
ရန်ကုန်မြို့ရဲ့ ပူပြင်းလှတဲ့ လမ်းမတွေပေါ်မှာ ကျည်ဆန်အခွံတွေကို ဗိုလ်ကြီးထွန်းမြတ်အောင် ကုန်းကုန်းကွကွ လိုက်ကောက်နေတယ်။ သူ့ရင်ထဲမှာလည်း ပျို့အန်ချင်သလိုလို ဖြစ်လို့ပေါ့။ ဒီကျည်ခွံတွေကို ကြည့်လိုက်တာနဲ့ ဒါတွေဟာ သေနတ်အစစ်ကနေ လူအစစ်တွေကို ပစ်လိုက်တဲ့ ကျည်အစစ်တွေပဲဆိုတာ သူသိလိုက်တယ်။
မတ်လအစောပိုင်း အဲဒီညမှာ သူ့ဖေ့စ်ဘွတ်ကို ဖွင့်လိုက်တဲ့အခါ တပ်မတော်က လူပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်ဆိုတာ သူသိလိုက်ရတယ်။ သတ်လိုက်တဲ့ လူတွေက တကယ့်ကို သူ့လိုပဲ ယူနီဖောင်းဝတ်ထားတဲ့သူတွေဖြစ်နေတယ်။
နောက်ရက်အနည်းငယ်ကြာတဲ့အခါ မြန်မာနိုင်ငံတစ်ဝန်း ပြည်သူတွေကို သတ်တဲ့နေရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တပ်မ ၇၇ ရဲ့ ဗိုလ်ကြီးဟာ တပ်ရင်းကနေ စွန့်ခွာပြီး ထွက်ပြေးခဲ့ပါတော့တယ်။ အခုတော့ သူပုန်းနေတယ်။
“ကျွန်တော် တပ်မတော်ကို သိပ်ချစ်ပါတယ်။ ဒါပေမယ့် အမိနိုင်ငံတော်နဲ့ တပ်မတော်ကို ရွေးချယ်ရတော့မယ်ဆိုရင် အမိနိုင်ငံတော်ကိုပဲ ရွေးကြဖို့ ကျွန်တော်ရဲ့ ရဲဘော်ရဲဘက်တွေကို သိစေချင်တယ်” လို့ သူကပြောတယ်။
တပ်ဖွဲ့ဝင် သန်းဝက်လောက်ရှိတယ်ဆိုတဲ့ တပ်မတော်ဟာ လူသတ်ဖို့ပဲ မွေးဖွားလာတဲ့ စက်ရုပ်တွေလိုလူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းအဖြစ် ပုံဖော်ခံရလေ့ရှိတယ်။ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံရဲ့ အရပ်သားခေါင်းဆောင်ကို ဖယ်ထုတ်လိုက်ခြင်းကြောင့် တစ်နိုင်ငံလုံး အုံကြွလာကြပါတယ်။ အဲ့ဒီနောက်မှာတော့ လေ့လာတဲ့ အဖွဲ့အစည်းတွေရဲ့ အဆိုအရ စစ်တပ်ဟာ လူပေါင်း ၄၂၀ ကျော်ကို သတ်ဖြတ်၊ ထောင်နဲ့ချီတဲ့ လူထုကို ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းပြီး၊ သူ့ရဲ့ ကြမ်းတမ်းတဲ့ရုပ်သွင်ကို ပိုပြီးပေါ်လွင်လာစေခဲ့တယ်။
ကုလသမဂ္ဂရဲ့ အဆိုအရ ပြီးခဲ့တဲ့ စနေနေ့ (မတ်လ ၂၇ ရက်နေ့) မှာ စစ်တပ်နဲ့ ရဲအဖွဲ့တို့ဟာ လူပေါင်းတစ်ရာကျော်ကို သတ်ဖြတ်ခဲ့တာကြောင့် အဲဒီနေ့ဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးကတည်းက သွေးချောင်းစီးမှုအများဆုံးနေ့အဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ အသတ်ခံရသူတွေထဲမှာ ၁၃ နှစ်သား ၂ ယောက်၊ ၅ နှစ်အရွယ် ကလေးအပါအဝင် ကလေးငယ်ပေါင်း ၇ ယောက်တောင် ပါဝင်နေတာပါ။
