ရန်ကုန်- ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား အစိုးရအပေါ် မဟုတ်မမှန် အချက်အလက်များထည့်သွင်းဟောပြောသည်ဟု ဆိုကာ အရေးယူပေးရန် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည့် အမှုကို မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် ယနေ့ ပဏာမ လက်ခံလိုက်သည်။
အစိုးရနှင့်ပတ်သက်ပြီး မဟုတ်မမှန်သတင်းအချက်အလက်များ ဟောပြောသည်ဟုဆိုကာ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ပျော်ဘွယ်မဲဆန္ဒနယ် အမှတ်(၁) ကိုယ်စားလှယ် ဦးတင်စိုးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ရမည်းသင်းခရိုင် ဒုတိယဥက္ကဋ္ဌ ဦးညီညီလွင်က ပြီးခဲ့သည့် ဒီဇင်ဘာလ တတိယပတ်အတွင်း ပျော်ဘွယ်မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားပြီးနောက် တရားရုံးက ယင်းကဲ့သို့ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဦးတင်စိုးသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ပျော်ဘွယ်မြို့နယ် ကြက်တည်ကျေးရွာ၌ကျင်းပသည့် ဟောပြောပွဲတစ်ပွဲတွင် အစိုးရကို အကြည်ညိုပျက်စေသည့် အသုံးအနှုန်းများ၊ ဘာသာရေးနှင့်လူမျိုးရေး ကိစ္စများ၊ ပြည်သူလူထုကို အထိတ်တလန့်ဖြစ်အောင် ဟောပြောသည့်ကိစ္စများပါရှိသည်ဟုဆိုကာ ဦးညီညီလွင်က ပျော်ဘွယ်မြို့နယ် တရားရုံးထံ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် ၁၁ မိနစ်ကျော်ကြာ ရုပ်သံဖိုင်တစ်ဖိုင်တွင် ဦးတင်စိုးက “ကြံ့ခိုင်ရေးက လွှတ်တော် ကိုယ်စားလှယ်တွေက ပြည်သူလူထုရဲ့ဆင်းရဲမွဲတေမှုတွေကို လွှတ်တော်မှာ မဲခွဲပေးတယ်။ အဆိုတင်တယ်။ မဲခွဲတော့ NLD က ကန့်ကွက်တယ်။ ခင်ဗျားတို့ကြီးပွားချမ်းသာမယ့် ကိစ္စကို NLD အစိုးရက လိုက်ပိတ်ပင်နေတဲ့ကိစ္စကိုပြောချင်တာ” ဟု ပြောကြားနေပုံ ပါရှိသည်။
ထို့ပြင် “နေပြည်တော်ကြီး ဘယ်သူတည်သွားလဲ။ အမြန်လမ်းကြီး ဘယ်သူဖောက်သွားလဲ။ ဦးသန်းရွှေပဲ ဖောက်သွားတာလေ။ တစ်မိုင်မှာ သိန်း ၆၀၀၀ ပဲကုန်တယ်လေ။ ကွန်ကရစ်လမ်းကော တံတားကော အပြီးအစီး။ အခုဒီအစိုးရက နိုင်လွန်ကတ္တရာလမ်းလေးခင်းတယ်။ ၆ လက်မထု ၄ လက်မထုလေးခင်းတာကို တစ်မိုင်ကို သိန်းပေါင်း ၂၇,၀၀၀ တဲ့။ ကွာသွားတဲ့ ၂၁,၀၀၀ က ဘယ်ရောက်သွားလဲသိလား။ ရခိုင်မှာရှိတဲ့ ကုလားတွေ အိမ်ဆောက်ပေးနေတာလေ။ ရခိုင်တွေ တအား အသတ်ခံရတယ်လေ။ ဒီအစိုးရဘာလုပ်လို့လဲ။ အဲ့ဒါကြောင့် ခင်ဗျားတို့ပြန်ခုန်ချ တိုင်းပြည်ဆင်းရဲမွဲတေနေတာက အဲ့ဒီလူတွေအရည်အချင်းမရှိလို့ဆိုတဲ့ကိစ္စ။ သူတို့အသုံးမကျတာကိုတော့ သူတို့မပြောဘူး” ဟု လည်း ယင်းရုပ်သံဖိုင်တွင်ပါရှိသည်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ကို တရားရုံးက ကနဦးပုဒ်မတပ် လက်ခံလိုက်ခြင်းဖြစ်ပြီး လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့ကို ဦးတင်စိုးကို စစ်ဆေးရန် ထပ်မံချိန်းဆိုလိုက်ကြောင်း NLD ရမည်းသင်းခရိုင် ဒုဥက္ကဋ္ဌ ဦးညီညီလွင်က Myanmar Now ကိုပြောသည်။
