ဆောင်းပါးသတင်း

၈ လကြာ တိုက်ယူခဲ့ရသည့် အင်းတော်မြို့သိမ်းတိုက်ပွဲ 

ကချင်၊ စစ်ကိုင်း၊ ရှမ်း ပေါင်းဆုံသည့် ဗျူဟာမြောက်ဒေသ အင်းတော်မြို့ တိုက်ပွဲမှာ နှစ်ဘက်ထိခိုက်မှု များပြားပြီး တော်လှန်ရေးတပ်များက တပ်မမှူးတစ်ဦး အပါအဝင် စစ်ကောင်စီ လက်နက်ကိုင် အများအပြားကို အရှင်ဖမ်းမိလိုက်သည်။

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ကို တော်လှန်ရေးအင်အားစု  သိမ်းပိုက်ရရှိလိုက်သည့် ဖြစ်ရပ်တွင် ထူးခြားချက်များမှာ ဗျူဟာကျသောမြို့ဖြစ်ခြင်းနှင့် သုံ့ပန်းများထဲတွင် တပ်မမှူးတစ်ဦး ပါဝင်နေခြင်းတို့ ဖြစ်သည်။

ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းနယ်စပ်၊  ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ်တွင်ရှိသည့် အင်းတော်မြို့သိမ်းယူနိုင်ရေး ၈ လကြာတိုက်ပွဲများအတွင်း နှစ်ဖက်အကျအဆုံးများရှိကာ ဟောင်ဝစ်ဇာအမြောက်များအပြင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမှတ် (၁) စစ်ဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အများအပြားက  ကျောင်းသားတပ်မတော် (ABSDF) နှင့်ပူးပေါင်းကာ NUG ၏ ၉ ခုမြောက်မြို့အဖြစ် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေပြည်အေး၊ ခမ်းပတ်၊ မော်လူး၊ ပင်လည်ဘူးနှင့် မြို့သစ်မြို့၊ မန္တလေးတိုင်းမှ စဉ့်ကူးမြို့၊ သပိတ်ကျင်း၊ တကောင်းမြို့တို့ကို NUG တပ်များက သိမ်းပိုက်ထားသည်။

ကချင်ပြည်နယ် နန့်စီးအောင်မြို့မှအထွက် စစ်ကိုင်းတိုင်းအဝင်  မော်လူးမြို့၏ တောင်ဘက် မိုင် ၅၀ ကျော်အကွာရှိ အင်းတော်မြို့မှာ ဒေသတွင်းဆက်သွယ်ရေးအချက်အချာကျသည်၊ ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာပင် ဂျပန်နှင့်အင်္ဂလိပ်တပ်များ ထိုမြို့ကို ထိန်းချုပ်နိုင်ရေးအတွက် အပြင်းအထန်တိုက်ခိုက်ခဲ့ကြရသည်။

ရွှေဘို-မြစ်ကြီးနားလမ်းပေါ်တွင်ရှိပြီး ကသာခရိုင်အတွင်းပါသည့် အင်းတော်မြို့သည် ၂၀၁၄ သန်းခေါင်စာရင်းအရ  လူဦးရေ ၁၂၀,၀၀၀ ကျော် နေထိုင်သည်။

အရှေ့ဘက်တွင် ဧရာဝတီမြစ်ကမ်းကို မေးတင်ထားသည့် ကသာမြို့နယ်ရှိပြီး ကသာ၏ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် ရှမ်းပြည်နယ် ငအိုးမြို့ရှိသည်။ တောင်ဘက်တွင် စစ်ရေးအရ အချက်အချာကျသည့် ထီးချိုင့်မြို့ရှိသည်။

အင်းတော်မြို့  သိမ်းပိုက်ပြီးလျှင် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ် ဝင်ရောက်နိုင်သည့် ကုန်းလမ်းကြောင်းမှာ လုံးဝပြတ်တောက်သွားပြီးဖြစ်ပြီး ဧရာဝတီမြစ်ကြောင်းမှ ရေလမ်းမှ ဝင်ရောက် လာပါက ကချင်ပြည်နယ် စင်းခန်းရွာကို သိမ်းပိုက်ထားသည့် KIA တပ်များက တားဆီးနိုင်မည်ဖြစ်သည်။

