
မြန်မာဘုရင်များ နောက်ဆုံး နန်းစိုက်ရာ နိုင်ငံအလယ်ပိုင်း မန္တလေးမြို့တွင် သေဆုံး၊ ပျောက်ဆုံးသူ အရေအတွက် တိုးလာနေသည်။
ဘာသာရေး၊ အထင်ကရနေရာများဖြင့်အမည်ကျော်ပြီး စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော စစ်ပွဲများကြောင့် အနယ်နယ်အရပ်ရပ်မှ စစ်ရှောင်များ ခိုလှုံရာနေရာလည်း ဖြစ်နေသော မန္တလေးသည် အခက်ကြုံနေရသည်။
နေရပ်စွန့်ခွာကာ ပိုင်ဆိုင်သမျှကို တစ်နိုင်တပိုင်သယ်ယူ၍ ထွက်ပြေးလာသော စစ်ရှောင်များအနေဖြင့် မန္တလေးမြို့တွင် သဘာဝဘေးဒဏ်ပါ ခံစားခဲ့ကြရခြင်းဖြစ်သည်။
ယနေ့အထိ စစ်ကောင်စီက လုံလောက်သော အရေးပေါ်စောင့်ရှောက်မှုများ မပေးသဖြင့် ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေရကြောင်း မြို့ခံများက ပြောကြသည်။
ယမန်နေ့က အင်အားပြင်းငလျင်လှုပ်ခတ်သွားသောကြောင့် သေဆုံးသူ ၁၆၀၀ ကျော်ရှိလာပြီး ဒဏ်ရာရသူ ၃၀၀၀ ကျော်ရှိလာကာ မန္တလေးတိုင်းတွင် လူအသေအပျောက်အများဆုံးဖြစ်ခဲ့သည်ဟု စစ်ကောင်စီ ကောက်ယူထားသောစာရင်းများအရ သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ ငလျင်ဘေးဒဏ် ကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၃၄၀၈ ဦး၊ ဒဏ်ရာရရှိသူစုစုပေါင်း ၂၄၀၈ ဦး၊ ပျောက်ဆုံးနေသူ ၁၃၉ ဦးရှိပြီး အသေးစိတ်စာရင်းများအား ဆက်လက်ကောက်ယူလျက်ရှိကြောင်း ယနေ့ မတ် ၂၉ ရက်နေ့ ည ၈ နာရီတွင် စစ်ကောင်စီက ထုတ်ပြန်ထားသည်။
သံဃာများ၊ သီလရှင်များ၊ မွတ်စလင်ဘာသာဝင်များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ အပါ အဝင် သေဆုံးသူ အများအပြားရှိကာ သေဆုံးသူအရေအတွက် ထပ်တိုးလာဖွယ်ရာရှိနေသည်။
ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိသည် ငလျင်လှုပ်ဒဏ်ကို မြန်မာနိုင်ငံအနှံ့အပြားမှာ ခံစားခဲ့ရပြီး နိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ အဓိက ခံစားခဲ့ ရသည်။
မန္တလေးမြို့တွင် အဆောက်အဦများ ပြိုကျပျက်စီးကာ ပိတ်မိနေသူ အများအပြားရှိပြီး မန္တလေးမြို့ အထင်ကရနေရာများပါ ပြိုလဲပျက်စီးခဲ့ကာ ယနေ့အထိ အရေးပေါ် ကူညီကယ်ဆယ်မှုများ လိုအပ်နေ သည်။
အရေအတွက် မည်မျှသေဆုံးသည်ကို တိတိကျကျမသိနိုင်သေးဘဲ ပျောက်ဆုံးသူ၊ အပြိုအပျက်များ အောက် ကျန်ရှိနေသူများရှိကာ အများစုသည် ငလျင်နောက်ဆက်တွဲ ငလျင်ငယ်များ၊ မီးလောင်မှု များဒဏ် စိုးရိမ်နေရသည်။