အရာရှိ ၄ ဦးကို အသေးစိတ်တွေ့ဆုံမေးမြန်းခဲရာမှာ ၂ ဦးကတော့ မြန်မာနိုင်ငံကို ဆယ်စုနှစ် ၆ ခုကြာ လွှမ်းမိုးခဲ့တဲ့ အဖွဲ့အစည်းကြီးရဲ့ ရှုပ်ထွေးတဲ့ သရုပ်သဏ္ဌာန်ကို ဖော်ပြကြပါတယ်။ တပ်ထဲဝင်တဲ့နေ့ကစပြီး တပ်ဖွဲ့တိုင်းဟာ အမိနိုင်ငံတော်နဲ့ ဘာသာ၊သာသနာကို စောင့်ရှောက်သူတွေအဖြစ် စတင်သင်ကြားခံရပါတယ်။ သူတို့မှ မစောင့်ရှောက်ရင် နိုင်ငံတော်နဲ့ သာသနာကြီး ပျက်စီးသွားလိမ့်မယ်လို့ ရိုက်သွင်းခံထားရတာပါ။
စစ်သားတွေဟာ နိုင်ငံတွင်းက အခွင့်ထူးခံနိုင်ငံငယ်ကို ပိုင်ဆိုင်ထားသလိုပါပဲ။ အဲ့ဒီနိုင်ငံငယ်လေးအတွင်းမှာပဲနေ၊ အလုပ်လုပ်ပြီး ပြင်ပလောကနဲ့ မထိတွေ့တဲ့ လူ့အဖွဲ့အစည်းတစ်ခုလို ဖြစ်နေပါတယ်။ ခံယူချက်ကလည်း ငါတို့ဟာ သာမန်အရပ်သားတွေထက် မြင့်မြတ်ကြတယ်လို့ ထင်မြင်နေကြပါတယ်။ ရှေ့က တပ်မတော်အရာရှိ ၂ ဦးရဲ့ ပြောပြချက်အရ သူတို့ရဲ့ အထက်လူကြီးတွေက သူတို့ကို စစ်တန်းလျားတွေမှာရော၊ Facebook ပေါ်မှာပါ အဆက်မပြတ် စောင့်ကြည့်ခံနေကြရတာပါ။ မြန်မာနိုင်ငံရဲ့ နေရာမလပ်၊ မြို့ပြရဲ့ လမ်းမတွေပေါ်မှာပါ ရန်သူတွေရှိနေတယ်ဆိုတဲ့ ဝါဒဖြန့်မှုကိုလည်း စဉ်ဆက်မပြတ် ထည့်သွင်းခြင်းခံနေကြရပါတယ်။
တစ်စတစ်စနဲ့ စုပြုံလာပြီး ခိုင်မာလာတဲ့ လောကအမြင်ဟာ လက်နက်မဲ့ပြည်သူတွေကို သတ်ဖြတ်ဖို့ ဝန်မလေးလောက်အောင် အမိန့်နာခံလာစေတယ်။ အာဏာသိမ်းတာနဲ့ ပတ်သက်ပြီး မကျေနပ်ချက်တွေရှိသည့်တိုင် ကြီးမားတဲ့ အကွဲအပြဲမျိုး တပ်မတော်တွင်းမှာ ဖြစ်ဖို့ ခက်ခဲကြောင်း စစ်သားတွေက ပြောပြပါတယ်။ အဲဒီအခြေအနေတွေကြောင့် လာမယ့်ရက်၊ လတွေမှာ သွေးချောင်းစီးသတ်ဖြတ်မှုတွေ ပိုဖြစ်စရာ ရှိလာတယ်လို့ ဆိုပါတယ်။
“စစ်သားတွေအများစုက ဦးနှောက်ဆေးခံထားရတယ်ဗျ” လို့ ဗိုလ်ကြီးတစ်ယောက်က ရှင်းပြပါတယ်။ အဲဒီဗိုလ်ကြီးဟာ မြန်မာနိုင်ငံရဲ့ West Point လို့ ခေါ်ရမယ့် ထိပ်တန်းစစ်တက္ကသိုလ်ဖြစ်တဲ့ DSA ဆင်းတစ်ယောက်ဖြစ်ပါတယ်။ New York Times မဂ္ဂဇင်းကို စကားပြောခဲ့တဲ့ အခြားအရာရှိ ၂ ယောက်လိုပဲ သူကလည်း သူ့ရဲ့နာမည်ကို မဖော်ပြခဲ့ပါဘူး။ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဖြစ်တဲ့အတွက် အရေးယူခံရနိုင်ခြေအများကြီးရှိပါတယ်။
“ကျွန်တော် တပ်မတော်ကို ဝင်ရောက်ခဲ့တာ နိုင်ငံတော်ကို ကာကွယ်ဖို့ဖြစ်ပါတယ်။ ကိုယ့်ပြည်သူတွေကို သတ်ဖို့ မဟုတ်ပါဘူး။ တပ်မတော်သားတွေက ကိုယ့်ပြည်သူတွေကို သတ်ဖြတ်နေတာ မြင်ရတော့ အရမ်းစိတ်ထိခိုက်ရပါတယ်” လို့ သူကပြောပါတယ်။