“ဒါက သူဖြစ်သင့်ဖြစ်ထိုက်တဲ့ပုဒ်မကို တရားသူကြီးက တပ်ပေးလိုက်တာပဲ။ ဒီလိုပဲမြင်တယ် အာမခံအတွက်ကတော့ သူကဆင့်စာနဲ့သွားမယ်ပြောတယ်။ လာမယ့်ရုံးချိန်းကျမှ သူ့ကိုခေါ်စစ်မယ်လို့ ပြောတယ်” ဟု ဖုန်းဖြင့်ပြောသည်။
ပုဒ်မ ၅၀၅ (ခ) သည် အာမခံပေးခွင့်မရှိသည့်ပုဒ်မဖြစ်သော်လည်း တရားရုံးအနေဖြင့် ပဏာမလက်ခံထားခြင်း ဖြစ်သဖြင့် လာမည့်ရုံးချိန်းတွင် အာမခံရရှိရန် မျှော်လင့်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဗဟို) မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။
“အာမခံ မရဘူး ရတယ်ဆိုတာ တရားသူကြီးရဲ့ဆင်ခြင်တုံတရားပေါ်မှာ မူတည်တယ်ဗျ။ တရားရုံးကလည်း ဦးတင်စိုးရဲ့ကျန်းမာရေးအခြေအနေ၊ သူတာဝန်ထမ်းဆောင်နေတဲ့ တာဝန်ဝတ္တရားကျေညက်မှု ဒီအပေါ်မှာ အာမခံရလိမ့်မယ်လို့လည်း ကျွန်တော်တို့က မျှော်လင့်ပါတယ်” ဟု ဇန်နဝါရီလ ၁၈ ရက်နေ့ညနေ က Myanmar Now ကိုဖုန်းဖြင့်ပြောသည်။
“အကောင်အထည်ဖော်စေတဲ့အဖွဲ့အစည်းအနေနဲ့ အခြေခံအချက်တွေ နားလည်ဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ရင် ပါတီစုံဒီမိုကရေစီစနစ်ဆိုတဲ့ဟာကြီးက တဖြည်းဖြည်းနဲ့ ပါတီကို မျိုးသုဉ်းအောင် သတ်နေသလားလို့ မေးခွန်းထုတ်ရင်း ၂၀၂၀ အတွက် အလွန်စိုးရိမ်တယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့ပြောချင်ပါတယ်” ဟု ၎င်းက ဆက်လက်ဆိုသည်။
အဆိုပါအမှုနှင့်ပတ်သက်ပြီး တိုင်ကြားခံရသူ ပျော်ဘွယ်မြို့ တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးကို ဆက်သွယ်ခဲ့သော်လည်း ၎င်း၏အမျိုးသမီးကသာ ဖုန်းဖြေကြားခဲ့ပြီး ခင်ပွန်းဖြစ်သူ ကျန်းမာရေးမကောင်းသဖြင့် ဖုန်းအဆက်အသွယ်မရနိုင်ကြောင်း Myanmar Now ကို ပြောသည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တွင် “နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်၎င်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်၎င်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခု ဖြစ်စေရန် အကြံရှိလျှင်၊ သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင်”နှစ်နှစ် အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပါရှိသည်။