မလျော်သြဇာသုံးမဲဆွယ်ခြင်းနှင့် လာဘ်လာဘပေးကာ မဲဆွယ်မှုတို့ဖြင့် ၂၀၁၅ ရွေးကောက်ပွဲအပြီး ရက်ပိုင်းအကြာတွင် NLD အမတ် ဦးသန့်ဇင်ထွန်းက ဒက္ခိဏသီရိမြို့နယ် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ကြောင်း မဇ္ဈိမသတင်းဌာနက ရေးသားခဲ့သည်။
အဆိုပါအမှုကို တရားစွဲဆိုရန်မသင့်ဟု ဥပဒေအရာရှိက မှတ်ချက်ပြုခဲ့ကြောင်း ဦးသန့်ဇင်ထွန်းက ပြောသည်။
ဗိုလ်ချုပ်ကြီးဟောင်းများ ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီသည် မဲမသမာမှုများဖြစ်ပွားခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲအများစုအနိုင်ရခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကို အကြီးအကျယ် အရှုံးပေးခဲ့ရသည်။
၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အပုပ်ချသည့် စာရွက်စာတမ်းများ ပြည်ခိုင်ဖြိုးပါတီက ဖြန့်ချိသည်ဟုဆိုကာ NLD ပါတီက ရွေးကောက်ပွဲကော်မရှင်ကို တိုင်တန်းမှုများလည်း ရှိခဲ့သည်။
ဦးမြင့်လှိုင်၏ ဟောပြောချက် အသံဖိုင်မှတ်တမ်း….