ကချင်ပြည်နယ်အတွင်း အဓိက ဝင်ပေါက်လမ်းမကြီးနှစ်ခုအနက် ဗန်းမော်-မြစ်ကြီးနားလမ်းကို KIA တပ်ပေါင်းစုက သိမ်းပိုက်ထားသလို ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ အင်းတော်မြို့ကို NUG လက်အောက်ခံတပ်များက သိမ်းပိုက်ထားပြီးဖြစ်သည်။

အင်းတော်မြို့ကို လက်လွှတ်လိုက်ရသည့် စစ်ကောင်စီတပ်သည် ကချင်ပြည်နယ်အတွင်း တပ်များကို ထောက်ပံ့ပို့ဆောင်ရေးအတွက် လေကြောင်းတစ်ခုသာ အသုံးပြုနိုင်တော့မည်ဟု စစ်ဘက်ဆိုင်ရာသတင်းများ အွန်လိုင်းတွင် တင်ဆက်နေသည့် ဗိုလ်ကြီးဇင်ယော်က ထောက်ပြသည်။

 အင်းတော်မြို့သိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သော ပခုက္ကူခရိုင်တပ်ရင်းရဲဘော်များ။ (ဓာတ်ပုံ- ပခုက္ကူ ခရိုင် အမှတ် ၁၇ တပ်ရင်း)

အင်းတော်မြို့ထိုးစစ်အစ

၂၀၂၄ ဩဂုတ် ၁၅ ရက်နေ့တွင် PDF, ABDDF တပ်များက အင်းတော်မြို့သိမ်းတိုက်ပွဲ စတင်ခဲ့ကြသည်။ 

တိုက်ပွဲစပြီး နောက်တစ်နေ့ ဩဂုတ် ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့တွင် စစ်လေယာဉ်များက မြို့ပေါ်နှင့် အနီး ဝန်းကျင်ကို ဗုံးဆယ်နှင့်ချီ ကြဲချခဲ့သည်။ 

ထိုစဉ်ကတည်းက အင်းတော်မြို့တွင်းမြို့ပြင် ဒေသခံ ၂၀,၀၀၀ ကျော် မှာ နီးစပ်ရာ ကျေးရွာများနှင့် ဘေးလွတ်ရာသို့ တိမ်းရှောင်သွားကြသည်။

၄ ရက်အကြာတွင် တပ်ပေါင်းစုက မြို့အရှေ့ဘက် ၄ မိုင်ခန့်အကွာ မော်လူးမြို့နှင့် ကသာမြို့များသို့ သွားနိုင်သည့်၊ စစ်ရေး အရ အချက်အချာကျသည့် နဘားလမ်းဆုံရှိ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။

နဘားလမ်းဆုံရှိ စစ်စခန်းတွင် စစ်တပ်က ၂၀၂၁   အာဏာသိမ်းပြီးကတည်းက တပ်စွဲထားခြင်းဖြစ်သည်။

မြို့သိမ်းထိုးစစ်အတွင်း ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးအချို့အပါအဝင် မြို့ပေါ် နေရာအများစုကို မဟာမိတ်များက ထိန်းချုပ်နိုင်ခဲ့ပြီး အောက်တိုဘာတွင် မြို့၏ အမြင့်ဆုံးနေရာတွင် တည်ဆောက်ထားသည့် ဂျပန်လှိုဏ်ဂူကုန်းဟု ခေါ် သည့် စစ်စခန်းတစ်ခုသာ သိမ်းရန်ကျန်တော့သည်။