ငလျင်ဒဏ် အပြင်းအထန်ခံခဲ့ရသည့် မန္တလေးမြို့ပေါ်တွင် လျှပ်စစ်မီးများပျက်နေသလို စက်သုံးဆီ တန်းစီ ရသောကြောင့် ယာဥ်ကြောပိတ်ဆို့မှုများရှိနေသည့်ကြားမှ ကယ်ဆယ်ရေးလုပ်ငန်းများကို လူမှုကူညီရေး အသင်းအဖွဲ့များ၊ လုပ်အားပေးကူညီသူများဖြင့် ဆက်လက်လုပ်ကိုင်နေကြရသည်ဟု သိရသည်။
“ ကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်။ သံနောက်၊ စိန်ပန်းရပ်ကွက်။ မဟာအောင်သံနောက်ရပ်ကွက် က တစ်ရပ်ကွက်လုံး ပြာကျသွားတယ်။ မြေကြီးကကို မီးတွေထွက်တာလို့ ပြောကြတယ်။ အနောက် ပိုင်းမှာ လမ်းတွေပိတ်ချထားပြိး ကယ်ဆယ်ရေးလုပ်နေကြတယ်” ဟု မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက မတ် ၂၉ ရက်နေ့ မွန်းလွဲပိုင်းအခြေအနေကို ပြောသည်။

“ ဘုန်းကြီးကျောင်းတွေ၊ မြစ်ကမ်းဘေးတွေ၊ ဓမ္မာရုံ၊ ကွင်းပြင်တွေမှာ ဖျာခင်းထိုင်နေကြတယ်။ မီးဖိုနဲ့ ချက်ပြုတ်စားသောက်နေကြတယ်။ ဖွင့်တဲ့ ဆီဆိုင်က ၂၊ ၃ ဆိုင်လောက်ပဲရှိတယ်။ တိုးဝယ်နေကြတယ်။ မီးတွေလည်း ပျက်နေတယ်။ ပြိုကျနေတဲ့ တိုက်တွေနေမှာ ကယ်ဆယ်ရေးလုပ်နေကြတယ်။ အိမ်နားက ကုလားကျောင်း၊ ၄၁ လမ်း၊ ပန်းဆက်ဗလီကြားမှာ ၆ လောင်းရှိတယ်။ ယာဥ်လိုင်းတွေ မထွက်ဘူး”
ယမန်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲ ငလျင်ငယ် များလှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း ၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်အရှေ့မြောက် ဒေသ ၊ နေပြည်တော်၊ ပဲခူးတိုင်းတို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး တံတား ၃ ခု၊ နေအိမ် ၁၅၀၀ ကျော်၊ ဘုန်းကြီးကျောင်း ၆၇၀ ၊ စာသင်ကျောင်း ၆၀ ကျောင်း၊ စေတီ ၂၉၀ ဆူတို့ ပျက်စီးခဲ့သည်ဟု စစ်ကောင်စီ၏ ယနေ့ မွန်းတည့် ချိန်ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါငလျင်ဒဏ်သင့်သည့်နေရာဒေသများကို အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှု ကော်မတီမှအရေးပေါ်အခြေအနေအဖြစ် စစ်ကောင်စီက ကြေညာထားသည်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့နံနက်တွင် မန္တလေးမြို့သို့ ရဟတ် ယာဉ်ဖြင့်ရောက်ရှိနေကာ ငလျင်ဒဏ်ခံရသောနေရာများ လိုက်လံကြည့်ရှုနေသည်။

နိုင်ငံအလယ်ပိုင်း မန္တလေးမြို့သည် မြန်မာဘုရင်များ နောက်ဆုံး နန်းစိုက်ရာမြို့ဖြစ်သလို ဘာသာရေး၊ အထင်ကရနေရာများဖြင့်အမည်ကျော်ပြီး စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသောစစ်ပွဲများ ကြောင့် အနယ်နယ်အရပ်ရပ်မှ စစ်ရှောင်များ ခိုလှုံရာနေရာလည်း ဖြစ်နေသည်။
