
မြေငလျင်ဒဏ်သင့် မန္တလေးမြို့ခံအများအပြား နီးစပ်ရာ ပြင်ဦးလွင်မြို့သို့ သွားရောက်ခိုလှုံနေကြရာ အိမ်ငှားရမ်းခနှင့်ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်မှုကို ရင်ဆိုင်နေကြရသဖြင့် ခက်ခက်ခဲခဲ ရုန်းကန်နေကြရသည်။
ယခင် ကျပ် ၃ သိန်းပေးရသော အငှားအိမ်တစ်လုံးလျှင် ကျပ် ၁၀ သိန်းဝန်းကျင်အထိ တောင်းနေကြောင်း၊ ထမင်းတစ်ပွဲလျှင် ကျပ် ၅၀၀၀ အထိကျသင့်နေသည်မှာ မဖြစ်သင့်ကြောင်း ယာယီခိုလှုံလာသော မန္တလေးမြို့ခံများက ပြောကြသည်။
“အိုးပိုင်အိမ်ပိုင်ဘဝကနေ ခုလိုဒုက္ခသည်ဖြစ်လာရတာပါ။ ကိုယ်ချင်းစာနာကြစေချင်တယ်”ဟု မန္တလေး မြို့ခံတစ်ဦးက အွန်လိုင်းလူမှုကွန်ရက်တွင် ဝေဖန်ထားသည်။
သဘာဝဘေးရှောင်တိမ်းသူ များပြားလာသဖြင့် မေမြို့ ခေါ် ပြင်ဦးလွင်တွင် လူနေထူထပ်နေသည်။
“ဘယ်နေရာသွားသွား၊ ဘယ်ဆိုင်ဝင်ဝင် လူတွေက ညပ်သပ်နေတယ်”ဟု ပြင်ဦးလွင်တွင် စစ်ရှောင်နေသော အသက်၂၀ အရွယ် မန္တလေးမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
နိုင်ငံအလယ်ပိုင်း မန္တလေးမြို့နှင့် မိုင် ၄၀ ကွာဝေးသော ပြင်ဦးလွင်မြို့သည် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၀၀၀ အကွာတွင်တည်ရှိပြီး အေးမြသောရာသီဥတု၊ သစ်ပင်ပန်းပင်များကြောင့် အပန်းဖြေမြို့တော်ဟု ကျော်ကြားသည်။
စစ်ဗိုလ်ချုပ်ကြီးများမွေးထုတ်ပေးရာ စစ်တက္ကသိုလ်ကြီးများရှိသည့်အတွက် တပ်မြို့ဟုလည်း ခေါ်ကြသည်။
ပြင်ဦးလွင်သည် မန္တလေးအနီး အခြားမြို့များနည်းတူ မြေငလျင်ဒဏ် အနည်းငယ်ခံခဲ့ရသော်လည်း ပျက်စီးထိခိုက်မှုများ မရှိပေ။
အိမ်ငှားရန်ခက်ခဲသလို ဟိုတယ်၊ ဧည့်ရိပ်သာ၊ တည်းခိုခန်းများလည်း ပြည့်နှက်နေပြီး အခန်းရရန် ခက်ခဲနေကြသည်။
Myanmar Now က ဖုန်းဆက်စုံစမ်းခဲ့သည့် ပြင်ဦးလွင်မှ ဟိုတယ်လင်းဆက်၊ Yadanarbon, Love, Tiger စသည့် ဟိုတယ်များ၊ အနီးစခန်းကျေးရွာမှ ရာပြည့်စံဧည့်ရ်ိပ်မွန်၊ ရတနာပုံဧည့်ရိပ်မွန်တို့က လာမည့်နေ့များအထိ ကြိုတင်အခန်းယူထားသူများနှင့်ပြည့်နေသည်ဟု ဖြေကြားကြသည်။
ပြင်ဦးလွင်မြို့ရှိ နေအိမ်များ၊ ကိုယ်ပိုင် အထက်တန်းကျောင်းများ၊ ဘာသာရေးအဆောက်အဦများထဲတွင် ရုတ်တရက်ရောက်လာသည့် ဒုက္ခသည်များကို အခမဲ့နေထိုင်ခွင့်ပေးထားသူများလည်းရှိရာ ထိုနေရာများတွင်လည်း လူများပြည့်နှက်နေသည်။
တိမ်းရှောင်လာသည့် အသက် ၆၀ အရွယ် မန္တလေးမြို့ခံတစ်ဦးက နောက်ဆက်တွဲငလျင်များ၏အန္တရာယ်ကြောင့် နေရပ်စွန့်ခွာခဲ့ရသည်ဟု ပြောသည်။