ထို့နောက် မဟာမိတ်များက ထိုနေရာကို ဝိုင်းရံပိတ်ဆို့လိုက်ပြီးနောက် နှစ်ဘက်တပ်များ တပ်ဆိုင်ထားသည့်အခြေအနေဖြင့် တိုက်ပွဲများငြိမ်သက်သွားသည်။ နိုဝင်ဘာ ၁ ရက်နေ့တွင် လက်ကျန်စခန်းကုန်းကို မဟာမိတ်တပ်များက တကျော့ပြန် တိုက်ခိုက်ခဲ့ကြသည်။ 

အဆိုပါစခန်းကုန်းတွင် စစ်ကောင်စီ၏ဒေသတွင်းမဟာမိတ် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) လည်း ရှိနေသည်ဟု ပါဝင်တိုက်ခိုက်သူများက ထိုစဉ်က ပြောထားကြသည်။ 

ချင်းတွင်းစစ်ဒေသမှ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ဖွဲ့ဝင် အချို့ကို ၂၀၂၃ နှစ် ဩဂုတ်လဆန်းပိုင်းက တွေ့ရစဉ်။ ( ဓာတ်ပုံ – ABSDF Column 3)

ကချင်ပြည်နယ်တွင် ကချင်တပ် KIA ၏ ထိုးစစ်၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ “ ၁၀၂၇” စစ်ဆင်ရေး တို့ကို ရင်ဆိုင်ရပြီး နိုင်ငံအနှံ့ စစ်မြေပြင်ဖြစ်နေသော စစ်ကောင်စီတပ်သည် အင်းတော်မြို့သို့ မြေပြင်စစ်ကူ မပို့နိုင်ခဲ့သော်လည်း လေကြောင်းပစ်ကူအများအပြားသုံးခဲ့သည်။

တကျော့ပြန်အင်းတော်တိုက်ပွဲများအတွင်း နှစ်ဖက်အကျအဆုံးများခဲ့ကာ ၂၀၂၅ ဇန်နဝါရီလကုန်ခန့်တွင်  ပူးပေါင်းတပ်များက ဂျပန်လှိုဏ်ဂူကုန်း၏အရှေ့ဘက်ရှိ ကာကင်းစခန်းငယ်တချို့ကိုသိမ်းနိုင်ခဲ့သည်။

မတ်လ လယ်ခန့်တွင် အင်းတော်အရှေ့ဘက် ၁၆ မိုင်ကျော်အကွာ ကသာမြို့အခြေစိုက် အမှတ်  (၃၀၉) ခြေမြန်တပ်ရင်းမှ အင်အား ၁၅၀ ခန့်သည်  အင်းတော်-ကသာ လမ်းအတိုင်း စစ်ကူလာရောက်ခဲ့ကြသည်။

ထိုစစ်ကူများ ကသာမြို့အနောက်ဘက် ၅ မိုင်ခန့်အကွာ ပင်းမလွတ်ရွာအနီးအရောက် KIA နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့က   ကြားဖြတ်တိုက်ခိုက်ခဲ့ကြသည်။ 

နှစ်ရက်ဆက် တိုက်ခိုက်ခံရသဖြင့် သေဆုံးသူများပြားပြီး   ၃၀ ခန့် စစ်သုံ့ပန်းဖြစ်သွားသည်ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို  ထိုစဉ်က ပြောထားသလို NUG ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။

ပိတ်ဆို့ခံနေရသော ဂျပန်လှိုဏ်ဂူကုန်းမှ စစ်ကောင်တပ်က ဧပြီ ၁ ရက်နေ့တွင် စခန်းအပြင်ထွက်လာပြီး စစ်ကြောင်းထိုးလာသည်ကို တိုက်ခိုက်ရာမှ အဆိုပါစစ်ကြောင်းကို ချေမှုန်းနိုင်သလို စခန်းကုန်းတစ်ခုလုံး ကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။  

ဧပြီ ၇ ရက်နေ့ညဦးပိုင်းတွင်  ပူးပေါင်းတပ်က တိုက်ခိုက်ရှင်းလင်းခဲ့ရာ စခန်းပေါ်တွင် ကွပ်ကဲနေသည့် တပ်မ(၇၇)၏ ရှေ့တန်းတပ်မမှူးနှင့် စစ်ကောင်စီတပ်များ ကသာမြို့ဘက် ဆုတ်ခွာသွားသည့်အတွက် စခန်းကုန်းကိုသိမ်းပိုက်နိုင်ခဲ့သည်ဟု အထက်ပါမြေပြင်သတင်းရင်းမြစ်က  ပြောသည်။