နေရပ်စွန့်ခွာကာ ပိုင်ဆိုင်သမျှကို တစ်နိုင်တပိုင်သယ်ယူ၍ ထွက်ပြေးလာသော စစ်ရှောင်များအနေဖြင့် မန္တလေးမြို့တွင် သဘာဝဘေးဒဏ်ပါ ခံစားခဲ့ကြရခြင်းဖြစ်သည်။
ယနေ့အထိ စစ်ကောင်စီက လုံလောက်သော အရေးပေါ်စောင့်ရှောက်မှုများ မပေးသဖြင့် ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေရကြောင်း မြို့ခံများက ပြောကြသည်။

စစ်ကိုင်းမြို့
ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်းမြို့တွင် ပျက်စီးထိခိုက်မှုများပြားကြောင်း သိရပြီး မင်းကွန်းပုထိုး တော်ကြီး၊ မြသိန်းတန်စေတီကဲ့သို့သော အထင်ကရများအပြင် စာသင်တိုက်များ၊ ဗလီများ ပြိုကျ ပျက်စီး မှုများရှိကြောင်း သိရသည်။
ငလျင်လှုပ်သည့် မတ် ၂၈ ရက်နေ့က သံဃာအပါး ၆၀၀ ခန့်ရှိ ဇိနေဒယစာသင်တိုက်ပြိုကျခဲ့ပြီး သီလရှင် ကျောင်းတစ်ကျောင်းလည်း ပြိုကျပျက်စီးခဲ့သည်။
သီလရှင်ကျောင်းအုပ် သေဆုံးခဲ့ပြီး ထိခိုက်သူ ရာဂဏန်းရှိကြောင်း၊ အခြားကျောင်းတိုက်များလည်း ပြိုပျက်ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
စာသင်သား ၃၀၀ ခန့်ရှိ လေးကျွန်းမြေအုဋ်ကျောင်း ပြိုကျခဲ့ပြီး ပိတ်မိနေသူများရှိသလို မြတ်ကိုယ်ပိုင် ကျောင်း ပြိုကျခဲ့ကာ ပိတ်မိနေသူများရှိကာ ပျောက်ဆုံးနေသူများလည်း ရှိသည်ဟု သိရသည်။
တစ်မြို့နီးပါးလုံးပြိုပျက်နေပြီး မင်းလမ်းဗလီပြိုကျခဲ့ကာ လူရာဂဏန်း သေဆုံးနိုင်၍ သေဆုံးသူ ပိုများပြားလာနိုင်သည်ဟု ဆိုသည်။
မန္တလေးမြို့နှင့် ဆက်သွယ်ထားသည့် ဧရာဝတီမြစ်ကူးတံတားများဖြစ်သော ရတနာပုံတားနှင့်အင်းဝ တံတား ၂ စင်းအနက် တံတားဟောင်း အင်းဝတံတား ပြိုကျခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ရတနာပုံတံတားကို အသွားအလာရပ်ဆိုင်းထားပြီး လူနာတင်ကားများ ကိုသာ ဖြတ်သန်းခွင့်ပြုထားကြောင်း ၊ သစ်ဆိပ်နှင့်ရွှေကြက်ယက်မြစ်ဆိပ်များမှတဆင့် ဇက်ကူးကာ ဖြတ်သန်းခွင့်ပြုကြောင်း သိရသည်။

ပျဉ်းမနား
ငလျင်ဒဏ်ကြောင့် ပျဉ်းမနားမြို့တွင်လည်း ထိခိုက်ပျက်စီးမှုများပြားပြီး ရုပ်အလောင်း ၄၀ ကျော် ရရှိ ထားပြီး အများပြားပိတ်မိနေကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေကြောင်း ကယ်ဆယ်ရေးလုပ်ပေးနေသည့် အဖွဲ့များထံက သိရသည်။