တပ်မတော်ဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးစကတည်းက ကွန်မြူနစ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တောခိုသွားကြတဲ့ ဒီမိုကရေစီအင်အားစုတွေကိုပါ တိုက်ခိုက်ခဲ့ရပါတယ်။ သီးခြားလူ့အဖွဲ့အစည်းလို ဖြစ်နေတဲ့ တပ်မတော်ဟာ လူနည်းစုလူမျိုးတွေကို တိုက်ခိုက်ပြီး ဗုဒ္ဓဘာသာ ဗမာဆိုပြီး ဂုဏ်ယူဝင့်ကြွားနေကြပါတယ်။ လူနည်းစုတွေကတော့ စစ်တပ်ရဲ့ မတရားဖိနှိပ်မှုကို ဆယ်စုနှစ်ပေါင်းများစွာ ခံနေကြရတာပါ။
ရန်သူဆိုတာ အတွင်းမှာလည်း ရှိတတ်ပါတယ်။ ပြီးခဲ့တဲ့လ အာဏာသိမ်းမှုမှာ ဖြုတ်ချခံခဲ့ရပြီး ဖမ်းဆီးခံထားရတဲ့ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ တပ်မတော်ရဲ့ အမျက်ဒေါသကို ပုံချထားပါတယ်။ သူ့အဖေဟာ တပ်မတော်ကို တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပါတယ်။
ယနေ့မှာတော့ တပ်မတော်ရဲ့ ရန်သူတွေဟာ ပြည်ပက မဟုတ်ဘဲ ပြည်တွင်းက ဖြစ်နေပြန်ပါတယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ သန်းနဲ့ချီတဲ့ လူထုဟာ လမ်းမတွေပေါ်ကို ထွက်လာကြပြီး လူစုလူဝေးနဲ့ ဆန္ဒပြကြပါတယ်။
အာဏာသိမ်းမှုကို စတင်ခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မင်းအောင်လှိုင်ဟာ “ပြည်သူတွေကို အန္တရာယ်အသွယ်သွယ်မှ ကာကွယ်ပေးရမယ်” လို့ တပ်မတော်နေ့မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အာဏာရှင်အစိုးရ တည်ဆောက်ခဲ့တဲ့ ကတုတ်ကျင်းအခိုင်အမာနဲ့ မြို့တော်နေပြည်တော်မှာ သံချပ်ကာကားတွေ၊ ဘယ်ညာချီတက်ကြတဲ့ စစ်သားတွေ စစ်ရေးပြအခမ်းအနားကျင်းပနေစဉ်မှာ မြို့ကြီး ၄၀ ကျော်မှာတော့ ဆန္ဒပြသူတွေ၊ လမ်းသွားလမ်းလာတွေကိုပါ လက်နက်ကိုင်အဖွဲ့တွေဟာ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
“ဆန္ဒပြသူတွေကို ရာဇဝတ်သားတွေလို သူတို့က မြင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ကို ဆန့်ကျင်သူ မနာခံသူမှန်သမျှဟာ ရာဇဝတ်သားတွေပဲဖြစ်တယ်။ စစ်သားအတော်များများဟာ ဒီမိုကရေစီရဲ့ အရသာကို သူတို့ဘဝမှာ တစ်ခါမှ မခံစားဖူးဘူး။ သူတို့ဘဝတွေက အမှောင်ထဲမှာပဲ” လို့ ဗိုလ်ကြီးထွန်းမြတ်အောင်က ပြောပါတယ်။