“သူတို့က စစ်ကြောင်းထိုးလာတဲ့အခါမှာ တိုက်ရင်းနဲ့ ဟိုဆုတ်ဒီဆုတ်နဲ့ ကိုယ့်ဘက်က တိုက်ရင်းနဲ့မှ မြို့မ ဘုန်းကြီးကျောင်းတို့၊ လျောင်းတော်မူဘုရားကုန်းတို့ရတာပေါ့နော်၊ ရပြီးမှ နောက်တစ်ကုန်းက ဂျပန်လှိုဏ်ဂူကုန်းကို ရတာပေါ့” ဟု သူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် လက်နက်ချကြောင်း၊  သုံ့ပန်းများကို စိစစ်နေဆဲဖြစ်သည့်အတွက် အရေအတွက်နှင့်ရာထူးများကို အတည်မပြုနိုင်ကြောင်း ၎င်းက ပြောထားသည်။

ဟောင်ဝစ်ဇာအမြောက်ကြီး နှစ်လက်၊ ၁၂၀ မမ စိန်ပြောင်းနှစ်လက်၊ လက်နက်ငယ်များနှင့် ခဲယမ်းမီးကျောက်အများအပြားကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။

ကာလရှည်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များ စစ်ကူမရ၊ မြေပြင်မှ လက်နက် ရိက္ခာမပို့နိုင်၊ ထိခိုက် သေဆုံးမှုများပြားသည်ဟု NUG အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၈ ရက်နေ့က ထုတ်ပြန်ထားသည်။

အင်းတော်မြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းတချို့။ (ဓာတ်ပုံ-NUG)

မြို့သိမ်းတိုက်ပွဲပြီးသည့်နောက် အင်းတော်မြို့ခံများက တော်လှန်ရေးပူးပေါင်းတပ်ကို အိုးစည်ဗုံများဖြင့် ကြိုဆိုကာ အောင်ပွဲခံခဲ့ကြသည်။

အင်းတော်တိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်(KIA)မှ အထူးစစ်ကြောင်းတစ်ခုနှင့် ကျောင်းသား တပ်မတော် (ABSDF) စစ်ကြောင်း(၃)မှ တပ်ရင်း ၂ ရင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်ဒေသ (၁) လက်အောက်ခံတပ်ရင်းများ၊ ပကဖ အဖွဲ့များ၊ ဒရုန်းနှင့် လက်နက်ကြီးအဖွဲ့များ စသဖြင့် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၄၀ ကျော် ပါဝင်ကာ တိုက်ခိုက်ခဲ့ကြသည်။

တပ်ပေါင်းစုက အင်းတော်မြို့ပတ်လည်ရှိ စစ်ကောင်စီတပ်များကို ရှင်းလင်းသည့် စစ်ဆင်ရေးများ ဖော်ဆောင်ရာ ၂၀၂၄ ဇွန်လတွင်  မြို့အနောက်မြောက်ဘက် ၈ မိုင် ခန့်အကွာရှိ နန့်သာရွာစစ်စခန်းကို သိမ်းလိုက်သည်။

ခက်ခက်ခဲခဲ တိုက်ခဲ့ရသည့် စစ်ကောင်စီခံကတုပ် ဂျပန်လှိုဏ်ဂူကုန်း

ဂျပန်လိုဏ်ဂူကုန်းမှာ  မြို့အရှေ့ဘက်တွင် မြို့နှင့်တစ်ဆက်တည်းရှိပြီး အရှေ့အနောက် သွယ်တန်းနေသည့်တောင်ကုန်းဖြစ်ကာ တစ်မြို့လုံးကို အပေါ်စီးမှလွှမ်းမိုးထားသည့် အနေအထားရှိသည်။