“ငလျင်က မငြိမ်သေးဘူး။ နေ့စဥ်လှုပ်နေသေးတယ်။ အဆောက်အဦတွေ ယဲ့ယဲ့တွေ ကျန်တော့တာ။ ထပ်ပြိုမှာစိုးလို့ မနေရဲဘူး”ဟု သူက ပြောသည်။
မတ်လ ၂၈ ရက်နေ့က မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ပြင်းအား ရချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် အထက်မြန်မာပြည်၏မြို့တော် မန္တလေးတွင် သေဆုံးသူများပြားခဲ့ပြီး ကယ်ဆယ်ရေးများဆက်လက်လုပ်ကိုင်နေရဆဲဖြစ်သည်။
အကြောင်းအမျိုးမျိုးကြောင့်ရှောင်တိမ်းရန် အခက်အခဲရှိသူများမှာလည်း မန္တလေးမြို့တွင်း ဓမ္မာရုံများ၊ မြေကွက်လပ်များ၊ ဘုန်းကြီးကျောင်းဝန်းများ၊ ကျုံးဘေးနေရာများ ၊ လမ်းလယ်ကျွန်း များတွင် အမိုးအကာတဲများပြုလုပ်ကာ ခိုလှုံနေကြသည်။
မန္တလေးတွင် ကယ်ဆယ်ရေးလုပ်ငန်းများဆက်လုပ်နေဆဲဖြစ်ပြီး စစ်ကောင်စီ၏အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနရုံး၊ နန်းတွင်း စစ်ဘက်ဆိုင်ရာအဆောက်အဦများရှိရာ အောင်မြေသာစံမြို့နယ် နေရာအချို့မှလွဲ၍ တစ်မြို့လုံး လျှပ်စစ်မီးများပြတ်တောက်နေသည်။
မြို့နယ်အများအပြား၌ အင်တာနက်လိုင်းများ ပြတ်တောက်နေသည့်အတွက် ဆက်သွယ်ရေးအခက်အခဲ များ ရှိနေကြသည်။လုယက်ဓားပြတိုက်မှု သတင်းများထွက်ပေါ်နေသည့်အတွက် မန္တလေးအနောက်ဘက်ရပ်ကွက်များတွင် မပျက်စီးသည့်နေအိမ်အဆောက်အဦများအတွက် အမျိုးသားများက တုတ်များကိုင်ဆောင်ကာ ညတိုင်း ကင်းစောင့်နေကြရသည်ဟု သိရသည်။
ဗီယက်နမ်၊ အိန္ဒိယ၊ တရုတ်၊ ရုရှား အပါအဝင် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့အများအပြား အထိနာခဲ့သည့် မန္တလေးတွင် ကူညီလုပ်ကိုင်နေကြသည်။
စစ်ခေါင်းဆောင်က ငလျင်အပြီး မန္တလေးမြို့နှင့်နေပြည်တော်သို့ သွားရောက်စစ်ဆေးခဲ့ပြီး စစ်တပ်နှင့် အခြားကယ်ဆယ်ရေးအဖွဲ့တချို့မှာ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် အများဆုံး ငလျင်ရှင်းလင်းရေးလုပ်နေသည်၊ ထိုပုံရိပ်များကို စစ်တပ်ဝါဒ ဖြန့်မီဒီယာများနှင့် စစ်တပ်လက်အောက်ခံ နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထားကြသည်။
မတ် ၂၈ ရက်နေ့မှ ဧပြီ ၃ ရက်နေ့ နံနက် ၁၀ နာရီကျော်အထိ သေဆုံးသူ ၃၀၀၀ ကျော်၊ ဒဏ်ရာရသူ ၄၅၀၀ ကျော်၊ ပျောက်ဆုံးသူ ၄၀၀ ကျော် ရှိလာသည်၊ ငလျင်အကြိမ်ရေ ၆၅ ကြိမ်အထိ လှုပ်ထားသည်ဟု စစ်ကောင်စီစာရင်းများအရ သိရသည်။