“အလောင်း ၄၀ ဝန်းကျင်လောက်တော့ အပြင်ထုတ်ပြီးပြီ။ မဖော်ရသေးတာ အများကြီး ကျန်သေးတယ်။ ထိခိုက်ပျက်စီးမှုအများစုကတော့ နေပြည်တော်တဝိုက်ဆိုရင် ပျဉ်းမနားကအများဆုံးပဲ။ ပျဉ်းမနားက လူနေအိမ်တွေ၊ ဆိုင်တွေ အောက်မှာပိနေတော့ မခန့်မှန်းတတ်ဘူး”ဟု ကယ်ဆယ်ရေး လုပ်ငန်းများဆောင် ရွက်နေသည့် ဆန်ရေလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရှာဖွေကယ်ဆယ်ရေးလုပ်နေသော်လည်း အများစုမှာ ရုပ်အလောင်းများကို ထုတ်ယူနိုင်သည့် အခြေ အနေဖြစ်နေသည်ဟု ၎င်းကဆိုသည်။
“ အဓိကတော့ လူနာကနည်းသွားပြီ။ DB က များနေတာ။ DB လိုက်ရှာတဲ့အလုပ်ပဲဆက်လုပ်နေတယ်။ တောက်လျှောက်လုပ်နေတုန်းပဲ ခုချိန်ထိပဲ။ မနေ့ညက လည်း ကယ်နိုင်တယ်။ ဒီနေ့မနက်လည်း လူနာ ၂ ယောက် ကယ်နိုင်တယ်။ အသံကြားတဲ့နေရာကို အရင်သွားတယ်။ အသံမကြားတာကို နောက်မှ ယန္တရားနဲ့ သွားဖော်တယ်”
ယမန်နေ့က ငလျင်အပြီး နောက်ဆက်တွဲငလျင်ရန် ထိတ်လန့်မှုကြောင့် နေအိမ်များတွင် မအိပ်ရဲဘဲ ပြင်ပ တွင် ညအိပ်ခဲ့ကြသည်ဟု ၎င်းက ဆက်ပြောသည်။

ဗလီပြိုကျမှုများ
အင်အားပြင်း ငလျင်ကြောင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတို့မှ ဗလီ ၅၀ ထက်မနည်း ပြိုကျက်ပျက်စီးခဲ့ပြီး၊ ထိုအဖြစ်အပျက်များကြောင့် အနည်းဆုံး ၂၅၀ ကျော်သေဆုံးနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ခန့်မှန်းသည်။
သေဆုံးသူအရေအတွက်သည် မန္တလေးနှင့် စစ်ကိုင်းတို့မှလာသည့် သတင်းများကို အခြေခံပြောဆိုခြင်းဖြစ်ပြီး အရေအတွက်ထပ်မံတိုးလာနိုင်သည်ဟုလည်း အသင်းမှတာဝန်ရှိသူတစ်ဦးကဆိုသည်။
“အခုချိန်အထိ အဆောက်အဦးပျက်တွေကို မဖယ်ရှားနိုင်သေးဘူး။ ယန္တယားတွေကလည်း မလောက်လို့လေ။ အိမ်တွေ၊ ဗလီတွေမှာရော မြုပ်ထားတာ ဘယ်လောက်ရှိပါပြီဆိုပြီးတော့ပဲ ရေတွက်နိုင်သေးတယ်။ အဆောက်အဦးတွေပြိုနေတဲ့နေရာတွေက ဆွဲထုတ်လို့မရသေးဘူး”ဟု အဖွဲ့ဝင်တစ်ဦးက ဖုန်းမှတဆင့် ဖြေကြားသည်။
ငလျင်လှုပ်ချိန်နှင့် ဝတ်ပြုနေချိန် တိုက်ဆိုင်သွားသဖြင့် သေဆုံးသူများပြားခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုအတွင်း လူသေဆုံးမှုများပြားခဲ့သည့် ဗလီများမှာ မန္တလေးတိုင်း ကျောက်ဆည်မြို့ရှိ ဆူးလေကုန်းဗလီ၊ တောင်ဆင်ကျုံးဗလီ၊ မန္တလေးမြို့ အနောက်အပ်ချုပ်ဗလီ၊ ရွှေဘုန်းရှိန်ဗလီ၊ ပဲခူးတိုင်း တောင်ငူမြို့ ကန်တော်ဗလီတို့များဖြစ်သည်ဟု အခြားဒေသခံတစ်ဦးကလည်း ပြောသည်။
မန္တလေးတိုင်း ၊ အမရပူရမြို့နယ် ၊ ဗုံးအိုးရွာရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရာ ဗလီ ၉ လုံးထိခိုက်ပျက်စီးသွားသည်။ ငလျင်ဒဏ်ကြောင့် သေဆုံးသွားသော အစ္စလာမ်ဘာသာဝင်များကို ဓလေ့ထုံးတမ်းအတိုင်း မြေမမြုပ်နိုင်ဘဲ အစုလိုက်မြေမြှုပ်သင်္ဂြိုလ်ထားရကြောင်း ဗုံးအိုးရွာအခြေအနေသိသည့် သတင်းရင်းမြစ်အမျိုးသားတစ်ဦးက ပြောသည်။