ထိုနေရာတွင် စစ်ကောင်စီတပ်စွဲရာကုန်းအပြင် ဘုန်းကြီးကျောင်းနှင့် အခြား သာသနိကအဆောက်အအုံ များရှိသည့်ကုန်းတချို့ကို တွေ့နိုင်သည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်က လှိုဏ်ဂူတူးပြီး မြေအောက်စစ်ဆေးရုံအဖြစ် အသုံးပြုခဲ့သည့် ထိုနေရာကို  ဒေသခံတို့က ဂျပန်လှိုဏ်ဂူကုန်းဟု အလွယ်တကူခေါ်ဆိုကြပြီး မြေအောက်ခန်းများနှင့် ကွန်ကရိဘန်ကာများ တည်ဆောက်ထားသည့်ထိုနေရာတွင် စစ်ကောင်စီက အခိုင်အမာ ခံစစ်ပြင်ထားခြင်းဖြစ်သည်။

အနံ ၃ ပေ အလျား ၇ ပေ ခန့်ရှိသည့်၊ တောင်အောက်မှဖောက်သွားသည့် ကွန်ကရစ်မြောင်းများရှိသည်၊ တောင်ကုန်းတစ်ခုလုံးတွင် အဆိုပါမြောင်းပေါက်များ အရပ်လေးမျက်နှာတွင် ဖောက်ထားသည်ဟု ထိုနေရာသို့ရောက်ရှိခဲ့ဖူးသူ အင်းတော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် ဦးသိန်းစိန်အစိုးရလက်ထက်မှ စတင်ကာ အဆိုပါကုန်းတွင် စစ်တပ်၏ ဆက်သွယ်ရေးတပ်တစ်ခု စတင်တပ်စွဲခဲ့ပြီးနောက် ကွန်ကရိဘန်ကာအသစ်များ၊ ဆက်သွယ်ရေးမြောင်းအသစ်များ ထပ်မံဆောက် လုပ်ခဲ့သည်ဟု အဆိုပါအမျိုးသားက ဆက်ပြောသည်။

“တောင်ကိုကျော်တဲ့အပေါက်ပေါ့၊ တည့်တည့်သွားတာ။ နောက်တစ်ခုက နှာပေါက်တွေပေါ့။ နှာပေါက်တွေက အရပ်လေးမျက်နှာ ရှိတယ် တောင်ကိုကျော်တဲ့ အပေါက်တွေ။ တောင်ကိုကျော်ပြီးမှ အောက်ကို ပြန်မဆင်းတော့ဘူး၊ တောက်လျှောက် တိုးလျိုပေါက်ဖောက်လိုက်တာ” 

အင်းတော်ဒေသမှာ ယနေ့အထိ ဗျူဟာကျသည့်အတွက် စစ်ကောင်စီနှင့်တော်လှန်ရေးတပ်များက စစ်ခင်းနေသည့်ဒေသဖြစ်နေသည်ဟု  ၎င်းက ဆက်ပြောသည်။

“ဒီဘက်ကာလမှာ အချက်အချာကျသလို ဒုတိယကမ္ဘာစစ်ဘက်ကို ပြန်ကြည့်ရင်လည်း ဒီနေရာမှာပဲ ဂျပန်က ထိုင်ခဲ့တာပဲ။ ဒုတိယကမ္ဘာစစ်တုန်းကလည်း ဒီနေရာက စစ်တလင်းမြေဖြစ်ခဲ့တာပဲ၊ စစ်ဆေးရုံ ဖြစ်ခဲ့တာပဲ”

မြို့သိမ်းပြီးနောက် အွန်လိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့လာသောရုပ်သံများတွင် ဥမင်သဖွယ် အခိုင်အမာ ဆောက်ထားသော လှိုဏ်ဂူအတွင်း မီးစက်များ၊ အခန်းများဖြင့် ဖွဲ့စည်းထားပြီး အဝတွင် သဲဘန်ကာများ ပိတ်ဆို့ထားသည်။ အမြင့်မှာ ၁၀ ပေခန့်ရှိမည်ဟု ခန့်မှန်းရသည်။ 