အာဏာမသိမ်းခင် လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ တပ်မတော်ဟာ ရွေးကောက်ခံအစိုးရနဲ့ အာဏာခွဲဝေအုပ်ချုပ်ခွင့်ရပေမယ့်၊ တိုင်းပြည်ကိုတော့ ဆက်လက်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကြီးတွေ၊ ဘဏ်တွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ အာမခံကုမ္ပဏီတွေ၊ စတော့ရှယ်ယာတွေ၊ မိုဘိုင်းကွန်ရက်တွေစတဲ့ လုပ်ငန်းကြီးတွေကနေ ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းအထိ တပ်မတော်က ပိုင်ဆိုင်ပါတယ်။
အသံလွှင့်ဌာနတွေ၊ စာနယ်ဇင်းတွေနဲ့ “အမိမြေမှ သားကောင်းများ”၊ “အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ” တို့လို ရုပ်ရှင်ကားတွေပါ ရိုက်ကူးနိုင်တဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေ စစ်တပ်က ပိုင်ဆိုင်ထားပါတယ်။ တပ်မတော် နယ်လှည့်ဆက်ဆံရေးအဖွဲ့တွေ၊ ရိုးရာတေးဂီတဝိုင်းတွေ၊ အမျိုးသမီးများ သရုပ်ပျက် ဝတ်စားဆင်ယင်တာ မလုပ်ကြဖို့ အကြံပြုစာ ထုတ်ဝေမှုကအစ ရှိနေတာပါ။
အရာရှိတွေနဲ့ သူတို့တွေရဲ့ မိသားစုအများစုဟာ စစ်တန်းလျားမှာပဲ နေရပြီး၊ သူတို့ရဲ့ လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်ခံရပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက သူတို့ဟာ မိမိတို့ရဲ့ အိမ်ရာတွေကနေ အခွင့်မရှိဘဲ ၁၅ မိနစ်ထက်ပိုပြီး ထွက်လို့ မရပါဘူး။
“ဒီအခြေအနေကို ခေတ်သစ်ကျွန်စနစ်လို့ ကျွန်တော်တော့ ခေါ်ချင်တယ်။ ကိုယ့်အထက်လူကြီးရဲ့ အမိန့်မှန်သမျှကို နာခံရတယ်။ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ မေးခွန်းထုတ်ပိုင်ခွင့်မရှိ” လို့ အာဏာသိမ်းပြီးနောက် ထွက်ပြေးလာတဲ့ အရာရှိတစ်ယောက်က ပြောပါတယ်။
အရာရှိတွေရဲ့ သားသမီးတွေဟာ အခြားအရာရှိတွေရဲ့ သားသမီးတွေနဲ့ပဲ လက်ထပ်လေ့ရှိကြတယ်။ စစ်တပ်အဆက်အသွယ်တွေနဲ့ အမြတ်အစွန်းရရှိနေတဲ့ ခရိုနီတွေရဲ့ သားသမီးတွေနဲ့လည်း လက်ထပ်ကြတာပါ။ စစ်သားသားသမီးတွေက မျိုးဆက်သစ်စစ်သားတွေ ဖြစ်လာကြတာလည်း အဆန်းမဟုတ်ပါဘူး။ ပြီးခဲ့တဲ့လက အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဆိုတာ တကယ်တော့ မိသားစုနဲ့ အကျိုးစီးပွားတွေ ဆက်စပ်နေတဲ့ အသိုက်အဝန်းတစ်ခုသာဖြစ်ပါတယ်။
