အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကသာ-အင်းတော်လမ်းတွင် စစ်တပ် အထိနာပြီး ၃၀ ခန့် အရှင်ဖမ်းခံရ

စစ်ကိုင်းတိုင်း ကသာမြို့မှ အင်းတော်မြို့သို့ သွားနေသည့် လက်နက်ကိုင်များကို တော်လှန်ရေးပူးပေါင်းတပ်များက နှစ်ရက်ဆက် ကြားဖြတ်တိုက်ခိုက်လိုက်သည်ဟု သိရသည်။

စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာမြို့နယ်ရှိ စစ်ကောင်စီစစ်ကြောင်းတစ်ခု မတ် ၁၅ ရက်နေ့မှ စတင်ပြီး နှစ်ရက်ဆက် ကြားဖြတ်တိုက်ခိုက်ခံရသဖြင့် သေဆုံးသူ များပြားပြီး   ၃၀ ခန့် သုံ့ပန်းဖြစ်သွားသည်ဟု သိရသည်။

မတ် ၁၅ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ကသာမြို့ရှိ  ခြေမြန်တပ်ရင်း ခမရ(၃၀၉)မှ အင်အား ၁၅၀ ခန့်သည်   မြို့အနောက်ဘက် ၁၆ မိုင်ခန့်အကွာတွင်ရှိသည့်၊ တိုက်ပွဲပြင်းထန်နေသည့် အင်းတော်မြို့ကို အင်းတော်-ကသာ လမ်းအတိုင်း ဦးတည်ကာ စစ်ကူသွားခဲ့သည်ဟု သိရသည်။

ထို့နေ့ နံနက် ၉ နာရီခန့်က အဆိုပါ စစ်ကြောင်း ကသာမြို့အနောက်ဘက် ၅ မိုင်ခန့်အကွာ ပင်းမလွတ်ရွာအနီး ရောက်နေစဉ် အတိုက်ခံရခြင်း ဖြစ်သည်ဟု  မြေပြင် စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

တိုက်ခိုက်သည့် အဖွဲ့များမှာ  ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်အတူ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ကသာခရိုင်တပ်ရင်း(၁)နှင့် ကသာ(ပကဖ)တို့ ဖြစ်သည်ဟု ဆိုသည်။

“ကြိုတင်သတင်းရတယ်၊ သူတို့ စစ်ကြောင်းထိုးလာတယ်ဆိုတာ။ အဲဒီနေ့ မနက်မှာပဲ ၉ နာရီလောက်မှာပဲ ကြားဖြတ်တိုက်ခိုက်တော့ တိုက်ပွဲစဖြစ်တယ်၊ သူတို့က အင်အားခွဲပြီးလာတာကို။ ဖြစ်တာ ပင်းမလွတ်ပေါ့။  အဲဒီရွာနားလေးမှာပဲ စုပြီး စဖြစ်တယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

နောက်တစ်နေ့ နေ့လယ်အထိ တိုက်ပွဲဆက်လက် ဖြစ်ပွားကြောင်း အဆိုပါ အမျိုးသားက ပြောသည်။

“သူတို့တွေ ဝရုန်းသုန်းကားနဲ့ ထွက်ပြေးသွားရတယ်၊ အရှင်ဖမ်းမိတာက တပ်ရင်းဘက်က ဖမ်းမိတာလည်းရှိတယ်။ EAO ဘက်က ဖမ်းမိတာလည်း ရှိတယ်” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ် အမျိုးသားက ပြောသည်၊ 

အရှင်ဖမ်းမိသူ   ၃၀ ခန့်ထဲတွင် အရာရှိတချို့ ပါဝင်သည်၊ သေဆုံးသွားသူ အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးဟု   ဆိုသည်။

စက်သေနတ်ကြီးနှစ်လက်၊ RPG ပခုံးထမ်းလောင်ချာတစ်လက်နှင့် လက်နက်ငယ်အများအပြားလည်း သိမ်းဆည်းရမိခဲ့သည်၊  ကသာ(ပကဖ)မှ တပ်ဖွဲ့ဝင်နှစ်ဦးလည်း သေဆုံးခဲ့ရသည်ဟု သိရသည်။

စစ်ကောင်စီတပ်များမှာလည်း ကစဉ့်အလျားဆုတ်ခွာနေရသည့်အတွက် ယနေ့ မွန်းလွဲပိုင်းအထိ ကသာမြို့ရှိ ခမရ(၃၀၉)တပ်တွင်းသို့ ပြန်မဝင်နိုင်သေးဟု သိရကြောင်း အဆိုပါ အမျိုးသားက ပြောသည်။

ကျောင်းသားတပ်မတော်(ABSDF)၊  အင်းတော်(PDF)နှင့် ဒေသကာကွယ်ရေးတပ်များက အင်းတော်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည်မှာ ၇ လနီးပါး ခန့် ကြာမြင့်နေပြီဖြစ်သည်။

မတ် ၈ ရက်မှစတင်ကာ အင်းတော်မြို့သိမ်းတိုက်ပွဲပြန်လည်ပြင်းထန်လာသည့်အတွက် စစ်ကောင်စီက  စစ်ကူပို့ရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် ဒေသခံများက ပြောသည်။

အင်းတော်မြို့၏ နေရာအများစုကို တော်လှန်ရေးပူးပေါင်းတပ်များက ထိန်းချုပ်ထားသည်၊  မြို့အရှေ့ဘက်ရှိ ဒေသအခေါ် ဂျပန်လှိုင်ဂူကုန်းတွင် စစ်ကောင်စီတပ်က ဆက်လက်တပ်စွဲထားပြီး ခုခံတိုက်ခိုက်နေဆဲဖြစ်သည်။

ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း အဆိုပါ ဂျပန်လှိုင်ဂူကုန်းကို စစ်ကောင်စီတပ်က လေကြောင်းမှ Y 12  အမျိုးအစား လေယာဉ်ဖြင့် ခဲယမ်းနှင့် ရိက္ခာများ ပို့ပေးခဲ့သလို မြေပြင်မှလည်း စစ်ကူများပို့ရန် ကြိုးစားနေခြင်းဖြစ်သည်။

“ပထမတစ်ခေါက်ပို့ပြီးပြီ၊ အင်းတော်တိုက်ပွဲစပြီးမကြာဘူး၊ စစ်ကူပို့သေးတယ်၊ ၃၀၉ တပ်ကနေ၊ KIA ဘက်က မတားနိုင်လို့ အင်းတော်အထိ ရှောရှောရှုရှု ရောက်သွားတယ်။ ဒီတစ်ခေါက်ကတော့ မရောက်သွားဘူးပေါ့” ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကသာမြို့ကို စစ်ကောင်စီတပ်က ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပြီး မြို့ပြင် ကျေးရွာများနှင့် ဧရိယာအများစုကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။

မန္တလေးတိုင်းအတွင်းရှိ စဉ့်ကူး၊ သပိတ်ကျင်းနှင့် တကောင်းမြို့တို့ကို MDY-PDF နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသလို စစ်ကိုင်းတိုင်းအတွင်းရှိ ခမ်းပတ်၊ ရွှေပြည်အေး၊ ပင်လယ်ဘူး စသည့် မြို့များကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ တပ်များက သိမ်းပိုက်ထားသည်။

Related Articles

Back to top button