ထိုနေရာတွင် စစ်ကောင်စီ၏ တပ်မ (၇၇) တပ်မမှူးက စခန်းထိုင်ကာကွပ်ကဲခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ အမာဆုံး၊ အကြမ်းဆုံးတပ်ဟု အများသိကြသည့် တပ်မ(၇၇)၏ ရှေ့တန်းတပ်မဌာန ချုပ်အဖြစ် ဂျပန်လှိုဏ်ဂူကုန်းတွင်အခြေစိုက်ပြီး တပ်ရင်း ၄ ရင်းပါဝင်သည့် ဗျူဟာတစ်ခုကို တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦး ကိုယ်တိုင်ကွပ်ကဲခဲ့သည်။

တော်လှန်ရေးတပ်များလက် ကျသွားသည့် ဂျပန်လှိုဏ်ဂူကုန်း။

၈ လကြာ တိုက်ယူခဲ့ရခြင်း

အဆိုပါစခန်းကုန်းပေါ်တွင် စစ်ကောင်စီတပ်က ၈ လကြာ ခုခံနိုင်ခဲ့ပြီး တော်လှန်ရေးတပ်များ၏ ထိုးစစ်မှာ မကြာခဏ အရှိန်လျော့ရပ်တန့်ခဲ့သည်။

နေ့စဉ်တိုက်ပွဲဖြစ်ပွားနေခြင်းမဟုတ်ဘဲ တပ်ပေါင်းစုဘက်တွင်  ကျည်ဆန် မလုံလောက်မှု၊  စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ထိုးစစ်အရှိန်  မကြာခဏလျော့ကျခဲ့သည်ဟု သိရသည်။

ဂျပန်လှိုဏ်ဂူကုန်း၏ ကာကင်းကုန်းအချို့ဖြစ်သည့် နှစ်ထပ်ကုန်း၊ မြို့ဦးစေတီနှင့် ဂျပန်လှိုဏ်ဂူကုန်း အခြေနားတွင်ရှိသည့် ဘုန်းကြီးကျောင်းတို့ကို ဇန်နဝါရီလကုန်တွင် တပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့သည်။

သို့သော် ယာယီသာ ထိန်းချုပ်နိုင်ခဲ့သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်အမျိုးသားက ပြောသည်။

“အဲဒီစခန်းတွေက ထိုင်ထားတာဟုတ်တယ်၊ ဒီဘက်က ကျည်ဆံမရှိိလို့ ပြန်ဆုတ်ရတော့ သူတို့က ပြန်ယူ လိုက်တာ၊ အရမ်းလည်းနီးတယ်၊ ဆက်မတိုက်ဘဲနဲ့ အကြာကြီးထိုင်ထားဖို့ကလည်း မလွယ်ဘူးလေ” ဟု ၎င်းက ဆိုသည်။


စစ်တပ်က ပိတ်ဆို့ခံနေရသော ဂျပန်လှိုဏ်ဂူကုန်းကို  Y 12  အမျိုးအစား ထောက်ပို့လေယာဉ်ဖြင့် ခဲယမ်းနှင့်ရိက္ခာများ ပို့ပေးနေခဲ့သည်။ 

ရှေ့တန်းတပ်မဌာနချုပ်အဖြစ် ခံစစ်ပြင်ထားသည့်နေရာတွင် ကွန်ကရစ်ဘန်ကာများ ရှိနေသည့်အပြင် တပ်ရင်း ၄ ရင်း၊ အင်အား ၆၀၀ ကျော်က ဟောင်ဝစ်ဇာလက်နက်ကြီးနှစ်လက်အပြင် လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ခုခံနေခဲ့သည့်အတွက် တော်လှန်ရေးတပ်များ ခက်ခက်ခဲခဲတိုက်ခဲ့ရခြင်းဖြစ်နိုင်သည်ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

