
စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်၊ အင်းတော်မြို့ရှိ စစ်ကောင်စီတပ်များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေရာ တိုက်ပွဲများ ယမန်နေ့ (ဇန်နဝါရီ ၂၇) မှ စတင်ကာ ပြန်လည်ပြင်းထန်နေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုများရှိနေသည်ဟု သိရသည်။
၂၀၂၄ ခုနှစ် ဩဂုတ်လတွင် စတင်သည့် အင်းတော်မြို့သိမ်းတိုက်ပွဲတွင် KIA ဘက်မှ ပူးပေါင်းဆောင်ရွက်နေသည်မှာ ကျောင်းသားတပ်မတော်(ABSDF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အင်းတော်အခြေစိုက်တပ်ဖွဲ့ဝင်များနှင့် ဒေသကာကွယ်ရေးတပ်များဖြစ်သည်။
ပူးပေါင်းတပ်ကအင်းတော်မြို့ပေါ်ရပ်ကွက်များကို ထိန်းချုပ်ထားပြီး စစ်ကောင်စီက ဂျပန်လိုဏ်ဂူကုန်းတွင် ခံစစ်အခိုင်အမာ ပြင်ဆင်ထားကြောင်း သိရသည်။
ယမန်နေ့က တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ရှေ့တန်းစစ်ရေးအခြေအနေများကို သိရှိသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“မနေ့မနက် ၉ နာရီခွဲလောက်မှာ လေကြောင်းတိုက်ခိုက်မှုကတော့ Y-12 နဲ့လည်း ဗုံးတွေ ၈ ကြိမ် လောက် ချသွားတယ်။ နောက်ပြီးတော့ ဂျက်ဖိုက်တာနဲ့လည်း ၂ ကြိမ်လားမသိဘူး ကြဲသွားတယ်။ မနေ့ည ၇ နာရီလောက်မှာလည်း y-12 နဲ့ အလုံး ၃၀ လောက် ကြဲချသွားတယ်” ဟု သူက ဆိုသည်။
ယနေ့နံနက်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး ဂျပန်လိုဏ်ဂူကုန်း၏ အရှေ့ဘက်ရှိ ကာကင်းစခန်း ငယ်တချို့ကို သိမ်းထားနိုင်ပြီဟု သူက ဆက်ပြောသည်။
“ ဂျပန်လိုဏ်ဂူကုန်းရဲ့ အခြေနားမှာ ကင်းစခန်းလေးတွေရှိတယ်၊ နှစ်ထပ်ကုန်းတို့၊ မြို့ဦးစေတီတို့။ နောက် ကုန်းအခြေနားမှာရှိတဲ့ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းတို့ရှိတာပေါ့။ လောလောဆယ်တော့ အဲဒီ အခြေနားမှာရှိတဲ့ ကာကင်းစခန်းလေးတွေတော့ ရထားတယ်” ဟု သူက ပြောသည်။
ဂျပန်လိုဏ်ဂူကုန်းမှာ အင်းတော်မြို့၏ အရှေ့ဘက်တွင် မြို့နှင့် တစ်ဆက်တည်းရှိပြီး အရှေ့အနောက် သွယ်တန်းနေသည့် တောင်ကုန်းတစ်ခုဖြစ်ကာ အင်းတော်တစ်မြို့လုံးကို အပေါ်စီးမှ လွှမ်းမိုးထားသည့် အနေအထားရှိသည်။
ထို့အပြင် အင်းတော်မြို့အရှေ့ဘက်ရှိ ကသာနှင့် မြောက်ဘက်ရှိ မော်လူးမြို့တို့ကို သွားရောက်နိုင်သည့် ရွှေဘို-မြစ်ကြီးနားလမ်းမကြီးကို စိုးမိုးထားသည့် ဗျူဟာမြောက်ကုန်းတစ်ခုလည်းဖြစ်သည်။
ဂျပန်လိုဏ်ဂူကုန်းနှင့် တစ်ဆက်တည်းရှိနေသည့် ဘုန်းကြီးကျောင်းတွင် ဒေသခံ ၁၀၀ ခန့်ပိတ်မိနေသည်၊ ထိုအထဲတွင် ဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပါဝင်သည်ဟု သိရသည်။
အင်းတော်မြို့သိမ်းတိုက်ပွဲ ကာလ ၅ လကျော်အတွင်း KIA နှင့် ပူးပေါင်းတပ်များက အကြိမ်ကြိမ်ထိုးစစ်ဆင်နေရာ ယခုထိုးစစ်မှာ ၄ ကြိမ်မြောက် ဖြစ်သည်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အင်းတော်တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး သတင်းမကြားရသေးကြောင်းသာ ပြောသည်။
ABSDF တပ်မှ ပြောရေး ဆိုခွင့်ရှိသူ ရဲဘော်ကျော်လင်းကို Myanmar Now က ဆက်သွယ်မေးမြန်းရာ ထိုဒေသတွင် တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ကြောင်းသာ အတည်ပြုသည်။
ယနေ့ နံနက်တွင်မူ လေကြောင်းတိုက်ခိုက်မှု မတွေ့ရသေးဘဲ မြေပြင်ထိုးစစ်များရှိသလို လက်နက်ကြီး အပြန်အလှန်ပစ်ခတ်နေကြသည်ဟု မြေပြင်တပ်များထံက သိရသည်။
ကချင်ပြည်နယ် ဝင်ပေါက်တစ်ခုဖြစ်သည့် နန့်စီးအောင်မြို့နှင့် ၂၇ မိုင်ခန့်သာ ဝေးပြီး ဗျူဟာအရ ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ်တွင်ရှိသည့် အင်းတော်မြို့ကို လက်မလွှတ်ရရေး စစ်ကောင်စီတပ်က အပြင်းအထန် ခုခံနေသည်။
အင်းတော်မြို့သည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်မျဉ်းအနီး၊ ရွှေဘို-မြစ်ကြီးနားလမ်း ပေါ်တွင် တည်ရှိပြီး ကချင်ပြည်နယ်သို့ ဝင်ရောက်နိုင်သည့် အဓိက ဝင်ပေါက်မြို့ဖြစ်သည်။
မြို့မြောက်ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် မော်လူးမြို့ကို ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာလတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ PDF တပ်များက သိမ်းပိုက်ထားပြီးဖြစ်သည်။
အာဏာသိမ်းအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် တော်လှန်ရေးပူးပေါင်းတပ်များက KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တချို့နှင့် ပူးပေါင်းပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီတပ် များကို တိုက်ခိုက်နေကြသည်။
မန္တလေးတိုင်းအတွင်းရှိ စဉ့်ကူး၊ သပိတ်ကျင်းနှင့် တကောင်းမြို့တို့ကို MDY-PDF နှင့် ပူးပေါင်းတပ်များ က သိမ်းပိုက်ထားသလို စစ်ကိုင်းတိုင်းအတွင်းရှိ ခမ်းပတ်၊ ရွှေပြည်အေး၊ ပင်လယ်ဘူး စသည့် မြို့များ ကိုလည်း PDF တပ်များက သိမ်းပိုက်ထားသည်။