နိုင်ငံရေးလမ်းပွင့်ခဲ့တဲ့ ပြီးခဲ့တဲ့ ၅ နှစ်မှာတောင် လွှတ်တော်ရဲ့ ၄ ပုံ ၁ ပုံကို အစိမ်းဝတ်တွေကသာ နေရာယူခဲ့တယ်။ သူတို့က အခြားအမတ်တွေနဲ့ လုံးဝအဆက်အဆံ မလုပ်သလို၊ အစုအဖွဲ့အနေနဲ့ပဲ မဲပေးလေ့ရှိတယ်။ အရေးကြီးတဲ့ အစိုးရဝန်ကြီးဌာနတွေဟာလဲ စစ်တပ်ရဲ့ လက်ထဲမှာပါပဲ။
“ကျွန်တော်က ပြည်သူ့ဝန်ထမ်းလုပ်ရတာ ပျော်တယ်။ ဒါပေမယ့် တပ်ထဲမှာက တပ်မတော်ခေါင်းဆောင်တွေကိုပဲ အလုပ်အကျွေးပြုနေရတယ်။ ကျွန်တော်ထွက်ချင်ပေမဲ့ ထွက်လို့မရဘူး။ ကျွန်တော်ထွက်ရင် တပ်က ကျွန်တော့်ကို ထောင်ချမယ်။ ထွက်ပြေးပြန်ရင်လည်း ကျွန်တော့်မိသားစု နှိပ်စက်ခံရမယ်” လို့ ရန်ကုန်အခြေစိုက် စစ်ဆရာဝန်တစ်ယောက်က ပြောပါတယ်။
ပြင်ပလောကနဲ့ ကင်းကွာနေတဲ့ တပ်မတော်အတွက်တော့ အာဏာရှင်ဖြုတ်ချဖို့ လူထုရဲ့ အပြင်းအထန်ကြိုးပမ်းမှုကို နားလည်ရခက်နေပါလိမ့်မယ်။ စိတ်ဓာတ်စစ်ဆင်ရေးအတွက် လေ့ကျင့်သင်ကြားပေးထားတဲ့ အရာရှိတွေဟာ စစ်သားတွေ ဝင်ရောက်လေ့ရှိတဲ့ Facebook စာမျက်နှာတွေမှာ ဒီမိုကရေစီစနစ်ရဲ့ မကောင်းကြောင်းတွေ၊ လုပ်ကြံဇာတ်လမ်းတွေ ပုံမှန်တင်လေ့ရှိတယ်လို့ လူမှုကွန်ရက်ကျွမ်းကျင်သူတွေနဲ့ New York Times ကို သတင်းပေးခဲ့တဲ့ စစ်ဘက်အရာရှိတွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက စစ်တပ်ရဲ့ လက်ဝေခံပါတီကို ပြီးခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်သွားတဲ့အခါမှာတော့ သံသယလွန်ကဲလေ့ရှိတဲ့ စိတ်တွေကြောင့် စစ်တပ်ဟာ ရွေးကောက်ပွဲမသမာမှုအဖြစ် ပုံဖော်ခံရပါတော့တယ်။
ရေနံသူဌေးနိုင်ငံကြီးတွေရဲ့ ထောက်ပံ့မှုနဲ့ မွတ်စလင်တွေရဲ့ လျှို့ဝှက်ကြံစည်မှုက မြန်မာအများစုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဖျက်ဆီးကြမယ်လို့ စွပ်စွဲကြပါတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေက သူတို့ရဲ့ ခြေအစုံမှာ ပြားဝပ်ဆည်းကပ်ခြင်းခံနေရတဲ့ ဩဇာတိက္ကမရှိတဲ့ ဆရာတော်ကြီးတွေကလည်း အစ္စလာမ်ဘာသာကို ခုခံတွန်းလှန်ဖို့ တပ်မတော်နဲ့ သံဃာထု ပူးပေါင်းဆောင်ရွက်ရမယ်လို့ ဟောကြားလာကြပါတယ်။
စစ်တပ်ပြောတဲ့ အဆိုအရ အနောက်နိုင်ငံတွေဆိုတာ မြန်မာနိုင်ငံကို သိမ်းယူဖို့ လောဘဇောတိုက်နေတဲ့ နိုင်ငံတွေ ဖြစ်တယ်။ ဒီလိုကျူးကျော်ခံရမှာကို စိုးရိမ်တဲ့အတွက် စစ်တပ်ခေါင်းဆောင်တွေဟာ ပင်လယ်နဲ့ နီးတဲ့ ရန်ကုန်မြို့ကနေ ကုန်းတွင်းပိတ် နေပြည်တော်ကို ဒီရာစုအစမှာပဲ ပြောင်းရွှေ့ခဲ့တာပါ။