“အင်းတော်မှာ နယ်မြေခံတပ်ရင်းမရှိပေမယ့် တပ်မ(၇၇)ရဲ့ ရှေ့တန်းတပ်မဌာနချုပ်နဲ့ လက်အောက်ခံ တပ်ရင်း(၄)ရင်းနဲ့ တစ်ဗျူဟာထိုင်ထားတယ်၊ ပြီးတော့ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်လှိုဏ်ဂူကုန်းကို ကာဗာယူရင်း ခံစစ်ပြင်ထားတာဖြစ်တဲ့အတွက် ကြန့်ကြာနေတယ်လို့ ပြောလို့ရတယ်” ဟု သူက ဆိုသည်။ 

“အင်းတော်ဆိုတာက ကချင်နဲ့ စစ်ကိုင်းနဲ့ ရှမ်းမြောက်ရဲ့ အဓိက ဆုံချက်နေရာဖြစ်တယ်။ ဒါကြောင့်မို့လို့ စစ်တပ်က သူတို့အတွက် ဒီနေရာကိုစွန့်လွှတ်လိုက်ရမယ်ဆိုရင် သူတို့အတွက် ထိခိုက်နစ်နာမှုများတယ်။ ဘာလို့လဲဆိုတော့ ကချင်ပြည်နယ်တစ်ခုလုံးကို ကုန်းကြောင်းကရော ရေကြောင်း နှစ်ကြောင်းလုံးကနေ အဆက်အသွယ်ပြတ်တောက်သွားပြီလို့ ပြောရမှာဖြစ်တယ်” 

၇၇ တပ်မမှူး အဖမ်းခံရပုံ 

ဂျပန်လှိုဏ်ဂူကုန်းစခန်းကို ကွပ်ကဲနေသည့် တပ်မ(၇၇) တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးနှင့် အင်အား ၁၈၀ ခန့်မှာ သီတင်းတစ်ပါတ်နီးပါး ခုခံတိုက်ခိုက်ပြီးနောက် ဧပြီ ၇ ရက်နေ့တွင် စခန်းစွန့်ကာ   အင်းတော်မြို့အရှေ့ဘက် ၁၆ မိုင်ကျော်အကွာ ကသာမြို့ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။

သို့သော် နောက်ရက်တွင် ဗိုလ်မှူးချုပ်အောင်သက်ဦးနှင့်တပ်ဖွဲ့ဝင်အားလုံးနီးပါး ကသာမြို့အနီး ဒေသ အခြေစိုက် PDF တပ်များ၏ဖမ်းဆီးခြင်းကို ခံလိုက်ရသည်ဟု သိရသည်။

ဗိုလ်မှူးချုပ်အောင်သက်ဦးက တော်လှန်ရေးတပ်များနှင့် ညှိနှိုင်းပြီးမှ ဂျပန်လှိုဏ်ဂူကုန်းစခန်းကို စွန့်ခွာသွားခြင်းဖြစ်သည်ဆိုသည့် သတင်းများ ထွက်ပေါ်နေချိန်တွင် ယခုလို ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု CDM ‌ဗိိုလ်ကြီးဇင်ယော်က ပြောသည်။

“ညှိနှိုင်းပြီးမှ အဖမ်းခံလိုက်ရတာကို အနောက်မြောက်တိုင်းစစ်ဌာချုပ်ကလည်းသိတယ်။ တပ်မ(၇၇)က လည်း သိတယ်။ ဒါပေမယ့် တပ်မမှူးကလည်း သူတောင်းဆိုနေတယ်။ နောက်ဆုံး အသနားခံရတဲ့အဆင့် ရောက်သွားမှာပေါ့” ဟု  သူက ဆိုသည်။