ဟာဂျီလင်းဗလီ ၊ ဈေးထိပ်ဗလီ ၊ သံပုရာခြံဗလီ ၊ အပ်ချုပ်ဗလီ ၊ အရှေ့ဗလီ ၊ အလယ်ဗလီ ၊ မြောက်ဗလီ ၊ သာလေစွဗလီ ၊ ကိုယ်ရံတော် ဗလီတို့အနက် ဟာဂျီလင်းဗလီနှင့် အလယ်ဗလီသည် လုံးဝနီးပါး ပျက်စီးသွားကြောင်း ဗုံးအိုးရွာအခြေအနေသိသည့် သတင်းရင်းမြစ်အချို့က ဆိုသည်။
ဗုံးအိုးရွာရှိ ဗလီများပြိုကျသောကြောင့် သေဆုံးသွားသူ ၂၀၀ ကျော်ရှိပြီး ကယ်ထုတ်နိုင်ခဲ့သူလည်း ၂၀၀ ကျော်ရှိကြောင်း သိရသည်။
သေဆုံးသွားသူများကို မတ်လ ၂၈ ရက်ညပိုင်းမှာပင် မြှုပ်နှံသင်္ဂြိုလ်လိုက်ရကြောင်း ဗုံးအိုးရွာအခြေအနေသိသည့် သတင်းရင်းမြစ်ကဆိုသည်။
၎င်းက “ညက လူ ၂၀၀ ကျော်မြှုပ်နှံပြီးပြီ။ ကျင်းတစ်ကျင်းမှာ လူ ၅ ဦးနှုန်းနဲ့မြှုပ်နှံရတယ်။ တကယ်ဆိုရင် ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ထုံးတမ်းအစဉ်အလာအရ ကျင်းတစ်ကျင်းမှာ တစ်ယောက်ပဲ မြုပ်နှံတာ။ ဒီလိုမျိုး ၅ ယောက်တွေဘာတွေ မြှုပ်နှံတာတော့မဟုတ်ဘူးပေါ့။ အခုက လူအရမ်းများတဲ့အတွက် ၅ ယောက်တစ်ကျင်းမြှုပ်နှံရတယ်” ဟု ဆိုသည်။
မတ်လ ၂၉ ရက်နံနက်ကလည်း ငလျင်ဒဏ်ကြောင့် အဆောက်အအုံများအောက် ရောက်နေသည့် လူ ၁၂ ဦးကို ထပ်မံဆွဲထုတ်နိုင်ခဲ့ကြောင်း ၊ သို့သော်လည်း အဆိုပါ ၁၂ ဦးသည် အသက်ဆုံးရှုံးထားပြီးဖြစ်နေကြောင်း ဗုံးအိုးရွာအခြေအနေသိသည့် သတင်းရင်းမြစ် အမျိုးသားက ဆိုသည်။
၎င်းက “တိုက်တွေ အဆောက်အအုံတွေများတော့ ဒီအုတ်နံရံတွေကို လူအားနဲ့ရွှေ့ဖို့က ဘယ်လိုမှအဆင်မပြေဘူး။ မန္တလေးမှာလည်း ထိုနည်းလည်းကောင်းပဲ အောက်တွေမှာ ပိနေတဲ့သူတွေကအများကြီးပဲ။ ဗုံးအိုးမှာလည်း အများကြီးပဲ အခုထိထုတ်နေတုန်း ၊ တူတွေနဲ့ ထုရိုက်ခွဲ ၊ စက်တွေကမရှိ ၊ ဖုန်းလိုင်းတွေကလည်း မရှိ။ အဲဒါလူအင်အားနဲ့ပဲ ထုရိုက်ခွဲ နဲ့ပဲ ရသလောက်ဆွဲထုတ်လုပ်နေရတယ်” ဟုဆိုသည်။
သေဆုံးသွားသူများကို အစုလိုက်မြှုပ်နှံနေရခြင်းသည် မြေမြှုပ်ရန် နေရာမရှိသောကြောင့်မဟုတ်ဘဲ အချိန်မရသောကြောင့်ဖြစ်ကြောင်း ဗုံးအိုးရွာအခြေအနေသိသည့် သတင်းရင်းမြစ် အမျိုးသားက ပြောသည်။
၎င်းက လက်ရှိတွင် ငလျင်ဒဏ်ကြောင့် နေအိမ်အဆောက်အအုံပျက်စီးသွားသူများကို ဗုံးအိုးဘောလုံးကွင်းတွင် နေရာချထားပြီး အစားအစာနှင့် သောက်ရေများလည်း လိုအပ်နေကြောင်း ၎င်းက ဆိုသည်။
