သတင်း

တရားရေးဝန်ကြီးဌာန တည်ထောင်ရေး ရန်ကုန်တွင် ဆွေးနွေး

တရားစီရင်ရေးစနစ် ပိုမိုကောင်းမွန်ရန် တရားရေးဝန်ကြီးဌာနတစ်ခု ပြန်လည်ဖွဲ့စည်းရေး၊ လစ်လပ်နေသော အဆင့်ဆင့် တရားသူကြီးများနေရာတွင် အတွေ့အကြုံရှိသော ရှေ့နေတို့ကို ခန့်ထားရေး၊ တရားစီရင်ရေးဆိုင်ရာ ကော်မရှင် တစ်ရပ်ဖွဲ့စည်းရေးတို့အတွက် ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပြုအဖွဲ့က ယနေ့ နေ့လယ်ပိုင်းတွင် ဥပဒေရေးရာကျွမ်းကျင်သူများနှင့် ဆွေးနွေးခဲ့ကြသည်။

အထက်ပါ အချက် ၃ ချက်သည် တရားသူကြီးများ အမှု မြန်ဆန်စွာ စစ်ဆေးနိုင်ရေး၊ လစ်လပ်နေသော တရားသူကြီးများနေရာတွင် အရည်အချင်းပြည့်မီသော သူများကို အလျင်အမြန်ခန့်အပ်နိုင်ရေးအတွက် အထောက်အကူဖြစ်နိုင်သည်ဟု  တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ရန်ကုန်မြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပြောသည်။

“တရားရေးဝန်ကြီး ထားတဲ့အခါကျတော့ တရားသူကြီးတွေက နောက်ဆံတင်းစရာမလိုဘူး။ တရားရုံးမှာ တက်ပြီး အမှုစစ်ရုံပဲ။ (ဝန်ကြီး) မရှိရင် တရားသူကြီးက အကုန်လုံး လိုက်ပါနေရတဲ့အခါကျတော့ အမှုက ကြန့်ကြာတာပေါ့။ ဟိုက အစည်းအဝေးခေါ် သွားလိုက်၊ ဒီက အစည်းအဝေးခေါ် သွားလိုက်၊ ဟိုစီမံချက်လည်း ပါလိုက်ဆိုတော့” ဟု ပြည်ထောင်စုဥပဒေအထောက်အကူပြုအဖွဲ့တွင် တာဝန်ယူထားသည့် ဦးကျော်ဟိုးက ပြောသည်။

အထက်ပါ အချက် ၃ ချက်ကို ဆောင်ရွက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် လိုအပ်ခြင်း ရှိမရှိ အပါအဝင် အသေးစိတ်တိုင်ပင်ရန် အလုပ်ရုံဆွေးနွေးပွဲများ ဆက်လက်ကျင်းပမည်ဟု ၎င်းက ဆက်ပြောသည်။

“(တရားရေးဝန်ကြီးဌာန ရှိလာရင်) တရားသူကြီးတွေကို ပံ့ပိုးရမယ့်ဟာက ဝန်ကြီးဌာနက စီမံပေးလို့ ရတာပေါ့။ အပြောင်းအရွှေ့တို့ ရာထူးတိုးတာတို့။ စာမေးပွဲဖြေတာတို့ ဒါတွေက တရားသူကြီးတွေ လုပ်စရာမလိုတော့ဘူး။ ဝန်ကြီးဌာနကပဲ လုပ်သွားပေးလို့ ရတာပေါ့” ဟု ၎င်းက ဆိုသည်။

ပိုမိုကောင်းမွန်သော တရားစီရင်ရေးဆွေးနွေးပွဲသို့ အာဏာရပါတီဝင်များ၊ ရှေ့နေများ စုစုပေါင်း ၆၀ ခန့် တက်ရောက်ကြသည်။

ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက တရားရေးဝန်ကြီးဌာန ပြန်လည် ထားရှိခြင်းသည် ၂၀၀၈ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင် ကွဲလွဲမှု မရှိကြောင်း ဝင်ရောက် ဆွေးနွေးခဲ့သည်ကို တွေ့ရသည်။

ဆွေးနွေးပွဲသို့ တက်ရောက် လေ့လာခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ပြည်တွင်းတာဝန်ခံ ကိုအောင်မျိုးကျော်က တရားရေးဝန်ကြီးဌာန ပြန်လည်ဖွဲ့စည်းပြီး အကျဉ်းဦးစီးဌာနကို ယင်းလက်အောက်တွင် ထားရှိပါက တရားစီရင်ရေးကဏ္ဍနှင့် အကျဉ်းသားများအတွက် ပိုမိုကောင်းမွန်သည့် စီမံခန့်ခွဲမှု ရရှိမည်ဟု ဆိုသည်။