“တိုင်းတစ်ပါး ဝင်ရောက်စွက်ဖက်မှုကနေ နိုင်ငံတော်ကို ကာကွယ်ဖို့ဆိုတဲ့ ခံယူချက်နဲ့ အခုစစ်သားတွေဟာ ပြည်သူတွေကို သတ်ဖြတ်နေကြတာ”လို့ တာဝန်ထမ်းဆောင်ဆဲ ဗိုလ်ကြီးက ပြောပါတယ်။ သူရဲ့ တပ်ဖွဲ့ဟာ မြို့ပေါ်မှာရှိတဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးကို အင်အားသုံးနှိမ်နင်းဖို့ တာဝန်ပေးခံရတဲ့ တပ်ဖွဲ့တစ်ခုဖြစ်တယ်။
ကျူးကျော်စစ်ဟာ ဝေဟင်(သို့)ရေပြင်က လာမှာမဟုတ်ဘဲ တိုင်းတစ်ပါးစနက်နဲ့ “လက်မည်းကြီး”က လုပ်မှာဖြစ်တယ်။ အမေရိကန် ပရဟိတနဲ့ ဒီမိုကရေစီအရေးအားပေးသူတစ်ဦးဖြစ်တဲ့ ဂျော့ဆိုရော့စ် (George Soros) က တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားတွေကို ငွေပုံအောပေးပြီး တိုင်းပြည်ကို ဖျက်ဆီးနေတယ်လို့ စွပ်စွဲခံနေရပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာလည်း နိုင်ငံခြားအထောက်အပံ့နဲ့ ဆောင်ရွက်နေတာလို့ ပြောကြားခဲ့ပါတယ်။
DSA ရဲ့ ပထမနှစ်မှာပဲ ဗိုလ်လောင်းတွေကို ၁၉၈၈ မှာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေက သွေးဆာနေတဲ့ တိရစ္ဆာန်တွေလို စစ်သားတွေရဲ့ ခေါင်းကို ဖြတ်ခဲ့ကြတဲ့ ရုပ်ရှင်မှတ်တမ်းတွေကို ပြသခဲ့ကြတယ်လို့ ဗိုလ်ကြီးထွန်းမြတ်အောင်က ပြောပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ တစ်ဖက်စောင်းနင်းမမျှတတာက ပြည်သူတွေ အဆပေါင်းများစွာ သတ်ဖြတ်ခံနေရတာလို့ ဗိုလ်ကြီးက ပြောပါတယ်။
တပ်မတော်ရဲ့ Facebook တွေမှာတော့ အကြမ်းဖက်ဆန္ဒပြသူတွေဟာ လက်လုပ်ပုလင်းဗုံးတွေနဲ့ စစ်သားတွေကို ဝိုင်းဝန်းတိုက်ခိုက်ကြတာပဲ ဖော်ပြကြပါတယ်။ ဒါပေမယ့် ကျန်းမာရေးလုပ်သားတွေကို တိုက်ခိုက်တာ၊ ကလေးတွေကို သတ်ဖြတ်တာ၊ လမ်းသွားလမ်းလာတွေကို ကျိုးနွံအောင် အတင်းအဓမ္မ လေးဖက်သွားခိုင်းတာတွေကတော့ လက်နက်ကိုင် စစ်တပ်နဲ့ ရဲတွေဖြစ်နေတာပါပဲ။
New York Times ကို သတင်းပေးခဲ့ကြတဲ့ စစ်သားတွေရဲ့ အဆိုအရ ပြီးခဲ့တဲ့ ၂ ပတ်မှာ မိုဘိုင်းအင်တာနက်တွေကို ဖြတ်တောက်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ အထက်အမိန့်တွေကို မေးခွန်းထုတ်လာတဲ့ တပ်ဖွဲ့တွေကို ပြင်ပလောကနဲ့ အဆက်ဖြတ်နိုင်အောင်ပဲဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီး မကြာခင်မှာ စစ်သားအချို့က မိမိတို့ ဆန္ဒပြပြည်သူတွေနဲ့ အတူရှိကြောင်း Facebook စာမျက်နှာတွေမှာ ဖော်ပြကြပါတယ်။ “တပ်ပျက်နေပြီ၊ ပြည်သူတွေ အားမလျှော့ကြနဲ့။ အမှန်တရားက အဆုံးမှာ အောင်ပွဲခံမယ်” လို့ အခုပုန်းရှောင်နေတဲ့ ဗိုလ်ကြီးတစ်ဦးက သူ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