ဗုံးအိုးရွာအခြေအနေသိသည့် သတင်းရင်းမြစ် အမျိုးသားက “ဗုံးအိုးမှာ လူတွေထမင်းမစားရသေးဘူး။ ဘောလုံးကွင်းထဲမှာ ဒုက္ခသည်စခန်းဖွင့်ပေးထားတယ်။ လူတွေအားလုံး ရွက်ဖျင်တဲလေးတွေထိုးပြီးနေကြရတယ်။ တာလပတ်တွေမိုးပြီး ဘောလုံးကွင်းထဲမှာ စုနေကြရတယ်။ ပြိုကျပျက်စီးသွားတဲ့နေရာကိုလည်း ဘယ်သူမှ သွားလို့မရဘူး။ ထုရိုက်ပြီးဆွဲထုတ်နေတယ်။ တချို့ဟာတွေကလည်း လူအားနဲ့ဆွဲထုတ်လို့မရဘူး။ စက်တွေနဲ့မှရမှာ” ဟု ပြောသည်။
မြေငလျင် လှုပ်ခပ်နေချိန်က နေပြည်တော်ကောင်စီ နယ်မြေ လယ်ဝေးမြို့နယ် စျေးဗလီတွင် ဝတ်ပြု နေသည့် အစ္စလာမ် ဘာသာ ဝင်များထဲတွင် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းလည်း တစ်ဦး အပါအဝင်ဖြစ်သည်။
သူ ဝတ်ပြုဆုတောင်းနေချိန်တွင် မြေငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၅ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့သည်၊ ဗလီ အဆောက်အုံအတွင်းမှ ထွက်ပြေး လွတ်မြောက်လာခဲ့သော်လည်း ဒဏ်ရာရရှိခဲ့၍ ဆေးကုသမှု ခံယူနေရသည်။
စစ်အာဏာရှင်အဆက်ဆက်က ပြုပြင်ထိန်းသိမ်းခွင့်မပြုသောကြောင့် ဗလီပြိုကျမှုအတွင်း အစ္စလာမ် ဘာသာဝင် ရာနှင့်ချီသေဆုံးရခြင်းဖြစ်သည်၊ ပြိုကျပျက်စီးသွားသည့် ဗလီအများစုမှာ မြန်မာဘုရင်များ လက်ထက်ကပင် တည်ဆောက်ထားခဲ့ခြင်းဖြစ်သည့် နှစ်ရာကျော်သက်တမ်းရှိ ရှေးဟောင်းအမွေအနှစ်များ ဖြစ်သည်ဟု ဦးအောင်သိန်းက ပြောသည်။
“ဒီမှာ ဝတ်ပြုဆုတောင်းမယ့်နေရာဗျာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဗျာ။ အဲဒီလို နေရာမျိုးကို အကြီးစားပြင်ဆင် ခွင့်ကတော့ ဘယ်မှာမှ မရခဲ့ဘူး။ တစ်ချို့ အသေးစားတောင်မှ နှစ်နဲ့ချီပြီးကြာအောင် ခွင့်ပြုချက် တောင်းရတယ်” ဟု ၎င်းက အခြေအနေကို ပြောပြသည်။

နိုင်ငံတကာ အကူအညီများ
စစ်ကောင်စီကို အမေရိကန်၊ ဥရောပသမဂ္ဂ (EU) အပါအဝင် ၎င်း၏ မဟာမိတ်များဖြစ်သော တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံများက အကူအညီပေးရန် ပြောထားကြသည်။
မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ဒေသများတွင်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တရုတ် နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင် ၃၇ ဦးသည် ရှာဖွေကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများဖြင့် ယနေ့ ရောက်ရှိလာကြသည်။