“အကျဉ်းသားတွေကို ဖမ်းတာက ပြည်ထဲရေး (ဝန်ကြီးဌာန) ဖြစ်တယ်။ တရားစွဲတာက ပြည်ထဲရေး ဖြစ်တယ်။ သူတို့ကို အမိန့်ချပြီး အကျဉ်းသား ထောင်ထဲရောက်သွားတဲ့အခါမှာ စီမံအုပ်ချုပ်တာသည် ပြည်ထဲရေး ဖြစ်တယ်။ အခုက ပြည်ထဲရေး လက်အောက်မှာ ရှိတဲ့ အကျဉ်းထောင်က ညှဉ်းပန်းနှိပ်စက်မှုကိစ္စ၊ လာဘ်ပေးလာဘ်ယူကိစ္စကို တိုင်ကြားရမှာလည်း ပြည်ထဲရေးပဲဆိုတော့ ဘယ်လိုနည်းနဲ့မှ မျှတမှု မရှိနိုင်ဘူးပေါ့” ဟု ၎င်းက ပြောသည်။

AAPP အနေဖြင့်လည်း တရားရေးဝန်ကြီးဌာန  ပြန်လည် ထားရှိရန် နိုင်ငံတော်သမ္မတရုံး၊ လူ့အခွင့်အရေးကော်မရှင်တို့ကို တိုက်တွန်း ဆောင်ရွက်နေကြောင်း ဆိုသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားစီရင်ရေးကဏ္ဍ တိုးတက်ကောင်းမွန်ရေး အတွက် တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈ – ၂၀၂၂) ချမှတ် ဆောင်ရွက်နေသည်။ ထိုစီမံကိန်းတွင် တရားမမှုများကို အချိန်တိုအတွင်း မြန်မြန်နှင့် မှန်မှန် စစ်ဆေးနိုင်ရေး၊ တရားရေးဝန်ထမ်းများ အတွက် လုံခြုံစိတ်ချမှုရှိရန် ဆောင်ရွက်ရေး ဟူသော အစီအစဉ်များလည်း ပါဝင်သည်။

တရားစီရင်ရေးကဏ္ဍနှင့် ပတ်သက်၍ ယခုနှစ်ပိုင်းတွင် ရှေ့နေက တရားသူကြီးကို ဖိနပ်ဖြင့် ပစ်ပေါက်သည့်ဖြစ်စဉ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကျယ်ကျယ်လောင်လောင်ပြောဆိုတတ်သည့် ရှေ့နေ ရန်ကုန်လေဆိပ်တွင် လုပ်ကြံခံရခြင်း၊ တရားရုံးပရိဝုဏ်အတွင်း ‘ထမင်းဝအောင် စားထား’ ဆိုသည့် စာတန်းပါ အင်္ကျီများ ဝတ်၍ ဥပဒေဝန်ထမ်းများအပေါ် ခြိမ်းခြောက်ခြင်း၊ ပြည်သူအချင်းချင်း ဖြစ်ပွားသည့် လူသတ်မှုကို တရားရုံးက လာဘ်ငွေယူကာ ကျေအေးသည်ဆိုသော ဖြစ်ရပ်များကြောင့် ဥပဒေကျွမ်းကျင်သူတို့က တရားစီရင်ရေး ယိုင်နဲ့နေကြောင်း  ထောက်ပြ ပြောဆိုခဲ့ကြသည်။  

ဆွေးနွေးပွဲကို တရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်ထိုက်လည်း တက်ရောက်သည်။

၎င်းသည် အာဏာရပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုတွင်  သေနတ်သမား  ကြည်လင်း၏ ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

တရားရေးဝန်ကြီးဌာနကို အခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၏ ကွပ်ကဲမှုအောက်တွင်သာ ထားရှိသင့်သည်ဟု ၎င်းက ဆိုသည်။

 “တရားရေးဝန်ကြီးဌာနက ထားသင့်ပါတယ်။ ဒါပေမဲ့ သမ္မတရဲ့ အောက်မှာ မထားသင့်ပါဘူး။ အခြေခံဥပဒေမှာ ပါတဲ့ အခြေခံမူနဲ့ ဆန့်ကျင်သွားသလို ဖြစ်သွားမှာ စိုးတဲ့အတွက်ကြောင့် မထားသင့်ဘူး။ ဝန်ကြီးဌာန တစ်ခု ဖွင့်ရင် ဘယ်လို ရုံးပဲ ဖွင့်ဖွင့် ဒီလူတွေ အတွက် သုံးမယ့် ငွေကြေးမရှိရင် ဘာမှ လုပ်လို့ မရပါဘူး။ ဖြေရှင်းလို့ ရမယ့် နည်းလမ်းတော့ ရှိတယ်။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် သုံးပြီး နိုင်ငံ့တာဝန် ထမ်းဆောင်။ ဒါလည်း ကျွန်တော်တို့ ထည့်သွင်းစဉ်းစားရမယ့် နည်းလမ်းလေ” ဟု ၎င်းက ဆိုသည်။

Show More

Related Articles

Back to top button