တပ်မတော်ရဲ့ အထီးကျန်မှုဟာ အခြားရည်ရွယ်ချက်တစ်ခုလည်းရှိပါတယ်။ ဆယ်စုနှစ်နဲ့ချီပြီး စစ်တပ်ဟာ ရန်သူမျိုးစုံနဲ့ စစ်မျက်နှာများစွာ တိုက်ခိုက်နေရပါတယ်။ အများစုကတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ။ တပ်ပြေး နည်းနိုင်သမျှနည်းအောင်၊ သစ္စာရှိမှု အမြင့်ဆုံးဖြစ်နေအောင် တပ်တွင်းစည်းလုံးမှု လိုအပ်တာကြောင့်ဖြစ်ပါတယ်။
စစ်သားကျဆုံးမှုစာရင်းတွေဟာ နိုင်ငံတော်လျှို့ဝှက်ချက်အဖြစ် မှတ်ယူထားတဲ့အတွက် မြန်မာနိုင်ငံမှာ ထုတ်ပြန်လေ့မရှိပါဘူး။ ဒါပေမယ့် ပေါက်ကြားလာတဲ့ စာရင်းတွေအရ အနောက်ဘက် ရခိုင်ဒေသမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက စစ်သားအများအပြား ကျဆုံးတာကို ကြည့်ခြင်းအားဖြင့် နှစ်တိုင်း အနည်းဆုံး စစ်သားရာနှင့်ချီပြီး ကျဆုံးတယ်လို့ ယူဆရပါတယ်။
တာဝန်ထမ်းဆောင်ဆဲ ဗိုလ်ကြီးတစ်ယောက်ရဲ့ အဆိုအရ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ စစ်သားတွေရဲ့ မိန်းမတွေကို လူပျိုစစ်သားတွေက မဲနှိုက်ပြီး လက်ထပ်ရတာ ပုံမှန်အလေ့အထတစ်ခုပါ။ အမျိုးသမီးတွေအနေနဲ့ ဘယ်သူက သူတို့ရဲ့ အိမ်ထောင်ဖက်ဖြစ်လာမယ်ဆိုတာကို ရွေးချယ်ခွင့် မရှိကြပါဘူး။
“စစ်သားအများအပြားက ပြင်ပကမ္ဘာနဲ့ လုံးဝအဆက်ဖြတ်ခံထားရပြီး တပ်မတော်ကြီးကပဲ သူတို့ရဲ့ တစ်ခုတည်းသော ကမ္ဘာပါပဲ” လို့ သူကပြောပါတယ်။ လူဦးရေရဲ့ ၃ ပုံ ၁ ပုံရှိတဲ့ တိုင်းရင်းသားလူနည်းစုတွေဟာ တပ်မတော်ကို ကြောက်ရွံ့နေကြရပါတယ်။ UN ရဲ့လေ့လာချက်တွေအရ စစ်တပ်ဟာ မုဒိမ်းမှုတွေ၊ ဥပဒေမဲ့သတ်ဖြတ်မှုတွေအပါအဝင် လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အဲဒီလို တရားမဲ့မှုတွေဟာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ်မှာ နာမည်ပျက်လောက်အောင် ကျူးလွန်ခဲ့ပြီး၊ ကရင်၊ ကချင်နဲ့ ရခိုင်တို့လို အခြားလူမျိုးစုတွေကိုလည်း ချမ်းသာမပေးပါဘူး။
