စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေး အင်အားစုက ဩဂုတ် ၁၅ မှ စတင်တိုက်ခိုက်နေရာ ယနေ့ (ဩဂုတ် ၁၉) အထိ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်ဟု သိရသည်။
တိုက်ပွဲအတွင်း မြို့အနောက်မြောက်ဘက် ၈ မိုင်ခန့် အကွာရှိ နန့်သာရွာ စစ်စခန်း၊ မြို့အရှေ့ဘက် ၄ မိုင်ခန့်အကွာ နဘားလမ်းဆုံရှိ စစ်စခန်းတို့ကို စစ်ကောင်စီတပ် ဆုံးရှုံးလိုက်ရသည်ဟု ဆိုသည်။
နဘားလမ်းဆုံမှ မော်လူးနှင့် ကသာမြို့များသို့ သွားနိုင်ပြီး စစ်ရေးအရအချက်အချာကျသည့် ထိုလမ်းဆုံတွင် စစ်ကောင်စီတပ် သုံးနှစ်ကျော်ကြာ တပ်စွဲခဲ့သည်။
လတ်တလောတွင် မြို့အတွင်းရှိ ပညာရေးမှူးရုံးအနီး၊ ဂျပန်ခေတ်ဆေးရုံဟောင်းတို့ရှိ စစ်စခန်းများကို တော်လှန်ရေးအင်အားစုက ဆက်လက်တိုက်ခိုက်နေသည်ဟု သိရသည်။
“မြို့တွင်းတိုက်ပွဲက ဖြစ်နေဆဲပေါ့နော်၊ နောက်ပြီးတော့ စစ်ကောင်စီတပ်စခန်းအချို့လည်း ရထားတယ်၊ အခုလက်ရှိ ကျန်တာကတော့ တပ်မ(၇၇)အထိုင်ချထားတဲ့ စစ်တပ်ကုန်းပေါ့” ဟု ထိုနေရာတွင် ရောက်ရှိနေသည့် ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။
ဩဂုတ် ၁၆ ရက်နေ့တွင် စစ်လေယာဉ် လာရောက် ဗုံးကြဲခဲ့သလို နောက်တစ်နေ့တွင်လည်း စစ်လေယာဉ် ၆ ကြိမ် ရောက်လာပြီး ဗုံးအလုံးရေ ၂၀ ကြဲချခဲ့သည်ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
“ပြည်သူတွေလည်း အထိအခိုက်ရှိပါတယ်၊ နဘားဘက်မှာဆိုရင် ပြည်သူ အသေအပျောက်ပါရှိတယ်၊ ထိခိုက်ဒဏ်ရာရတာလည်းရှိတယ်” ဟု သူက ဆိုသည်။
“ အင်းတော်မြို့တွင်းမှာလည်း ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်၊ အခုလက်ရှိမှာတော့ အင်းတော်မြို့တွင်းမှာ ပြည်သူတွေမရှိတော့ပါဘူး”
ဗုံးကြဲတိုက်ခိုက်မှုကြောင့် နဘားကျေးရွာအပြင် အင်းတော်မြို့ပေါ်ရှိ ဒေသခံနေအိမ်များလည်း ထိိခိုက်ပျက်စီးသည်ဟု သိရသည်။
အင်းတော်တိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များအပြင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကျောင်းသားတပ်မတော်(ABSDF)လည်း ပါဝင်တိုက်ခိုက်နေသည်။
မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခြင်းမရှိသေးဟု ABSDF ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ကျော်လင်းက ပြောသည်။
လက်ရှိအချိန်တွင် အင်းတော်မြို့ကို စစ်ကောင်စီတပ်က ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အတွက် မြေပြင်အခြေအနေကို အသေးစိတ်မသိနိုင်သေးဟုလည်း သူက ဆိုသည်။
ဩဂုတ် ၁၅ ရက်နေ့မှစတင်ကာ အင်းတော်မြို့ပေါ်ရှိဒေသခံများနှင့် မြို့အနီးရှိ ကျေးရွာအချို့မှ ဒေသခံ ၂၀,၀၀၀ ကျော်မှာ နီးစပ်ရာ ကျေးရွာများနှင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
အင်းတော်မြို့သည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်မျဉ်းအနီး၊ ရွှေဘို-မြစ်ကြီးနား လမ်းပေါ်တွင် တည်ရှိပြီး ကချင်ပြည်နယ်သို့ ဝင်ရောက်နိုင်သည့် အဓိက ဝင်ပေါက်မြို့ဖြစ်သည်။
အင်းတော်မြို့မြောက်ဘက် မိုင် ၅၀ ကျော်အကွာတွင်ရှိသည့် မော်လူးမြို့ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် KIA, ABSDF နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီးဖြစ်သည်။
အင်းတော်မြို့အခြေအနေနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိပေ။
အင်းတော်နှင့်အပြိုင် ပင်လည်ဘူးမြို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။
ဩဂုတ် ၁၈ ရက်နေ့ နံနက်ကလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီထိုးစစ်ကြောင့် ထိုနေ့တွင်ပင် မြို့ကို ပြန်လည် လက်လွှတ်ခဲ့ရသည်။
ပြည်နယ်များတွင် ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်တို့က အခြားတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းက မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသလို စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေပြည်အေး၊ ခမ်းပတ်၊ မော်လူးနှင့် မြို့သစ်မြို့၊ မန္တလေးတိုင်းအတွင်းမှ စဉ့်ကူးမြို့တို့ကိုတော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။