DSA စစ်သင်တန်း အပတ်စဉ် (၄၂) ဆင်း  ဗိုလ်မှူးချုပ်အောင်သက်ဦးတို့ သုံ့ပန်းဖြစ်သွားမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်နှင့် NUG အစိုးရတို့က  သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၂၀၀ ကျော် ကျဆုံးနိုင်သည်၊ တော်လှန်ရေးတပ်များဘက်တွင်လည်း ရာဂဏန်းနီပါး ကျဆုံးဖွယ်ရှိသည်ဟု မြေပြင်သတင်းရင်းမြစ်များက ခန့်မှန်းသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပခုက္ကူခရိုင် အမှတ် (၁၀)တပ်ရင်းက အင်းတော်မြို့သိမ်းတိုက်ပွဲ များအတွင်း ၎င်းတို့၏ ရဲဘော် ၄ ဦး ကျဆုံးကြောင်း ထုတ်ပြန်ထားသည်။ 

ကျဆုံးခဲ့သည့် PDF ၄ ဦး ဓာတ်ပုံများပိုက်ကာ အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ပခုက္ကူခရိုင် PDF များ။ (ဓာတ်ပုံ- တပ်ရင်း ၁၀ ရုပ်သံမှ)

စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်း၊ ပင်လည်ဘူး စသည့် မြို့သိမ်းတိုက်ပွဲများနှင့်မတူဘဲ မြို့ထိခိုက်မှုနည်းသည်ဟု မြို့ခံတချို့ကလည်း ပြောသည်။

“မြို့က ကောလင်းတို့ ထီးချိုင့်တို့ ပင်လည်ဘူးတို့လောက်တော့ မပျက်စီးဘူး၊ စစ်တပ်ကုန်းအနီးအနားမှာ ရှိတဲ့အိမ်တွေကတော့ ပျက်သွားတာပေါ့။ မြို့ထဲက အိမ်တွေကတော့ အဓိက မီးလောင်တာပေါ့နော်၊ မြို့ပြင်ဘက်တို့ ရေတွင်းကုန်းရပ်ကွက်တို့ကတော့ အဲဒီလောက်ထိမဖြစ်ဘူး” ဟု အထက်ပါ စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

အင်းတော်မြို့ခံအများစုမှာ တိုက်ပွဲစတင်ဖြစ်ပွားစဉ်မှစတင်ကာ မြို့အနီးအနားရှိ နီးစပ်ရာကျေးရွာများ တွင် တိမ်းရှောင်နေကြသလို ရပ်ဝေးမြို့ကြီးများသို့ တိမ်းရှောင်ကြသူများလည်း ရှိကြသည်။

ဂျပန်လှိုဏ်ဂူကုန်းအနီးရှိ မြို့မဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ရှောင်များထဲမှတချို့မှာလည်း   လေတပ်ဗုံးကြဲမှုများကြောင့် သေဆုံးသွားသည်။

တိုက်ပွဲပြန်လည်ဖြစ်ပွားသည့် ဧပြီ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့မ ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခဲ့သလို ဒေသခံ ၂ ဦးသေဆုံး၊ ဘုန်းကြီးတစ်ပါးနှင့် ပြည်သူ ၈ ဦး  ဒဏ်ရာရခဲ့သည်။

ယခု မြို့သိမ်းပြီးနောက် လေကြောင်းရန် စိုးရိမ်ရဆဲဖြစ်သော်လည်း  မြို့ကို မကြာမီပြန်ရမည်မျှော်လင့် နေကာ အင်းတော်စစ်ရှောင်များက ပျော်ရွှင်နေကြသည်ဟု တိမ်းရှောင်နေရသော အင်းတော်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“အင်းတော်စစ်ရှောင်တွေတော်တော်များများ ပြောနေကြတာက ပြန်ရတော့မယ်ပေါ့နော်။ သိပ်မကြာ လောက်တော့ဘူးပေါ့၊ နောက်ထပ် နှစ်လ သုံးလပေါ့၊ မြို့ကို သူတို့ရှင်းလင်းရေးလုပ်မယ်၊ တော်တော် များများလည်း ကိုယ့်ဘက်ကို ပြန်ချင်နေတဲ့သူတွေချည်းပဲလေ” 

Show More

Related Articles

Back to top button