ခြေလျင် တပ်မ ၇၇ နဲ့အတူ မြန်မာပြည်ရဲ့ အရှေ့မြောက်ဘက် ရှမ်းပြည်နယ်မှာ တာဝန်ထမ်းဆောင်စဉ်က လူမျိုးပေါင်းစုံရဲ့ ရွံရှာစက်ဆုပ်မှုကို ခံစားခဲ့ရတယ်လို့ ဗိုလ်ကြီးထွန်းမြတ်အောင်က ဆိုပါတယ်။ မိမိကိုယ်တိုင် လူနည်းစုဖြစ်တဲ့ ချင်းတိုင်းရင်းသားတစ်ယောက်အနေနဲ့ တိုင်းရင်းသားတွေရဲ့ ဗမာလူများစုကို ကြောက်ရွံ့တဲ့စိတ်ကို နားလည်တယ်လို့ ဆိုပါတယ်။
သူ့အဆိုအရ လူသေလောက်အောင် မပစ်ဘဲ ဒဏ်ရာရရုံလောက်သာ ပစ်ခတ်လေ့ရှိတဲ့ ဗိုလ်ကြီးထွန်းမြတ်အောင်ဟာ ရှေ့တန်းတွေမှာ ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနှစ်တွေမှာ သူ့အနေနဲ့ လူနည်းစုတိုင်းရင်းသားအဖွဲ့တစ်ခုနဲ့သာ အစေးကပ်ခဲ့တယ်လို့ သူကဆိုပါတယ်။
“လူတွေက စစ်သားတွေ သူတို့အပေါ်ကျူးလွန်ခဲ့တာတွေကြောင့် စစ်သားတွေကို မုန်းကြတယ်ဗျ” ဟု သူကပြောပါတယ်။
တကယ်တော့ တပ်မတော်က သူ့ကို ကယ်တင်ခဲ့ပါတယ်။ သူ ၁၀ နှစ်သားမှာပဲ မိခင်ဆုံးပါးခဲ့ပါတယ်။ ဖခင်က အမြဲမူးနေပါတယ်။ သူဟာ တိုင်းရင်းသားကျောင်းသားတွေထားတဲ့ ဘော်ဒါကျောင်းကို အပို့ခံခဲ့ရပြီး၊ ကျောင်းမှာ စာတော်သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ DSA ရောက်တဲ့ အခါမှာတော့ ရူပဗေဒနဲ့ အင်္ဂလိပ်စာဘာသာရပ်တွေကို လေ့လာခဲ့ပါတယ်။
“စစ်တပ်ဟာ ကျွန်တော့်မိသားစုပါပဲ။ ရဲဘော်တွေရဲ့ ယူနီဖောင်းကို မြင်တာနဲ့ ကျွန်တော် အလိုလိုပျော်ပါတယ်” လို့ သူကဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ရဲ့ ဝေလီဝေလင်း ထိုင်းမှိုင်းနေတဲ့ ရန်ကုန်မြို့မှာ ဗိုလ်ကြီးထွန်းမြတ်အောင်ဟာ စစ်တပ်ကားပေါ်ကိုတက်၊ အိပ်မှုန်စုံမွှားနဲ့ ဦးထုပ်မေးသိုင်းကြိုးကို တင်းတင်းချည်ကာ ထွက်လာခဲ့ပါတယ်။ ဘေးကရဲဘော်တွေ စစ်အာဏာသိမ်းတဲ့အကြောင်း တီးတိုးပြောနေတဲ့ အချိန်ထိ သူဘာမှမသိခဲ့ရပါဘူး။
“အဲ့ဒီအခိုက်အတန့်မှာပဲ မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တွေ ဆုံးရှုံးသွားပြီဆိုတာ ကျွန်တော်ခံစားလိုက်ရတယ်” လို့ သူကပြောတယ်။
ရက်အနည်းငယ်အကြာမှာတော့ သူ့ဗိုလ်မှူးက ကျည်ဆန်တွေနဲ့ ရောက်လာတယ်၊ ကျည်တွေက အစစ်တွေ၊ ရာဘာကျည်တွေ မဟုတ်ပါဘူး။ အဲဒီညမှာ သူမျက်ရည်ကျခဲ့ရပါတယ်။
“စစ်သားအများစုဟာ ပြည်သူကို ရန်သူလို သဘောထားကြတာ ကျွန်တော်သိလိုက်ရတယ်” လို့ သူက ပြောလိုက်ပါတယ်။
(New York Times သတင်းစာမှာ မတ်လ ၂၈ ရက်နေ့က ဖော်ပြခဲ့တဲ့ “Inside Myanmar’s Army: They See Protestors as Criminals” ဆောင်းပါးကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်)