တရုတ်အစိုးရက မြန်မာငလျင်အတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီ အဖြစ် ယွမ်သန်း ၁၀၀ ကူညီပေးမည်ဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့ ၂ ဖွဲ့ စေလွှတ်မည်ဖြစ်ကြောင်း တရုတ်မီဒီယာတွင် ယနေ့ ရေးသားဖော်ပြ ထားသည်။
မြန်မာနိုင်ငံတွင် ရွက်ဖျင်တဲများ၊ စောင်များ၊ ရှေးဦးသူနာပြုစုနည်းများ၊ အစားအစာ၊ သောက်ရေ အစရှိသည်တို့ကို အရေးပေါ် လိုအပ်နေကြောင်း ပါရှိသည်။
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်ကလည်း မြန်မာနိုင်ငံတွင် မြေငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ စစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ သဝဏ်လွှာပေးပို့ခဲ့ပြီး မြန်မာနိုင်ငံအတွက် လိုအပ် သော အကူအညီများပေးအပ်ရန်နှင့် ပြည်သူနေအိမ်များကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရန် ကူညီပေးသွားရန် ဆန္ဒရှိကြောင်း ပြောခဲ့သည်။
အလားတူ အိန္ဒိယအစိုးရက ပေးပို့သော မြန်မာနိုင်ငံရှိငလျင်ဒဏ်သင့်ပြည်သူများအတွက် ပေးပို့လိုက် သည့် ကူညီကယ်ဆယ်ရေးပစ္စည်းများကို လေယာဉ်ဖြင့် ယနေ့ ရောက်ရှိလာသည်။
ခေါက်ဆွဲခြောက်၊ Solar မီးအိမ်၊ မီးဖိုချောင်သုံးပစ္စည်း၊ တကိုယ်ရည်သုံးပစ္စည်း၊ မီးစက်၊ ဆေးရုံသုံးပစ္စည်း၊ တာပေါ်လင်၊ စောင်၊ခြင်ထောင်ပလပ်စတစ်အိတ်မျိုးစုံတို့ပါဝင်သည်ဟု စစ်ကောင်စီထုတ်ပြန်ချက်အရ သိရသည်။
ရုရှားအစိုးရကလည်း ရှာဖွေကယ်ဆယ်ရန်ကယ်ဆယ်ရေးဝန်ထမ်း၁၂၀နှင့် ကယ်ဆယ်ရှာဖွေရေးခွေးများ၊ ကယ်ဆယ်ရေးအထောက်အကူပစ္စည်းများဖြင့် ယနေ့ ထွက်ခွာလာသည်ဟု သိရသည်။

စင်္ကာပူနိုင်ငံ မှ ကယ်ဆယ်ရေးအဖွဲ့ လည်း ရောက်ရှိကြပြီး ထိုင်းနိုင်ငံမှကယ်ဆယ်ရေးအဖွဲ့များလည်း လာရောက်မည်ဟု သိရသည်။
စိုးမိုးနယ်မြေများရှိ ငလျင်ဒဏ်သင့်ပြည်သူများကို NUG ကူညီပေးနေ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ငလျင်အတွက် အရေးပေါ်ကူညီနိုင်ရန် အလှူခံနေသလို တော်လှန်ရေးစိုးမိုးနယ်မြေများတွင် ငလျင်ဒဏ်သင့်ပြည်သူများကို ကူညီနိုင်ရန် ကြိုးပမ်းနေသည်။
ငလျင်ဘေးဒဏ်ကြုံရသည့် နယ်မြေများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)များ နယ်မြေခံတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး ကူညီဆောင်ရွက်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။
ယမန်နေ့က စစ်ကိုင်းမြို့အနီး ဗဟိုပြုသည့် ရစ်ချ်တာစကေး ၇. ၇ အင်အားရှိသည့် အင်အားပြင်း ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်တို့တွင် ထိခိုက်ပျက်စီးမှုများ များပြားခဲ့သည်။ ယနေ့နံနက်ပိုင်းအထိ ရစ်ချ်တာစကေး ၄ နှင့်အထက်ရှိသည့် နောက်ဆက်တွဲ ငလျင် ငယ် ၁၃ ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရက ထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးအုပ်ချုပ်နယ်မြေအတွင်း စစ်ကိုင်းမြို့နယ်တွင် ၁၈ ဦး၊ ရွေဘို မြို့နယ်တွင် ၄ ဦး၊ ဝက်လက်မြို့နယ်တွင် ၅ ဦး၊ စဉ့်ကူးမြို့နယ် ၂၁ ဦး၊ ယင်းမာပင်မြို့နယ်တွင် ၁ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူများ၊ ပျောက်ဆုံးသူများလည်း ရှိနေဆဲဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ယနေ့ နေ့လယ်ပိုင်းက ၎င်း၏လူမှုကွန်ယက် စာမျက်နှာမှ ထုတ်ပြန်သည်။
ရွှေဘိုမြို့နယ်ရှိ တော်လှန်ရေးအင်အားစုများထိန်းချုပ်နယ်မြေရှိ ဗလီတစ်ခုတွင် ဝတ်ပြု ဆုတောင်း နေချိန် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျမှုကြောင့် ၂ ဦးသေဆုံးကာ ၈ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ် လူ့အခွင့်အရေးတာဝန်ခံမှသိရသည်။
“သောကြာနေ့ ဝတ်ပြုဆုတောင်းနေချိန်မှာ ငလျင်ဒဏ်ကြောင့် အမိုးပေါ်က အလုံးပေါ့လေ။ အဲ့ဒါ ၃ လုံးပြုတ်ကျရာက ပိမိပြီး သေဆုံးတာ” ဟု ၎င်းကပြောသည်။
ဝက်လက်မြို့နယ်တွင်လည်း ငလျင်ဒဏ်ကြောင့် ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာအချို့တွင် အပျက် အစီးများရှိခဲ့ပြီး သံဃာ ၁ ပါး၊ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ကြောင်း Wetlet Information networkက ထုတ်ပြန်ထားသည်။
ငလျင်ဒဏ်ကြောင့် အရေးပေါ် ကူညီထောက်ပံ့မှုများလိုအပ်နေသူများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ ရေးနှင့် ပြန်လည်နေရာချထားရေးကိစ္စရပ်များ ဆောင်ရွက်နေကြောင်း NUG က ထုတ်ပြန်ထား သည်။
စစ်ကိုင်းမြို့နယ်အတွင်း ပအဖ၊ပကဖ၊ပလဖများပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင် ရွက်ခဲ့ကြသည်ကို ဓာတ်ပုံများဖြင့် ဖော်ပြထားသည်။
အလားတူ စစ်ကိုင်းတိုင်းအတွင်းရှိ ဗလီတစ်ခုတွင် ဝတ်ပြုဆုတောင်းနေချိန် ငလျင်လှုပ်ခတ်မှုကြောင့် ဗလီ အဆောက်အဦပြိုပြီး ၂ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် နယ်မြေတာဝန်ခံများက သေဆုံး သူ ၂ ဦးအတွက် ကျပ် ၂ သိန်း၊ ၊ ထိခိုက်သူ ၈ ဦးအတွက် ၄ သိန်းကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်သည်။
